Wednesday, January 22, 2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၁


၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံ ပညာ ကျောင်းသား ကျောင်းသူ ကိုးသန်းကျော်နှင့် ဆရာ ဆရာမ လေးသိန်း ကျော်အတွက် ကျောင်းသုံးစာအုပ် သန်း ၁၁၀ ကျော်ကို ရိုက်နှိပ်ထုတ်ဝေရန် ပညာရေးဝန်ကြီးဌာနက လုပ်ငန်းအပ်နှံထားပါကြောင်း။
လုပ်ငန်းအပ်နှံသည့် ကျောင်းသုံးစာအုပ် သန်း ၁၁၀ ကျော်မှ ကျောင်းသုံး စာအုပ် သန်း ၄၀ ကျော်ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် ပါကြောင်း၊ ကျန်ရှိသည့် ကျောင်းသုံးစာအုပ် သန်း ၇၀ ကျော်ကို ရိုက်နှိပ်ထုတ်ဝေ ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ပြင်ပပုံနှိပ် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူရွေးချယ်ပြီး လုပ်ငန်းများ အပ်နှံခဲ့ပါကြောင်း။
ယှဉ်ပြိုင်ခွင့်ရှိသည့် လုပ်ငန်းရှင်အားလုံးကို ခွဲခြားမှုမရှိဘဲ သိက္ခာရှိစွာ ဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ဒါ အောင်မြင်သည့် လုပ်ငန်းရှင်များကို တင်ဒါစည်းမျဉ်းစည်းကမ်းများ စာချုပ်ပါ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်စေခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ယင်းတို့အနေဖြင့် စည်းမျဉ်းစည်းကမ်း ကတိကဝတ်များနှင့် ညီညွတ်လိုက် နာခြင်းရှိ မရှိကို ယင်းတို့၏ ပုံနှိပ်စက်ရုံများကို သွားရောက်ပြီး စနစ်တကျ စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့ သွားရောက်စစ်ဆေးရာတွင် တွေ့ရှိရသည့် အခြေ အနေများကို ယနေ့အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ် ပါကြောင်း၊ ထပ်မံ၍လည်း ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို စက်ရုံများ သို့ ကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်များရှိသည်ကို ကြိုတင်အသိပေးလို ပါကြောင်း။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံအတွင်းရှိ ကျောင်းသား ကျောင်းသူ ကိုးသန်းကျော်နှင့် ဆရာ ဆရာမ လေးသိန်းကျော် လက်ဝယ်သို့ ကျောင်းသုံး စာအုပ်များ အချိန်မီရောက်ရှိရေးသည် မိမိတို့၏ ပန်းတိုင်ဖြစ်ပါကြောင်း၊ အလွန်မွန်မြတ်ပြီးအရေးကြီးသည့် အမျိုးသားရေးတာဝန်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယင်းကိုမိမိတို့ဝန်ကြီးဌာနတစ်ခုတည်းဖြင့် မဆောင်ရွက်နိုင် ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ကြိုတင်စည်းကမ်းသတ်မှတ်ချက်ကို အတည်ပြုခဲ့မှု၊ ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ကြိုတင်ခေါ်ယူရှင်းလင်းမှု၊ တင်ဒါအောင်မြင် သူများစာရင်းနှင့် တင်ဒါအောင်မြင်သူများကို စစ်ဆေးခဲ့မှုများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး - ၁ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အရည်အသွေးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ပြင်ပပုံနှိပ်လုပ်ငန်းများသို့ သွားရောက်စစ်ဆေးမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်သူများက အထွေထွေဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပုံနှိပ် နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA) နှင့် အထက်မြန်မာပြည် ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MRPPA) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment