Thursday, January 23, 2020

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ပူတာအိုခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်စစ်ဆေး




Image may contain: 5 people, mountain, sky, tree, outdoor and nature
နေပြည်တော် ဇန်နဝါရီ ၂၂



နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက် က နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက် လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးသည်။
လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပူတာအိုမှ မဂွေဇသို့ မော်တော်ယာဉ်များဖြင့် မဂွေဇ-ဆန်းလွှတ်ချက် လမ်းအပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ခင်း လမ်းအခြေအနေ၊ ဆောင်ရွက်ဆဲ တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဇီဝဒမ်းလမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄) မိုင် ကိုအပိုင်း (၁) အဖြစ် မဂွေဇမှ ငါ့လုံဒမ်းအထိ (၂၅/၄) မိုင်၊ အပိုင်း (၂) အဖြစ် ငါ့လုံဒမ်းမှ လုံးထုံဘိုတဲအထိ (၁၀/၀) မိုင်၊ အပိုင်း (၃) အဖြစ် လုံးထုံဘိုတဲမှ မေခမြစ်အနီး ဆီဆုံ အထိ (၁၀/၄) မိုင်၊ အပိုင်း (၄) အဖြစ် ဆီဆုံမှ ခေါင်လန်ဖူးအထိ (၁၉/၄)မိုင် ကို နိုင်ငံတော်အစိုးရ၏ ညွှန်ကြား ချက်၊ တပ်မတော်၏ အနီးကပ် ကြီးကြပ်ထောက်ပံ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဒေသခံပြည်သူနှင့် လက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်အထိ စီမံကိန်းအပြီးသတ် ဆောင်ရွက်သွားမည့် အခြေအနေ များကို လည်းကောင်း။
မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်
အင်ဂျင်နီယာမှူးကြီး ဦးခင်မောင် လတ်က မဂွေဇ-ခေါင်လန်ဖူးလမ်းနှင့် ခါကာဘိုရာဇီ တောင်ခြေအမျိုးသား သဘာဝဥယျာဉ် လမ်းပိုင်းဖြစ်သော ပန်နန်းဒင်-ကဝိုင်-ဓဟွမ်ဒမ်းလမ်းနှင့် မဂွေဇ - ခေါင်လန်ဖူး လမ်းများ ဖောက်လုပ်နေမှု၊ လူအင်အားစုဖွဲ့မှု၊ ယာဉ်/ ယန္တရား စုဖွဲ့မှု၊ စက်သုံးဆီ၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ ပို့ဆောင် ထိန်းသိမ်းထားရှိမှု၊ နှစ်အလိုက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း တာဝန်ခံအရာရှိ ဗိုလ်ကြီး ဇင်ဝင်းထိုက် က တပ်မတော်စစ်မြေပြင် အင်ဂျင် နီယာများ အကူအညီဖြင့်တစ်ကြောင်း ထိုးမြေလမ်းဖောက်လုပ်ရေး လုပ်ငန်း တွင် ကျောက်တောင်များကို မိုင်းထုပ် ခြင်း၊ မိုင်းဆင်ခြင်း၊ မိုင်းခွဲခြင်း လုပ်ငန်းစဉ်များနှင့် တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရားနှစ်စီးဖြင့် အဖွဲ့ခွဲ ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း။
ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်က လုပ်ငန်းများသတ်မှတ် ကာလအတွင်း ပြီးစီးရေးအတွက် လမ်းအူကြောင်းအတိုင်း တစ်ကြောင်း ထိုးရှေ့ပြေးလမ်း ဖောက်လုပ်ရေး အဖွဲ့၏ ဆောင်ရွက်နေမှုအခြေအနေ များနှင့် တွေ့ကြုံရသည့် အခက်အခဲ များကိုလည်းကောင်း၊ ဒုတိယအင်ဂျင် နီယာမှူးကြီး ဦးဇော်လှိုင်ဝင်း က တစ်ကြောင်းထိုး ဆောင်ရွက်ပြီး အမာခံမြေသား လမ်းအပေါ်တွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် တို့က လုပ်ငန်းများ အောင်မြင် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေ လုပ်သားများကို ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဆန်းလွှတ်ချက် တောင်ထိပ်အထိ သွားရောက်ခဲ့ပြီး ဆန်းလွှတ်ချက်မှ ရီဒမ်းကြိုးတံတား သို့ ဆက်လက်ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို တောင်ထိပ်မှ ကြည့်ရှုခဲ့ပြီး ညအိပ်ရပ်နားခဲ့သည်။
ဂုဏ်ပြုမှတ်တမ်းတင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ယမန်နေ့ နံနက်ပိုင်းတွင် မဂွေဇ-ခေါင်လန် ဖူးလမ်း (၄၂/၂)မိုင် နေရာသို့ ရောက်ရှိခဲ့ပြီး ရဟတ်ယာဉ် ကွင်းဖောက်လုပ်ထားမှု၊ ကျောက် တောင်များမိုင်းခွဲရန် ပြင်ဆင်နေမှု၊ ယန္တရားများဖြင့် လမ်းဖောက်လုပ်နေ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနဝန်ထမ်းများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ နှင့် ဒေသခံဌာနေလုပ်သားများအား လမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးအတွက် တာဝန်ကျေပွန်ရုံသာမက မွန်မြတ် သောလုပ်ငန်းဖြစ်သဖြင့် စေတနာရော ဝီရိယပါ စိုက်ထုတ်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ယခုလို ရာသီဥတု ခက်ခဲကြမ်းတမ်းသည့် မြေပြင်အနေအထားတွင် လုပ်ငန်း ဆောင်ရွက်နေကြသူများကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ကျန်းမာ ရေး ဂရုစိုက်ကြရန် အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မေခမြစ်ကူးရီဒမ်း ကြိုးတံတား အထိမြေပြင်အခြေအနေ အရ ခြေကျင်ခရီးဖြင့် သွားရောက်ပြီး ဆက်လက်ဖောက်လုပ်မည့် လမ်း အူကြောင်းအခြေအနေနှင့် မေခမြစ် အားယန္တရားကြီးများ ဖြတ်ကူးနိုင် မည့် နေရာ၊ဖောင်ကူးဆိပ် ဆောင်ရွက် မည့်နေရာများကို ရီဒမ်းကြိုး တံတားပေါ်မှကြည့်ရှုပြီး အတည်ပြု ရွေးချယ် ဆုံးဖြတ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မိုင်တိုင် ၄၂ မှ မဂွေဇသို့ ပြန်လည် ထွက်ခွာခဲ့ပြီး မဂွေဇလမ်းစခန်းတွင် ဆောင်ရွက် ထားရှိပြီးဖြစ်သော မေခမြစ် ဖြတ်ကူးရန် အသုံးပြုမည့် ကူးတို့ဖောင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။
လူမှုစီးပွားဘဝ မြင့်မားလာနိုင်
နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ကြိုးပမ်းမှုဖြင့် မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရာတွင် ပထမ ရည်မှန်းချက်ဖြစ်သော မဂွေဇ-မေခမြစ်အပိုင်းတွင် အခက်အခဲဆုံး ဖြစ်သော ပေ ၇၇၀၀ ဆန်းလွှတ်ချက် တောင်အား ခက်ခဲစွာကြိုးပမ်း ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ဆင်း ကားလမ်း (၄၂/၂) မိုင်အထိ ဖောက်လုပ် နိုင်ခဲ့ပြီဖြစ်သဖြင့် ယခင်က မဂွေဇမှ ခေါင်လန်ဖူးသို့ ဒေသခံပြည်သူများ ခက်ခဲပင်ပန်း အချိန်ကြာမြင့်စွာ ကူးလူးသွားလာခဲ့ရမှု အခြေအနေမှ မကြာမီ ကားလမ်းပေါက်အောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်သဖြင့် ခေါင်လန်ဖူးဒေသ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment