Saturday, January 11, 2020

ပြည်ထောင်စုဆိုသည်မှာ . . .

အယ်ဒီတာ့အာဘော်
-----------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစုများ မြောက်မြားစွာရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်း သားလူမျိုးများအားလုံး၏ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာ လျှင် တိုင်းရင်းသားလူမျိုးအားလုံး ကောင်းစားရေးအတွက် အာမခံနိုင်သော နိုင်ငံ ထူထောင်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ချစ်ကြည်ရေးနှင့်ညီညွတ်ရေးကို တည်ဆောက်ရာတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော အောက်ပါစကား ရပ်ကို လေးနက်စွာခံယူရပေမည်။
ဗိုလ်ချုပ်အောင်ဆန်းက "လူမျိုးဆိုသည်မှာ သုခ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်‌ဝေါ်ခြင်း သာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာ ဆန္ဒပေါ် တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏" ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ ဖဆပလ ညီလာခံသဘင် ကြီးတွင် မိန့်ကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ သောစကားရပ်မှ အဓိပ္ပာယ်များအတိုင်း မွေးမြူကျင့်သုံးကြရပေမည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားသည့် ဆိုလိုရင်းအဓိပ္ပာယ်မှာ တိုင်းရင်းသား လူမျိုးများအားလုံး မည်သို့ပင်မတူ ကွဲပြားခြားနားသော်လည်း အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်း နေထိုင်ကြရမည့် စိတ်ထားမွေးမြူကြရန် ပြောကြားခဲ့ခြင်းဖြစ်ပေသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇန်နဝါရီ ၉ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် စိန်ခေါ်မှု များကျော်လွှားနိုင်ရေးတို့ကို ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဆိုတာဟာ စိန်ခေါ်မှုပိုပြီးတော့များပါတယ်။ စည်းလုံးညီညွတ်မှုကို ကျွန်မတို့ တည်ဆောက်ဖို့ဆိုရင် ပိုပြီးတော့ ခက်ခဲ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ပြောတဲ့ဘာသာစကားကအစ မတူကြဘူး။ ဒီလိုကွဲပြားမှုတွေရှိတဲ့ အခါကျ တော့ နိုင်ငံတစ်နိုင်ငံ စည်းစည်းလုံးလုံးဖြစ်အောင် လုပ်ဖို့ဆိုတာဟာ စိန်ခေါ် မှုတွေ အများကြီးရှိနေပါတယ်။ သို့သော်ငြားလည်း ဒီစိန်ခေါ်မှုတွေကို ကျွန်မ တို့ ကျော်လွှားနိုင်မယ်ဆိုရင် တခြားနိုင်ငံတွေနဲ့မတူအောင် စည်းလုံး ညီညွတ်မှုကို ရနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်းပြောကြားသကဲ့သို့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသကဲ့သို့ ပြည်ထောင်စုနိုင်ငံဖြစ်အောင် မထူ ထောင်နိုင်စရာမရှိပေ။ အဓိကမှာ ဖြစ်ချင်သောဆန္ဒ၊ ဖြစ်လိုသောစိတ်ရှိ ရန်သာလိုအပ်ပေသည်။ မိမိတို့၏စိတ်ထားတွင် ဤပြည်ထောင်စုကြီးတွင် မှီတင်းနေထိုင်ကြသော ပြည်ထောင်စု သားသမီးများဖြစ်ကြသည်ဟူသော ခံယူချက်ရှိဖို့သာဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြရာ၌ မတူညီသည့်လူမျိုး၊ မတူညီသည့် ဘာသာစကား၊ မတူညီသည့် ကိုးကွယ်မှု ရှိသော်ငြားလည်း ပြည်ထောင်စုသည် ပထမ၊ ပြည်ထောင်စုသည် ဒုတိယ၊ ပြည်ထောင်စုသည် တတိယဟူသော စိတ်ထားထားရှိပါက မညီညွတ်စရာ၊ မစည်းလုံးစရာအကြောင်းမရှိပေ။
သို့ဖြစ်ရာ ဤပြည်ထောင်စုကြီးအတွင်း စုပေါင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် မတူညီသည့်သဘောထားများကို ညှိနှိုင်း သည့်အရည်အချင်း၊ မတူညီသည့်သဘောထားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် စည်းလုံးသည့်အသိုက်အဝန်း၊ ညီညွတ်သည့်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment