Saturday, January 4, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရား အလှူတော် ဓမ္မပူဇာသဘင်(တတိယနေ့) စည်ကားသိုက်မြိုက်စွာ ကျင်းပ


No photo description available.
ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးတရားအလှူတော် ဓမ္မပူဇာသဘင် (တတိယနေ့)ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယနေ့ ညပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက “နာနာတိတ္ထိယ သုတ္တန်တရားတော်” ကို ဟောကြားတော် မူရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားနာပရိသတ် တစ်သိန်းကျော် တက်ရောက်နာယူကြည်ညိုကြသည်။
နာယူကြည်ညို
နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လေးကြိမ်မြောက် တရားအလှူတော် ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီလိုနှစ်သစ်ကူးအချိန်အခါမှာ ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒတွေကို တိုက်ရိုက်ဖူးမြော် ကြည်ညိုခွင့်ရဖို့အတွက် အားလုံးက စိတ်ဓာတ်ခွန်အား ပြင်းပြစွာနဲ့ လာရောက်ကြတာ ဖြစ်ပါတယ်။ တရားနာ ပရိသတ်တွေ အဆင်ပြေစွာလာရောက်နိုင်ဖို့ ကြို/ပို့ယာဉ် တွေကိုလည်း ကော်မတီက ဆောင်ရွက်ပေးထားပါတယ်။ ဒီတရားပွဲဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျင်းပ တာဖြစ်ပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်း တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ အားလုံးနာယူ ကြည်ညိုလို့ ရအောင် ရုပ်/သံ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပြုလုပ်ပေး ထားပါတယ်” ဟုပြောသည်။
နှစ်သစ်ကူး တရားပွဲတော်တွင် စေတနာရှင်များက စတုဒိသာလှူဒါန်းမှုများကို ပြုလုပ်ကြသည့်အပြင် တရားနာ ပရိသတ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာနှင့်အတူ ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေးအသင်း အဖွဲ့များကလည်း အခမဲ့ဆေးဝါးစောင့်ရှောက်မှု ဆေးကုသ ခန်းများ ဖွင့်လှစ်ကာ ပါဝင်ဆောင်ရွက်ပေးကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားပွဲသို့လာရောက်နာယူကြည်ညိုကြမည့် တရားနာ ပရိသတ်များ သွားလာမှုအဆင်ပြေစေရန် အခမဲ့ YBS ကြို/ပို့ ယာဉ်များကို သက်ဆိုင်ရာစုရပ်များအလိုက် စီစဉ် ဆောင်ရွက်ပေးထားသည့်အပြင် စေတနာရှင်ပြည်သူတို့ ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများအတွင်းမှ စုပေါင်း၍လည်းကောင်း၊ စေတနာရှင် အငှားယာဉ်မောင်း များကလည်း အခမဲ့လိုက်ပါပို့ဆောင်မှုများ ပြုလုပ်၍ လည်းကောင်း၊ တရားနာပရိသတ်များ သွားလာမှုအဆင် ပြေစေရန် ဆောင်ရွက်ပေးကြသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၂)ရပ်ကွက်မှ တရားနာပရိသတ် ဒေါ်မိုးမိုးက “နိုင်ငံတော်ကကြီးမှူး ကျင်းပတဲ့ တရားပွဲလည်းဖြစ်တယ်။ ဆရာတော်ကြီးတွေ ကိုလည်း ကြည်ညိုတဲ့အတွက် အခုလိုလာရောက်ရတာပါ။ အရင်နှစ်တွေတုန်းက မလာဖူးပါဘူး။ ဒါပထမဆုံးအကြိမ် ပါ။
အလှူအတန်းတွေနဲ့ လူငယ်တွေရဲ့ လုပ်အားဒါနတွေကို မြင်တွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။ နှစ်ဦးတရား ပွဲတော်ရဲ့ အကျိုးကျေးဇူးကတော့ ထူးခြားပါတယ်။ ဆရာတော်ကြီးတွေပေးတဲ့တရားတွေလည်းရတယ်။ အသိပညာ၊ ဗဟုသုတတွေလည်းရတယ်။ လှူတဲ့သူတွေလည်းပေါ များတာမြင်ရတော့ စိတ်ချမ်းသာဖို့ကောင်းတယ်” ဟု ပြော သည်။
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ တရားနာ ပရိသတ် ကိုသန်းထိုက်က “တစ်နှစ်မှာတစ်ခါလောက်ဖူး ရခဲတဲ့ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကို နာယူချင် လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း တရားပွဲလိုက်ချင်တဲ့ အိမ်နီးချင်းတွေကို ကားနဲ့ခေါ်ခဲ့တယ်။ ဆရာတော်ကြီးတွေရဲ့ တရားတွေကိုလည်း တစ်နေရာတည်းမှာ ပြည်သူအများ စုပေါင်းနာယူနိုင်သလို စေတနာရှင်တွေရဲ့ သဒ္ဓါတရားတွေ၊ အလှူဒါနတွေကိုလည်း မြင်တွေ့နိုင်တဲ့အတွက် အင်မတန် ဝမ်းမြောက်ကြည်နူးဖို့ကောင်းပါတယ်။ တဒင်္ဂတစ်ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းငြိမ်းသွားသလို ခံစားရ တယ်” ဟု ပြောသည်။
နှစ်သစ်ကူးအချိန်အခါသမယတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒ များကို ပြည်သူများ နာကြားခွင့်ရခြင်းအားဖြင့် တစ်နှစ်တာ ကာလအတွင်း မိမိတို့၏ လောကီ၊ လောကုတ္တရာ နှစ်ဖြာ သောကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ အဆိုပါနှစ်သစ်ကူး တရားအလှူတော် ဓမ္မပူဇာသဘင်ကို ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပရာ ပထမနေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက လည်းကောင်း၊ ဒုတိယနေ့တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက လည်းကောင်း၊ ယနေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရကလည်းကောင်း နှစ်သစ်ကူးတရားတော်များကို ဟောကြားခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment