Saturday, January 11, 2020

မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

Image may contain: 4 people, people standing, crowd, table and indoor
နေပြည်တော် ဇန်နဝါရီ ၁၀
မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက် နေရသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ သက်ကြီးရွယ်အို လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်မှုများ ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို လူသားများကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည် ပြည့်ဝသော၊ အတွေးအခေါ်အယူအဆ မှန်ကန်သော၊ ကိုယ်ကျင့်တရားကောင်း သော လူသားစွမ်းရည် အရင်းအမြစ်များ လိုအပ်ကြောင်း၊ လူသားစွမ်းရည်အရင်း အမြစ်ကောင်းများရရန် ရှေးဦးအရွယ်ထဲက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခန္ဓာကိုယ် ပုံမှန်ကြီးထွားမှုများအတွက် လေ့ကျင့်ပျိုးထောင်ကြရမည် ဖြစ်ကြောင်း၊ လူသားတစ်ဦးချင်း မိမိတို့၏ ရပ်တည်မှုဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးစား ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေမည့်ကိစ္စများကို ဖယ်ရှားရမည်ဖြစ် ကြောင်း၊ ၎င်းကိစ္စများတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် အဟန့်အတားဖြစ်စေ မည့် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း။
အသိနှင့်သတိယှဉ်ကာ ဆောင်ရွက်
မူးယစ်ဆေးဝါးကြောင့် ကျန်းမာရေး၊ လူ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့် စာရိတ္တများ ထိခိုက်ကျဆင်းပြီး လူမှုပတ်ဝန်းကျင်တွင် ရပ်တည်မှုခဲယဉ်းသွားမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမှုမပြုလုပ်ကြရန် ငယ်စဉ်ဘဝထဲက အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ မိသားစု၏တာဝန်များကို ယူကြရသကဲ့သို့ ပြည်သူလူထု၏တာဝန်ကိုလည်း ထမ်းဆောင်ကြရသည့်အတွက် တာဝန်ကြီးပါကြောင်း၊ မူးယစ်ဆေးဝါးများသည် လက်လှမ်းမီသောနေရာတွင် ရောက်ရှိနေသဖြင့် ဝန်ထမ်းများအနေဖြင့် မသုံးစွဲမိ ရန်နှင့် လက်ဝယ်ထားရှိခြင်းမပြုကြရန် အရေးကြီးကြောင်း၊ စမ်းသပ်သုံးစွဲမိခြင်း နှင့် လက်ဝယ်ထားရှိမိခြင်းသည် ထောင်ချောက်မိခြင်းဖြစ်ပြီး အန္တရာယ်ကျရောက် မည်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်ကြောင်း၊ စတင်သုံးစွဲမှုပြုမိ၍ ဘဝပျက်နေ သော ဆေးစွဲသူများကို ဆေးဖြတ်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ပေးရန်သည် မိမိတို့၏ တာဝန်ဖြစ်၍ မိမိတို့အနေဖြင့် အသိနှင့်သတိယှဉ်ကာ ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့အပါအဝင် ပြည်သူများ မူးယစ်သံသရာထဲ မကျရောက် ရန် အရေးကြီးကြောင်း၊ အနာဂတ်မျိုးဆက်သစ်များကို ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် မိမိတို့အနေဖြင့် တာဝန်ဝတ္တရားများကို အကောင်းဆုံးလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မူးယစ်သံသရာမှ ရုန်းထွက်ရန် လုပ်ဆောင်ရာတွင် ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပေါ်ပေါက်ရန် လိုအပ်နေပါကြောင်း၊ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ထက်သန်သည့် စိတ်စွမ်းအားဖြင့် မူးယစ်ဆေးဝါးကို ရှောင်ကြဉ် ကြစေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
ဟောပြောဆွေးနွေး
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနခွဲမှူး ဒုတိယရဲမှူးကြီးရဲနိုင်၊ သုတေသန၊ သတင်းအချက်အလက်ဌာနခွဲ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀ ) ကုသရေးဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာဆန်းလင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်သူသူဖေ တို့က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် ကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment