Saturday, January 4, 2020

ပြည်ထောင်စုအမြဲတည်တံ့ဖို့ အဓိဋ္ဌာန်ပြုစို့

အယ်ဒီတာ့အာဘော်
------------------------

မြန်မာနိုင်ငံသည် ၁၉ ရာစုနှောင်းပိုင်းတွင် တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့သည်။ လွတ်လပ်ရေးဆုံးရှုံးပြီး ၁၉၀၁ ခုနှစ် ၂၀ ရာစုခရီးအစမှ ၁၉၄၈ ခုနှစ်အထိ ရာစုတစ်ဝက်နီးပါးမျှ လွတ်လပ်ရေးအတွက် ကြိုးပမ်း ခဲ့ရသည်။ ၂၀ ရာစု၏ ရာစုနှစ်တစ်ဝက်ကျော် ၂၀၀၀ ပြည့်နှစ် ခရီးဆုံး ရောက်သည်အထိ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
၂၀၀၁ ခုနှစ်မှစ၍ ၂၁ ရာစုသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စိန်ခေါ်မှုများစွာ ဖြင့် ဖြတ်သန်းနေဆဲဖြစ်သော ၂၁ ရာစုတွင် လွတ်လပ်ရေးကို ပိုမိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည့်အပြင် ၂၁ ရာစု၏ စိန်ခေါ်မှုအသစ်များကို လည်း ကျော်လွှားကြရမည်ဖြစ်သည်။ ရာစုနှစ်တစ်ခုကျော် ဖြတ်သန်း လာခဲ့သော မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်ပြောင်းရှုမျှော်ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံ၏ အတက်အကျ ပုံရိပ်သွင်ပြင်များကို ပြက်ပြက် ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။
ပထဝီဝင်အနေအထားကောင်းမွန်၍ နေချင့်စဖွယ်ရှိသော မြန်မာ နိုင်ငံတော်၏ သမိုင်းကြောင်းတွင် လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ် ခဲ့ရသောကာလ၊ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ကာလနှင့် ယခု ၂၁ ရာစုကို ဖြတ်သန်းနေသောကာလ၌ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် စိန်ခေါ်မှုအမျိုးမျိုး၊ ပြဿနာမျိုးစုံတို့ကို ကျော်လွှားကြရမည်ဖြစ်သည်။
လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေသော ကာလတွင် ရရှိပြီးသော လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် တိုင်းရင်းသားပြည်သူအားလုံး ကာကွယ်စောင့်ရှောက်ရင်း အမျိုးသား စည်းလုံးညီညွတ်မှုခိုင်မြဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည် ငြိမ်းချမ်းရေးတို့နှင့်အတူ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၁ ရာစုသည် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ခေတ်ကာလဖြစ်သည်။ ကမ္ဘာသူ ကမ္ဘာသားများသည် ကမ္ဘာ့အရပ်ဒေသအသီးသီးတွင် ထွန်းကားလျက် ရှိသော အသိပညာနှင့် အတတ်ပညာများကို ခေတ်မီနည်းပညာများ အသုံးချ၍ မိမိတို့နိုင်ငံ ကောင်းစားတိုးတက်ရေးကို ဆောင်ရွက်နေကြ သည်။ ထို့ကြောင့် ၂၁ ရာစုတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင်၊ ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်အောင်၊ ကျွန်ုပ်တို့အားလုံး အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
ထိုသို့ အသိပညာများ၊ အတတ်ပညာများ၊ နည်းပညာများ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းအားထုတ်နေသည်နှင့်အမျှ ကျွန်ုပ်တို့နိုင်ငံ၏ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲနေသည့် အမိပြည်ထောင်စုကြီးနှင့် ပြည်ထောင်စု၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်း များ၊ ကိုယ်ကျင့်တရားများ၊ မိမိတို့ တိုင်းရင်းသားပြည်သူများအား စောင့် ရှောက်လိုသော ဝံသာနုရက္ခိတစိတ်ဓာတ်များ အစဉ်နိုးကြားထက်သန် အောင် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် အမြတ်တနိုးထိန်းသိမ်းခဲ့သော မြန်မာ တို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲရေးကို ကောင်းစွာအာမခံနိုင်ကြောင်း သမိုင်းကြောင်းကောင်းသည့် ဖြစ်စဉ်များ က သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။ သမိုင်းဖြစ်စဉ်များတွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမော်ကွန်းပင်ဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ရေးရရှိစဉ်အချိန်က တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးဟစ်ကြွေးခဲ့သော "တရား မျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ပြည်၊ ဒို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်၊ ဒို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်း စို့လေ" ဟူသော နိုင်ငံတော်သီချင်း ခြေဆင်းလာ အဓိဋ္ဌာန်ချက်နှင့်အညီ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး ကို အစဉ်ရှေးရှုကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment