Thursday, January 23, 2020

အယ်ဒီတာ့ အာဘော်
=============
တစ်ယောက်မှစတစ်ရာ ညီညွတ်မှ . . .
===========================
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် "တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ နိုင်ငံအတွက်အရေးပါပါတယ်။ နိုင်ငံရဲ့အင်အားဆိုတာ ဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အင်အားနဲ့ စုထားတာပါ" ဟု ပြောကြားချက်ကို သတိပြုမိသည်။
သုညသည် သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိသောဂဏန်း ဖြစ်သည်။ "၁" ဟူသော အစပြုဂဏန်းနောက်မှ သုညတစ်လုံးရောက်လာသည် နှင့် တန်ဖိုးရှိသောဂဏန်းဖြစ်လာသည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသားများ အနေဖြင့် တစ်ကိုရှုမြင်ရာတွင် တစ်ယောက်အစ တစ်ရာမကဖြစ်လာသည့် ပြည်ထောင်စုဖွား ညီနောင်များဖြစ်သည်ဟူသောအသိနှင့် ထိုတစ်ယောက် မှစသည့် ညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု အားမာန်များဖြင့် မိမိတို့ဘဝ၊ မိမိတို့ဒေသ၊ မိမိတို့တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်မည်ဟူသော အသိရှိကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ သန်း ၅၀ ကျော်သော ပြည်သူများသည် တစ်ယောက်မှစ စတင်ဖြစ်တည်လာခြင်းဖြစ်ပြီး ထိုတစ်ယောက်စ၊ တစ်ယောက်စများ စုပေါင်းခြင်းဖြင့် ပြည်ထောင်စုဖြစ်လာသည်။ ပြည်ထောင်စုသားများသည် တစ်မိသားတည်းမှ ပေါက်ဖွားလာသူများဖြစ်၍ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အင်အား တည်ဆောက်ရမည်ဖြစ်သည်။ မြန်မာစကားပုံတွင် "တစ်ယောက်အားဖြင့် ယူသော်မရ တစ်သိန်းအားဖြင့်ယူသော်ရ၏"ဟူသော ဥပမာကဲ့သို့ပင် ရပ်ရွာတစ်ခု၊ မြို့တစ်ခုမှ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အင်အားများ ကို စုပေါင်းခြင်းဖြင့် နိုင်ငံ၏အင်အားဖြစ်လာပေမည်။
နန်းယွန်းမြို့သည် မြန်မာပြည်အနောက်မြောက်အပေါ်ပိုင်း အစွန် အဖျားမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့နယ်ဖြစ်သည်။ လူဦးရေအလွန် နည်းသော်လည်း ဒေသခံတိုင်းရင်းသားများ၏စိတ်ထားမှာ မြင့်မားကြသည် ကို တွေ့ရသည်။ နန်းယွန်းမြို့နယ်သည် အစွန်အဖျားဝေးလံခေါင်သီသောဒေသဖြစ်သော်လည်း မိမိတို့မြို့နယ်ကို တိုးတက်စေလိုသော ဆန္ဒများကိုယ်စီ ကိုယ်စီရှိနေကြသည်။ နန်းယွန်းမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန်အတွက် ဒေသခံ ပြည်သူများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြခဲ့ကြသည်။
ဒေသဆိုင်ရာအစိုးရအနေဖြင့် ပြည်သူအားထိတွေ့၍ ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ပြီး ပြည်သူများကလည်း မိသားစုအသွင် ဆက်ဆံရမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နန်းယွန်း မြို့မှ ပြည်သူများကဲ့သို့ပင် နိုင်ငံတစ်ဝန်းမှ ပြည်သူတိုင်း ပြည်သူတိုင်းသည် တိုင်းပြည်အတွက် အရေးပါသည်။ နိုင်ငံတော်အနေဖြင့် တိုင်းသူပြည်သား တစ်ယောက်ချင်းအပေါ်တွင် တန်ဖိုးထားသကဲ့သို့ တိုင်းသူပြည်သား တစ်ယောက်ချင်းကလည်း နိုင်ငံတော်အပေါ် အလေးထားရမည်ဖြစ်သည်။ ထိုတစ်ယောက်ချင်း၏ နိုင်ငံတော်အပေါ်ထားရှိသည့် တူညီသောအင်အား များဖြင့် နိုင်ငံကိုတည်ဆောက်ရမည်ဖြစ်သည်။
ပြည်သူများအပေါင်းအစုဖြင့် ဖြစ်ပေါ်လာသောနိုင်ငံတစ်နိုင်ငံ တိုးတက်ရေးမှာ ပြည်သူလူထုအင်အားက အဓိကဖြစ်သည်။ ပြည်သူ လူထု၏ ခိုင်မာသောစိတ်ဓာတ်၊ ပြည်သူလူထု၏ တက်ကြွသောပူးပေါင်း ဆောင်ရွက်မှုမရှိလျှင် နိုင်ငံရေရှည်တည်တံ့ခိုင်မြဲမှုကို ရရှိလိမ့်မည်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ ချမ်းသာခြင်း၊ ဆင်းရဲခြင်းသည် ငွေကြေးဥစ္စာတစ်ခုတည်း ကိုသာကြည့်၍ ဆုံးဖြတ်နိုင်သည်မဟုတ်ဘဲ ထိုနိုင်ငံရှိ ပြည်သူများ၏ စိတ် ဓာတ်မြင့်မားတက်ကြွခြင်းကိုလည်း ကြည့်၍ဆုံးဖြတ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နန်းယွန်းမြို့မှ ပြည်သူများမှအစ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအများစုမှာ မိမိတို့ဒေသ ဖွံ့ဖြိုးရမည်။ ငြိမ်းချမ်းရမည်၊ သာယာ ရမည်ဟူသော စိတ်ဆန္ဒများကို တညီတညွတ်တည်း အတူတူထားကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းလက်တွဲ၍ တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment