Thursday, January 23, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာဂဒေသ လေရှီးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ




Image may contain: 5 people, people standing and outdoor
ကလေး ဇန်နဝါရီ ၂၂



စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆို နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လေရှီးမြို့ အားကစား ကွင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မ ယခင်နှစ်တုန်းက ဒီကိုလာဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် မရောက်ခဲ့ပါဘူး။ ဒီနှစ်မှာ ဖြစ်အောင်ကို လာမယ်ဆိုပြီး ရောက်အောင်လာခဲ့တာပါ။ ကျွန်မ ဒီလို နေရာတွေကို လာတယ်ဆိုတာက ပြည်သူတွေနဲ့ ထိတွေ့မှုရှိချင်လို့ ဖြစ်ပါတယ်။ ဘယ်လောက်ဝေးလံတဲ့ နေရာပဲဖြစ်ဖြစ်၊ ဘယ်လိုခေါင်တဲ့နေရာပဲဖြစ်ဖြစ်
နိုင်ငံရဲ့ အစိတ်အပိုင်းအားလုံးဟာ ကျွန်မတို့အတွက် တန်းတူညီတူ တန်ဖိုးရှိပါတယ်။
ဒီကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါ အောက်ကိုကြည့်လိုက် တော့ ကျွန်မတို့ရဲ့ဒေသခံတွေဟာ ဘယ်လောက်ခက်ခက် ခဲခဲနဲ့ ဘဝကို အသက်မွေးဝမ်းကျောင်းပြုနေရသလဲဆိုတာကျွန်မတို့ အများကြီးပဲ နားလည်ပါတယ်။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။
တောင်စောင်းမှာ အိမ်လေးတွေဆောက်ပြီး ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဘိုးဘွားဘီဘင်အစဉ် အဆက် နေထိုင်လုပ်ကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေကို ကျွန်မ ပိုပြီးကောင်းမွန်စေချင် ပါတယ်။ ပိုပြီးကောင်းမွန်စေချင်တယ်ဆိုတာက ဘာဖြစ် လို့လဲဆိုတော့ ကျွန်မတို့ ပြည်သူအားလုံးဟာ ချမ်းချမ်း သာသာနဲ့ တိုးတက်တဲ့အခြေအနေကို ရောက်စေချင်တယ်။ ဒါမှကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ကောင်းမှာပါ။
နိုင်ငံရေးကို နားလည်စေချင်
နိုင်ငံရဲ့တန်ဖိုးဟာ ပြည်သူတွေရဲ့တန်ဖိုးပါပဲ။ ပြည်သူ တွေရဲ့တန်ဖိုးဟာ ပြည်သူတွေ ဘယ်လောက်စိတ်လုံခြုံမှု ရှိသလဲဆိုတဲ့အပေါ်မှာ တည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးတွေကို အထူးအလေးပေးပြီး ဒီလိုအစည်းအဝေး တွေကို တက်စေချင်တယ်။ ငယ်ငယ်ကတည်းက ကလေး တွေဟာ နိုင်ငံရေးကို နားလည်စေချင်တယ်။ ငယ်ငယ် ကတည်းက နိုင်ငံရေးဆိုတာ ကိုယ့်ကိစ္စဖြစ်တယ်ဆိုတာ ကလေးတွေအားလုံး ငယ်ငယ်ကတည်းက နှလုံးသွင်းထား စေချင်တယ်။ ကိုယ်တစ်ယောက်တည်းနေလို့ ဘယ်တော့ မှ မရဘူး။ ဘယ်သူမှ တစ်ယောက်တည်း နေလို့မရဘူး။ ကျွန်မတို့ လူသားတွေဆိုတာဟာ တစ်ယောက်ကို တစ်ယောက် မှီတင်းပြီး နေရတဲ့သူတွေပါ။ ဒီလို တစ်ယောက် ကိုတစ်ယောက် မှီတင်းပြီး ရှင်သန်ကြရတဲ့သူတွေမို့လို့ တစ်ယောက်နဲ့တစ်ယောက် နေတတ်အောင်လည်း ကျွန်မ တို့ ကြိုးစားရတယ်။ နေတဲ့အခါမှာ အေးအေးချမ်းချမ်း ဖြစ်အောင်လို့လည်း ကြိုးစားရတယ်။
လုံး၀ငြိမ်းချမ်းရေးရှိတယ်ဆိုတာ တစ်ခါမှမဖြစ်ခဲ့
ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တစ်ခုက ဘာလဲ ဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်ကစပြီး အခုထိ ဒီနိုင်ငံ မှာ လုံး၀ငြိမ်းချမ်းရေးရှိတယ်ဆိုတာ တစ်ခါမှ မဖြစ်ခဲ့ သေးဘူး။ တစ်နေရာမဟုတ်တစ်နေရာမှာ ပြည်တွင်းစစ် တွေက ဖြစ်နေတာပဲ။ ဒီဟာတွေ ပပျောက်သွားအောင် ကျွန်မတို့အစိုးရက အထူးဂရုပြုပြီး ကြိုးစားနေပါတယ်။ ကျွန်မတို့ နိုင်ငံတစ်နေရာမှာ မငြိမ်မသက်ဘူးဆိုရင် တစ်နိုင်ငံလုံးကို ထိခိုက်ပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို လူတစ်ယောက်ရဲ့ အခြေအနေနဲ့ မကြာခဏနှိုင်းယှဉ်ပြီး ပြောပါတယ်။ လူတစ်ယောက်ဟာ လက်ညှိုးလေး နာနေရင်လည်း နာနေ တာပါပဲ၊ လက်ညှိုးလေးမို့လို့ မနာဘူးပြောလို့ မရပါဘူး။ ရောဂါကြီးကြီးရှိမှလည်း ဝေဒနာခံစားရတာ မဟုတ်ပါဘူး။ အင်မတန်မှသေးတဲ့ ဝေဒနာလေးလို့ ပြောရမယ့်၊ လက်ညှိုး လေး နာနေတယ်ဆိုရင် နာနေတဲ့အလျောက် အနာခံနေရတဲ့ လူအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။
ယုံကြည်မှုတည်ဆောက်
ဒီအတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူပြည်သားတွေ ဟာ ဘယ်နေရာမှာပဲနေနေ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် နိုင်ငံအတွက် တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှ တခြားသူကလည်း ကိုယ့်ကို ယုံကြည်နိုင်မှာပါ။ ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားတဲ့ အခါမှာ ယုံကြည်မှုတည်ဆောက်ရေးဆိုပြီး ခဏခဏ ပြောပါတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့သူတွေက လူအများကို ယုံကြည်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို အရည် အချင်း ပြည့်စုံစေချင်ပါတယ်။ အရည်အချင်းပြည့်စုံတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ တခြားလူတွေနဲ့ ဆက်ဆံရေးဟာ မှန်ကန် နိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့လူတွေ၊ ကိုယ့် အတွက် ကိုယ်စိုးရိမ်နေတဲ့လူတွေက တခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဆက်ဆံရေး မကောင်းကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အတွက် ကိုယ်စိုးရိမ်နေရလို့ ပါ။ ဒီလိုကိုယ့်အတွက် ကိုယ်စိုးရိမ်နေရတဲ့ဘဝကနေ လွတ်ကင်းအောင်လို့ ကျွန်မတို့အားလုံး လက်တွဲပြီး ဆောင်ရွက်မှ ဖြစ်ပါလိမ့်မယ်။ အဲဒီအထဲမှာ ကလေးတွေ လည်း ပါပါတယ်။
ဒီမှာထိုင်နေတဲ့ ကလေးတွေအားလုံးက ကျောင်းသွား တဲ့အရွယ် မရောက်သေးဘူးလို့ ထင်ပါတယ်။ တချို့က ကျောင်းမရောက်သေးတဲ့ အရွယ်ပါ။ ဒါပေမယ့် အများစု က ကျောင်းတက်နေကြပြီ၊ အဲဒီတော့ ကျောင်းသွားတဲ့အခါ ကျရင် ကျောင်းမှာ ဆရာ ဆရာမတွေက သင်ပေးလိုက် တဲ့ စာတွေတင် မဟုတ်ဘူး၊ ဘာသင်ယူရလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တည့်အောင်နေဖို့ သင်ယူကြရ ပါတယ်။ ကျောင်းခန်းထဲသွားတယ်ဆိုရင် ကလေး တစ်ယောက်တည်းက ကိုယ်လုပ်ချင်သလို လုပ်နေလို့ မရပါဘူး။ အားလုံးထိုင်ပြီး စာရေးဆိုရင် ကိုယ်လည်း ထိုင်ပြီး စာရေးရပါတယ်။ သူများတွေထိုင်ပြီး စာရေး နေတဲ့အချိန်မှာ ကလေးတစ်ယောက်တည်းထပြီး ဆော့ရင် ဆရာမက စိတ်ဆိုးမှာပါ။
သုံးလို့ရမယ့်ပညာတွေကို သင်ယူ
ဒီလိုခွင့်ပြုလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်း ဆော့နေရင် ကျန်တဲ့လူတွေကို အနှောင့် အယှက်ဖြစ်ပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းက ကျောင်းသွားတယ်ဆိုတာ တခြားလူတွေနဲ့ နေတတ်အောင် သင်ယူတာလည်း ဖြစ်တယ်။ အသက်ကြီးလာတဲ့အခါ သုံးလို့ရမယ့်ပညာတွေကို သင်ယူဖို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေက ဒီလိုစိတ်ထားပေးစေချင်ပါတယ်။ ကလေးတွေကို ကျောင်းလွှတ်တယ်ဆိုတာ ပညာသင်ယူဖို့၊ တခြားသူတွေနဲ့ အဆင်ပြေအောင်နေတတ်ဖို့ ဖြစ်တယ် ဆိုတာကို နားလည်စေချင်ပါတယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ စိတ်ထားစေချင်ပါတယ်။
လူတိုင်း၊ လူတိုင်းဟာ ကိုယ့်အသိုင်းအဝိုင်းနဲ့ အဆင်ပြေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကို လူကြီးတွေက သင်ပေးမှ လူငယ်တွေက နားလည်မှာပါ။ လူကြီးတွေက သင်ပေးတယ်ဆိုတာဟာ ပါးစပ်ပြောနဲ့ သင်ပေးလို့ မရပါဘူး။ ကိုယ်တိုင်လုပ်ပြမှ ဖြစ်တာပါ။ ကလေးတွေဟာ လူကြီးတွေကိုကြည့်ပြီး အတုခိုးပါတယ်။ ဥပမာ တချို့ကလေးတွေကို မိဘတွေက သတိပြုမိမှာပါ။ ကိုယ်က သင်မပေးလိုက်ဘဲနဲ့ တတ်သွားပြီဆိုပြီး ပြောကြ ပါတယ်။ တကယ်က ကိုယ်ကမသိမသာ သင်ပေးလိုက်တာ ကို ကိုယ်မသိလို့ပါ။
အချင်းချင်းညီညွတ်အောင်နေ
ကိုယ်လုပ်နေတာ၊ တခြားလူကြီးတွေ လုပ်နေတာကို ကြည့်ပြီး တတ်သွားကြတာပါ။ ဒီလိုပဲ ဘယ်သူ့ကိုမှ မကြည့်ဘဲနဲ့ တတ်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် လူကြီးတွေဟာ သတိထားဖို့ လိုပါတယ်။ လူငယ်တွေ အတွက် ကောင်းတဲ့နမူနာဖြစ်ဖို့၊ ကောင်းတဲ့ဥပမာပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကလေးတွေက တစ်ချိန်လုံး ကြည့်နေတယ်ဆိုတာကို လူကြီးတွေက သဘောမပေါက် ပါဘူး။ ဒါကြောင့် ကျွန်မတို့အချင်းချင်း ညီညွတ်အောင် နေပါ၊ အဆင်ပြေအောင်နေပါ။ ဒါမှ ကျွန်မတို့ နောင်လာ မယ့် မျိုးဆက်တွေ၊ နိုင်ငံရဲ့ အနာဂတ်ကို ထူထောင်မယ့် မျိုးဆက်တွေဟာ အချင်းချင်း အဆင်ပြေအောင်နေနိုင်မှာ ဖြစ်ပါတယ်။
ကျွန်မ ဒီနေရာကိုလာတဲ့အခါမှာ ဒီနိုင်ငံ တိုးတက် အောင်လုပ်ဖို့၊ ဘယ်လောက်ကြိုးစားရဦးမလဲဆိုတာကို ကျွန်မ သဘောပေါက်လာတယ်။ တောင်စောင်းတွေမှာ နေနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ဖြစ်အောင်နေခဲ့တာ
နှစ်တွေ ရာချီနေပါပြီ။ ဒီလိုနေခဲ့တာတွေကို ပြောင်းလဲဖို့ လိုပါတယ်။ ဒီအတိုင်းပဲ ကျွန်မတို့အမြဲနေသွားလို့ မဖြစ် ဘူး၊ ခေတ်နဲ့အညီ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ တိုးတက်ဖို့ လိုပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ အချိန် မှာလည်း ကိုယ့်ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေရဲ့တန်ဖိုးကို မမေ့ကြပါနဲ့။ ဒါတွေက အင်မတန်မှ အရေးကြီးပါတယ်။
ဆွေမျိုးသားချင်းတွေလို ခံစားရ
ကျွန်မ ဒီမှာဘာကို သတိထားမိလဲဆိုတော့ ကျွန်မ တို့ ငယ်ငယ်တုန်းက အိမ်မှာ နာဂလှံ ၂ ချောင်း ရှိပါတယ်။ နာဂလှံ ၂ ချောင်းကို ကြက်ခြေခတ်လုပ်ပြီး အိမ်နံရံမှာ ချိတ်ထားပါတယ်။ ကျွန်မငယ်ငယ်တုန်းက ဒါနာဂလှံတွေ၊ နာဂတွေဆိုတာ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒီတိုင်းရင်းသားတွေက ကျွန်မမိဘတွေအပေါ်မှာ မေတ္တာ အလျှောက် ပေးထားတဲ့ လက်ဆောင်တွေဖြစ်တယ်ဆိုတာ ငယ်ငယ်ထဲက သိခဲ့ရပါတယ်။ ဒါကြောင့် နာဂများဟာ ကျွန်မတို့နယ်က ဆွေမျိုးသားချင်းတွေလို ခံစားရ ပါတယ်။ မိဘတွေ အချင်းချင်း ချစ်ချစ်ခင်ခင်ရှိရင် သားသမီး တွေ အချင်းချင်းလည်း ချစ်ချစ်ခင်ခင်ရှိလာပါတယ်။
ကျွန်မတို့ တိုင်းရင်းသားများဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်ရှိဖို့ အင်မတန်အရေးကြီး ပါတယ်။ ဒီမြို့ သေးသေးလေးမှာတောင် မတူတဲ့ ဘာသာ တွေရှိကြတယ်။ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အေးအေး ဆေးဆေးနေနိုင်တာဟာ နိုင်ငံရဲ့ အင်အားဖြစ်ပါတယ်။ ဒီလေရှီးမြို့လေးမှာနေတဲ့ ကျွန်မတို့ ပြည်သူတွေဟာ မြို့သေးပေမယ့် နှလုံးသားကြီးတယ်၊ သဘောထားကြီး တယ်။ သဘောထားကြီးလို့ ကိုယ်နဲ့မတူညီတဲ့ ဘာသာကို ကိုးကွယ်နေတဲ့သူတွေနဲ့ အေးအေးချမ်းချမ်းနေနိုင်တာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မတို့တစ်နိုင်ငံလုံးနားလည်အောင်လုပ်ရမယ်။
မတူကွဲပြားမှုကနေ ညီညွတ်မှုထူထောင်နိုင်
ကျွန်မတို့နိုင်ငံမှာ ဒီလိုသဘောထားမကြီးတဲ့ နေရာ တွေလည်း ရှိပါတယ်။ တစ်ခါတလေဆိုရင် လူမျိုးအရ၊ ကိုးကွယ်တဲ့ ဘာသာအရ၊ ပြောတဲ့ ဘာသာစကားအရ၊ တစ်ယောက်နဲ့တစ်ယောက် မတည့်ဘဲနဲ့ နေကြရပါတယ်။ မတူလို့ မတည့်စရာအကြောင်း ဘာမှမရှိပါဘူး။ မတူ ပေမယ့်လည်း တည့်အောင်နေနိုင်တယ်။ မတူကွဲပြားမှု ကနေ ညီညွတ်မှု ထူထောင်နိုင်တယ်ဆိုတာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ထပ်တလဲလဲပြောနေတာပါ။ တချို့တွေ ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ကြပါဘူး။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်းအဝိုင်း လေးတစ်ခုအတွက် စဉ်းစားကြပါတယ်။ ကိုယ့်ရဲ့ အသိုင်း အဝိုင်းလေးတစ်ခုအတွက် စဉ်းစားရင် ကိုယ့်ကမ္ဘာကြီးက ဘယ်လောက်ကျဉ်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ လေရှီးမှာ မွေးဖွားပြီး အသက်ကြီးတဲ့အထိ နေသွားတဲ့ ကျွန်မတို့ ပြည်သူတွေဟာ လေရှီးအပြင် ဒီကမ္ဘာကြီးကဘာမှအရေးမကြီးဘူးဆိုတဲ့ စိတ်တွေထားမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်း ကျင်လေးတစ်ခုအတွက်ပဲ စဉ်းစားတယ်ဆိုတာဟာ ကိုယ့် အတွက်လည်း မကောင်းဘူး၊ ကိုယ့်ပတ်ဝန်းကျင်အတွက် လည်း မကောင်းဘူး။ လေရှီးမှာနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ၊ ကလေးတွေကို ကမ္ဘာကြီးကို လှည့်ပြီး ကြည့်ချင်တဲ့ စိတ်ဓာတ်တွေရှိစေချင်ပါတယ်။ ကမ္ဘာကြီးကို လှည့်ပြီး ကြည့်ဖို့ဆိုတာ ထွက်ပြီးသွားဖို့ မလိုဘူး။ တကယ်ပဲ သဘောထားကြီးကြီးနဲ့ လေ့လာချင်တဲ့စိတ်နဲ့ ကမ္ဘာကြီးကို သုံးသပ်လို့ရပါတယ်။
ဒါပေမယ့် ကျွန်မတို့ ပြည်သူပြည်သားတွေ သွားချင် လာချင်တဲ့အခါ သွားနိုင်လာနိုင်တဲ့အခြေအနေရှိအောင် ကျွန်မတို့က လုပ်ပေးချင်ပါတယ်။ ကိုယ်က ဒီကမ္ဘာကြီးကို သိချင်တဲ့အခါမှာ အခြေအနေမပေးလို့ သိခွင့်မရဘူး ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့အခြေအနေတိုးတက်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒီလိုကြိုးစားတဲ့အခါမှာ ပြည်သူတွေ ကလည်း ဝိုင်းဝန်းပြီး ကူညီပါ။ ကိုယ့်အတွက်ကို တာဝန်ယူ တဲ့အခါ ကိုယ်ကပတ်ဝန်းကျင်နဲ့ ဆက်စပ်မှုရှိနေတဲ့ အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း တာဝန်ယူ ရပါတယ်။ ဒီလိုစိတ်တွေထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ အင်မတန်မှ တိုးတက်တဲ့နိုင်ငံဖြစ်မှာပါ။ ဒါ့အပြင် နိုင်ငံဟာ မြန်မြန်ဆန်ဆန်တိုးတက်နိုင်တဲ့ အခြေအနေမှာ ရှိမှာပါ။
လူငယ်လေးတွေက ပိုပြီးတက်ကြွ
မနေ့က ဟုမ္မလင်း၊ ပင်လည်ဘူးနဲ့ နန်းယွန်းကိုလည်း ရောက်ခဲ့ပါတယ်။ အခုလေရှီးကို ရောက်နေပြီ၊ ဒီအချိန် အတိုလေးအတွင်းမှာ ကျွန်မဘာကို သတိပြုမိသလဲ ဆိုတော့ ဒီဘက်က တိုင်းရင်းသားတွေဟာ တခြား တိုင်းရင်းသားတွေနဲ့ မတူတဲ့ကိစ္စက ဒီဘက်က လူငယ် လေးတွေက ပိုပြီးတက်ကြွမှုရှိတယ်လို့ မြင်ရပါတယ်။ တစ်နေရာနဲ့တစ်နေရာ အဲဒီလိုမတူညီတာက စိတ်ဝင်စား စရာကောင်းတဲ့အပြင် သင်ယူစရာတွေလည်း အများကြီး ပါ။ ကျွန်မစဉ်းစားတယ်၊ ဘာဖြစ်လို့ ဒီဘက်ပိုင်းက လူငယ် တွေဟာ အခြားဒေသထက်စာရင် ပိုပြီးတက်ကြွနေ သလိုပဲ အထူးသဖြင့် ယောကျ်ားလေးတွေ ဖြစ်ပါတယ်။ အခြားဒေသတွေမှာ ယောကျ်ားလေးတွေက နည်းနည်း ရှက်ပြီး မိန်းကလေးတွေက ပိုပြီးရဲပါတယ်။ ဒီဘက်မှာ ယောကျ်ားလေးတွေက ပွင့်ပွင့်လင်းလင်းနဲ့ တက်တက် ကြွကြွရှိတယ်။ ဒါလူမှုရေးစနစ်ကြောင့် ဖြစ်မယ်၊ ဒီကလေး တွေကို ပြုစုပျိုးထောင်တဲ့အထဲမှာ ကောင်းတဲ့အရာတွေ ရှိလို့ ကလေးတွေက ဒီလိုဖြစ်တာပဲလို့ ကျွန်မသုံးသပ် ပါတယ်။
ဒါကြောင့် လူတိုင်းလူတိုင်းဟာ ဒေသတိုင်း ဒေသတိုင်း မှာ ကိုယ့်အတွက်ကို ဂုဏ်ယူစရာတွေရှိပါတယ်။ ကိုယ် မသိပေမယ့် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကောင်းနေတဲ့အရာ တွေရှိတယ်။ တန်ဖိုးထားစရာတွေရှိတယ်။ လေးစားစရာ တွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါလို့ ပြည်သူတွေကို ထပ်တလဲလဲ သတိပေး ပါတယ်။ အားမငယ်ပါနဲ့ ဒီလိုမြို့လေးမှာ နေရလို့၊ ဒီလို တောင်စောင်းတွေမှာ မွေးဖွားကြီးပြင်းလာရလို့ အားငယ် တဲ့စိတ် မရှိပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်း မှာ တခြားသူနဲ့မတူတဲ့ တန်ဖိုးရှိတယ်။
လူတိုင်းလူတိုင်းမှာ တန်ဖိုးရှိပါတယ်။ လူတိုင်းလူတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကမ္ဘာကြီးမှာ နေသွားတဲ့ လူတွေ ဘယ်တစ်ယောက်နဲ့မှ မတူဘူး။ ကိုယ့်လိုလူဆိုတာ တစ်ယောက်ပဲရှိတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ အကောင်းဆုံးဖြစ်အောင် လို့ ပြုစုပျိုးထောင်ပါ။ ကျွန်မတို့အစိုးရအဖွဲ့အနေနဲ့ ဒီလို အကောင်းဆုံးဖြစ်အောင်လို့ ပြုစုပျိုးထောင်တဲ့နေရာမှာ ဝိုင်းပြီးကူညီပေးချင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လို့ လုပ်ပေးချင်
ကျန်းမာရေးနဲ့ ပညာရေးဘက်က ကူညီပေးချင်တယ်။ အဲဒါက တစ်ဦးချင်း၊ တစ်ဦးချင်း ပြည့်ဝတဲ့ အရည်အချင်း ရှိလာဖို့။ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လို့ လုပ်ပေးချင်တယ်။ ဒါဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် အဲဒီလို ဝိုင်းပြီးလုပ်တဲ့နေရာမှာ ပြည်သူတွေ ပါဝင်ကြပါလို့ ကျွန်မ အနေနဲ့ ထပ်တလဲလဲမေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူ တွေ မပါဝင်ဘဲနဲ့ ဒီနိုင်ငံဟာ မတိုးတက်နိုင်ပါဘူး။ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ပါဘူး။
အင်မတန်မှ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် ဘာတွေ့ရလဲဆိုတော့ သူတို့ရဲ့ ပြည်သူ တွေက အင်မတန်မှ ဝီရိယရှိတယ်၊ ဇွဲရှိတယ်၊ ကြိုးစား တယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့က ပိုပြီးတော်လို့ မဟုတ်ပါဘူး။ မွေးရာပါ ဦးနှောက်ပိုပြီး ကောင်းလို့မဟုတ် ပါဘူး။ ဒါပေမယ့် ဝီရိယကောင်းလို့၊ ဇွဲကောင်းလို့၊ အလုပ် လုပ်နိုင်တဲ့ အင်အားရှိလို့ တိုးတက်တာပါ။ ဝီရိယ၊ ဇွဲတို့ ဆိုတာ ကိုယ့်ဟာကိုယ်ဖြစ်အောင်လည်း လုပ်လို့ ရပါတယ်။ ကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကို အမြဲ လေ့လာပါတယ်။ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ် ဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေဘာရှိလဲ၊ ဒေသရဲ့ လိုအပ်ချက်တွေက ဘာရှိလဲ ဒီဟာတွေကို ကျွန်မတို့ အနေနဲ့ ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာ သိချင်လို့၊ ဒီလို တွေ့ဆုံပွဲတွေလုပ်တာ ဖြစ်ပါတယ်။
ကျွန်မခန်းမထဲမှာ မလုပ်ချင်ဘူးဆိုတာက ခန်းမထဲ မှာဆိုရင် လူနည်းနည်းလေးပဲ ဝင်လို့ရတယ်။ အများ အားဖြင့် ကလေးတွေကိုအပြင်မှာ ထားခဲ့တယ်။ ကလေး တွေကိုအပြင်မှာ ထားခဲ့တဲ့အခါ ဝင်ချင်ကြလို့ ဟိုအော် ဒီအော်နဲ့ ဆူညံကြတာပါ။ အားလုံးအတူတူ စုလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုစုပြီး အခွင့်အရေးရှိတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မေးချင်တာတွေရှိရင် မေးဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်”ဟု ပြောကြားသည်။
မေးမြန်းတင်ပြ
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထား သည့် လေရှီးမြို့နယ်မှ ဦးစစ်ကျော်က လေရှီးမြို့၌ အသက် မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင် ရေး၊ လေရှီးမြို့ နန်ဝယ်ချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ် ပေးနိုင်ရေး၊ လေရှီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲများ တွင် သားဖွားဆရာမခန့်ထားပေးနိုင်ရေးနှင့် အရည်အချင်း နှင့် ကိုက်ညီသည့် ဒေသခံများအား ဦးစားပေးသင်တန်း ဝင်ခွင့်ပြုရေး၊ ထမံသီ-လေရှီး ဆက်သွယ်ထားသည့် လမ်းမကြီး၏ ပျက်စီးနေသည့်နေရာ ၁ မိုင်အား လမ်းလွှဲ ဖောက်လုပ်ပေးရေးနှင့် ရာသီမရွေးသွားလာနိုင်ရန် မတ်စောက်နေသည့်နေရာများ ပြုပြင်ပေးနိုင်ရေးနှင့် လေရှီးအခြေခံပညာမူလတန်းကျောင်း(ခွဲ)သို့ သွားရောက် သည့်လမ်းအား ပြုပြင်ပေးနိုင်ရေး၊ လေရှီးမြို့ ပြည်သူများ အတွက် သောက်သုံးရေ လုံလောက်မှုရှိစေရန် မတူဂီချောင်း မှ ရေပိုက်လိုင်းအား အသစ်လဲလှယ်ပေးနိုင်ပေးရေး၊ ဆမ္ပရာ မြို့မှ မြို့မိမြို့ဖဦးသီးယိုင်းပေါ့က ဆမ္ပရာမြို့ သာယာ ကျေးရွာနှင့် ချယ်ရာကျေးရွာတို့တွင် MPTဆက်သွယ်ရေးတိုင်များစိုက်ထူပေးရေးနှင့် လေရှီး-ဆမ္ပရာလမ်းပေါ်ရှိ ကျေးရွာများ ရွာဝင်ရွာထွက်လမ်းများအား ကွန်ကရစ်ခင်း ပေးရေး၊ မြို့မိမြို့ဖ ဦးမောင်သန်းက လစ်လပ်နေသည့် ဆရာဝန်များအား အမြန်ဆုံးခန့်ထားပေးရေးနှင့် မြို့နယ် ခန်းမတည်ဆောက်ပေးရေးတို့နှင့် စပ်လျဉ်းသည့်မေးမြန်း တင်ပြချက်များကိုလည်းကောင်း။
ထပ်မံမေးမြန်းတင်ပြလိုသူ ၁၄ ဦးအနက် မဲပေါက်သူ သုံးဦးဖြစ်သည့် လေရှီးမြို့နယ်မှ ဦးကီရှိးမှူးက နာဂဒေသ ဖွံ့ဖြိုးရေးအတွက် အထူးဒေသအဖြစ် သတ်မှတ်ဆောင်ရွက် ပေးရေးနှင့် ခန္တီးနှင့်ဟုမ္မလင်းမြို့တို့ကို နာဂဒေသထဲသို့ ပြန်လည်ထည့်သွင်းသတ်မှတ်ပေးရေး၊ ဒိန်းဂလိန်းကျေးရွာမှ ဦးပါဆယ်ကံက အခြေခံပညာနှင့် တက္ကသိုလ်ဝင်တန်းပညာ မပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရေး၊ လေရှီးမြို့နယ်မှ ဦးကျော်ဝင်းဌေးက နာဂဒေသပတ်ဝန်းကျင်ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ တံတားများ အရည်အသွေးပြည့်မီမှုရှိ၊ မရှိစစ်ဆေးသွားရေးနှင့်ဒေသခံ များ ဝန်ထမ်းခန့်အပ်ရာတွင် နီးစပ်သူများ ခန့်အပ်နေမှုကို
စိစစ်ဆောင်ရွက်ပေးရေး မေးခွန်းများကိုလည်းကောင်း မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ ဦးကိုလေးဝင်းတို့က ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ် ဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
တင်ပြမေးမြန်းချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေရရှိရေးကို အလေးထားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လေရှီးမြို့နယ်ခန်းမကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နာဂဒေသသာမက အခြားဒေသ များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် လည်း ခက်ခဲဒေသများကို အထူးဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရက ဆောင်ရွက်ပေးသည့် ကျန်းမာရေးဝန်ဆောင်မှုများကို အသုံးပြုရန်လိုကြောင်း၊ ကျန်းမာရေးပညာပေးမှုကို လေ့လာကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဆောင်ရွက် နေပါကြောင်း၊ ပညာသင်ယူမှုမပြီးမြောက်သည့် လူငယ်များ အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ် လက်မဲ့လူငယ်များအား စာရင်းကောက်ယူပြီး စီမံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
မိမိဒေသတိုးတက်ရေး ဝိုင်းဝန်းကူညီ
ဒေသခံများ ဝန်ထမ်းခန့်ထားရေးအပိုင်းကို ပြန်လည် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နာဂဒေသသို့ လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများကို ဒေသခံပြည်သူများက စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ တာဝန်ထမ်းဆောင်နိုင်အောင် ကူညီပေးကြစေလိုကြောင်း၊ ပြည်သူများတွင် အခွင့်အရေးရှိသကဲ့သို့ တာဝန်လည်း ရှိပါကြောင်း၊ ထို့အတူ အစိုးရတွင်လည်း လုပ်ပိုင်ခွင့်ရှိ သကဲ့သို့ တာဝန်လည်းရှိပါကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်ပေးရန်ကိစ္စကို တစ်နိုင်ငံလုံးတောင်းဆိုနေကြ ပါကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းဆောင်ရွက်ပေးနိုင်ရန် မှာ မလွယ်ကူပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိနိုင်ငံ၊ မိမိဒေသတိုးတက်ရေးအတွက် မိမိတွင်တာဝန် ရှိသည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီကြစေ လိုကြောင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် လေရှီးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာကြပြီး ဗန်းမောက်မြို့ ဇလုံတောင်သို့ရောက်ရှိကာ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇလုံတောင် စေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဇလုံတောင်မှ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြပြီး ဗန်းမောက်မြို့သို့ ရောက်ရှိရာ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗန်းမောက်မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီခန်းမထဲကို ကျွန်မအနေနဲ့ နောက်ကျပြီးရောက်တာကို တောင်းပန်ပါတယ်။ နောက်ကျရတဲ့အကြောင်းရင်းက ကျွန်မကိုလမ်းမှာ ပြည်သူတွေက လာနှုတ်ဆက်တဲ့အခါ ပြန်ပြီးနှုတ်ဆက်တော့ အချိန်ယူရပါတယ်။ အဲဒါကို တချို့က ကျွန်မကို ပြည်သူတွေလက်ကမ်းလို့ရှိရင် လိုက်ပြီး မနှုတ်ဆက်ပါနဲ့လို့ ပြောပါတယ်။
ဒါပေမယ့် ကျွန်မရဲ့အမြင်မှာ လက်ကမ်းလာရင် လက်ဆွဲပြီး ပြန်နှုတ်ဆက်ချင်ပါတယ်။ ဒါကပြည်ထောင်စု စိတ်ဓာတ်လို့ ကျွန်မက သတ်မှတ်ပါတယ်။ ကိုယ့်ကို စေတနာ၊ မေတ္တာနဲ့ကမ်းတဲ့လက်ကို ကျွန်မကဆွဲကိုင်မှ ညီညွတ်မှုနဲ့ တိုးတက်မှုရနိုင်မှာပါ။ ဒါကြောင့်အချိန်တွေ ကြာရင် နားလည်ပေးစေချင်ပါတယ်။
ကျွန်မအနေနဲ့ ဖြစ်နိုင်ရင် သန်းငါးဆယ်ကျော် ပြည်သူလူထုကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တွေ့ပြီး နှုတ်ဆက်ချင်ပါတယ်။ တကယ်တော့ ဒါက လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။
ရွာတစ်ရွာနဲ့တစ်ရွာ ဖောက်ထားတဲ့လမ်းအမျိုးမျိုး၊ တံတားအမျိုးမျိုးကို ကျွန်မတို့ပြည်သူတွေက တောင်းကြ ပါတယ်။ အရှေ့အနောက်တောင်မြောက် ဘာမှမကွာခြား ပါဘူး။ နောက်တစ်ခုက လျှပ်စစ်မီးကို တောင်းကြပါတယ်။ ပြည်သူများက လျှပ်စစ်မီးရှိမှ အဆင်ပြေမယ်ဆိုပြီး တောင်းကြတာပါ။ ဒီကိုမရောက်ခင် ကျွန်မတို့ ဇလုံတောင် မှာဝင်ပြီး ဘုရားဝင်ဖူးတော့ ဆရာတော်ကြီးက လျှပ်စစ်မီး လိုချင်တယ်လို့ မိန့်ပါတယ်။ ဆရာတော်ကြီး လျှပ်စစ်မီး လိုချင်တဲ့အကြောင်းက သက်ကြီးရွယ်အိုဘုရားဖူးတွေ ဓာတ်လှေကားနဲ့တက်ပြီး ဘုရားဖူးနိုင်အောင်ဆိုပြီး လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်ပြီးမိန့်ပါတယ်။ ဒီတော့ ကျွန်မတို့ကလည်း ကြိုးစားရမှာပါ။
နောက်ပြီး သောက်သုံးရေကို တချို့ရွာတွေက ကျွန်မတို့ကို တောင်းကြပါတယ်။ ဒါလည်း အင်မတန်မှ အရေးကြီးတယ်ဆိုတာ အားလုံးအသိပါ။ အဓိက ရေမရှိဘဲနဲ့ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒါတွေကို ကျွန်မဦးစားပေးပြီးလုပ်ပါမယ်။ နောက် ကျန်းမာရေးနဲ့ ပညာရေးဆိုရင် ကျန်းမာရေးကို ပိုပြီးတောင်းတာကို ကျွန်မသတိပြုမိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပိုပြီးတောင်းတာကို သတိပြုမိတာက ဆရာဝန်၊ သူနာပြု ဆရာမတွေ လုံလုံလောက်လောက်မရှိဘူး။ အထူးကုတွေ မရှိဘူး။ ဘယ်ဆေးရုံမှာဆိုရင် ဝန်ထမ်းတွေ ရှိသင့် သလောက်မရှိဘူး။ ဝန်ထမ်းတွေလည်း မလာကြဘူးဆိုပြီး အဲဒီလိုတောင်းတာတွေ ရှိပါတယ်။
ပညာရေးနဲ့ပတ်သက်လို့ တောင်းဆိုမှုနည်း
ဒါပေမယ့် ကျွန်မစိတ်ဝင်စားတာက ဒီဘက်ပိုင်းမှာပညာရေးနဲ့ပတ်သက်လို့ တောင်းတာနည်းပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတွေကိုတောင်းတာ ရှိပါတယ်။ ဒါပေမယ့် ကျောင်းတွေနဲ့ပတ်သက်လို့ ပြည်သူ လူထုတွေရဲ့ တင်ပြချက်တွေ၊ တောင်းဆိုချက်တွေက နည်းနည်း နည်းပါတယ်။ အဲဒါကြောင့် ကျွန်မအံ့အား သင့်ပါတယ်။
ကျွန်မ စပြီးနိုင်ငံရေးလုပ်ကတည်းက တိုင်းပြည်ကို လှည့်ပြီး ပြည်သူလူထုတွေနဲ့တွေ့တဲ့အခါမှာ ကျန်းမာရေးနဲ့ ပညာရေးကို အလေးထားပြီးတောင်းတာကို အဲဒီတုန်းက တည်းက တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပညာရေးဘက် ကို တောင်းတာနည်းလာတော့ ကျွန်မကစဉ်းစားရပါတယ်။ ပညာရေးဘက်မှာ အားကောင်းလာလို့လား၊ ပြည်သူတွေ အနေနဲ့ ပညာရေးကို အရင်လောက်စိတ်မပါလို့လား၊ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အခုဒီက ကလေး တွေသာမက မိဘတွေရော ပညာရေးကို စိတ်ပါတယ်ဆိုရင် ပညာရေးဘက်က ကျန်းမာရေးနဲ့စာရင် ပြဿနာနည်းလို့ များလားလို့ ကျွန်မစဉ်းစားမိပါတယ်။ ဒါက ကျန်းမာရေး ဝန်ကြီးက သေသေချာချာ စဉ်းစားရမယ့်ကိစ္စပါ။
ပညာရေးဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပဲဆိုတာ အမြဲတမ်းပြောပါတယ်။ ဒီကိုလာရင်းလမ်းမှာ ကျောင်းသူ ကျောင်းသားတွေ အများကြီးတွေ့ရတဲ့အခါ တစ်ဖက်မှာ ကျွန်မတို့နိုင်ငံရဲ့တာဝန်ဟာ အင်မတန်ကြီးပါလားလို့ ခံစားမိပါတယ်။ ဒီကျောင်းသူ ကျောင်းသားတွေ အဆင့် အမြင့်ဆုံးပညာတတ်အောင်၊ သူတို့ရဲ့ဘဝလမ်းကြောင်း အတွက် တကယ်ကိုတန်ဖိုးရှိမယ့်၊ သုံးလို့ရမယ့် ပညာ တတ်အောင်သင်ပေးဖို့ အင်မတန်မှကြီးတဲ့တာဝန်လို့ ကျွန်မ စဉ်းစားမိပါတယ်။ တစ်ဖက်က ကျောင်းသူ ကျောင်းသားတွေ များလေလေ ကျွန်မတို့ အနာဂတ်အတွက် အင်အားတွေ များလေလေလို့ စဉ်းစားမိပါတယ်။ ဘဝ ဆိုတာ ဘယ်တော့မဆို ဟိုဘက်ဒီဘက် ခေါင်းနဲ့ပန်းလိုရှိနေ တာပါ။ တစ်ဖက်က သူ့ရဲ့အကျိုးဆိုရင်၊ တစ်ဖက်မှ သူ့ရဲ့ တာဝန်တွေက ဒီအကျိုးကိုခံစားရဖို့ အားထုတ်ရမယ့် ကိစ္စတွေ ရှိနေပါသေးတယ်။ ပြည်သူတွေ သဲသဲလှုပ်နေတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ်လည်း ကူညီဖို့ လိုပါလိမ့်မယ်။
ပြည်သူတွေကလည်း ကူညီပါ။ ဥပမာဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုတယ်လို့ ပြောတဲ့အခါမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို ခက်ခဲတဲ့နေရာ တွေမှာ ပိုပြီးကျန်းမာရေးဝန်ထမ်းတွေ သွားနိုင်အောင်၊ ပိုပြီး ဆရာဝန်တွေရှိလာအောင် ဘယ်လိုအစီအစဉ်တွေ လုပ်ထားတယ်ဆိုတာကို ရှင်းပြပါတယ်။ တစ်ချိန်တည်းမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး အနေနဲ့ အမြဲပြောပါတယ်။ ဒီလိုပြင်ပက ဝန်ထမ်းတွေလာရင် ဒေသခံတွေအနေနဲ့ နေစရာ လုပ်ပေးပါ။ ဘာဖြစ်လို့လဲဆို ဒီမှာလာပြီး အလုပ်လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ဖြစ်၊ ပညာရေးဝန်ထမ်းပဲဖြစ်ဖြစ် ဒေသပြင်ပကလာတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ရပ်ရွာကို စွန့်ခွာခဲ့ရတယ်။ မိသားစုတွေကို ထားခဲ့ရတယ်။ သူတို့အတွက် အင်မတန်မှ စိမ်းနေတဲ့နေရာတစ်ခုကို လာရသလိုပါပဲ။ အဲဒါကြောင့် ဒီနေရာမှာ နေချင်အောင်၊ ကြာကြာတာဝန် ထမ်းဆောင်ချင်အောင် ဒေသခံတွေက ကူညီမှဖြစ်မှာပါ။ ဒေသခံတွေက ပြင်ပကလူတွေကို အပြင်ကလူတွေ၊ သူစိမ်းတွေဆိုတဲ့ စိတ်နဲ့ထားရင် ဒီလူတွေက သူစိမ်းတွေလို ဖြစ်ပြီး နေချင်မှာမဟုတ်ပါဘူး။ ဒါကိုယ့်ရဲ့သားချင်းတွေပဲ၊ တို့ရဲ့ဆွေမျိုးတွေပဲ၊ တို့ရဲ့နိုင်ငံသူ နိုင်ငံသားတွေပဲ၊ တို့အရပ် တို့ရွာကောင်းဖို့အတွက် လာပြီးကူညီတာပဲ ဆိုတဲ့စိတ်နဲ့ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုဆက်ဆံ မယ်ဆိုရင် ပြင်ပကလာတဲ့ ဝန်ထမ်းတွေဟာ ဒီမှာနေချင် မယ်။ အဲဒီလိုကျွန်မက ဖြစ်စေချင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သူစိမ်းလို မြင်လို့မဖြစ်
ကျွန်မတို့တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ ဒီလို မြို့တစ်မြို့မှာကြည့်လိုက်ရင် တိုင်းရင်းသားဝတ်စုံအမျိုးမျိုးကို ကျွန်မတွေ့ရပါတယ်။ ဒီလိုတိုင်းရင်း သားမျိုးစုံရှိတဲ့နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက်ကို သူစိမ်းလိုမြင်လို့ မဖြစ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ကို သူစိမ်းလိုမြင်မယ်ဆိုရင် ကျွန်မတို့ဘယ်လိုလုပ် စည်းလုံး ညီညွတ်မှုရနိုင်မလဲ။
ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုဝတ်စုံပဲ ဝတ်ထား ထား၊ ဒီမှာတိုင်းရင်းသားဝတ်စုံတွေ အမျိုးမျိုးဝတ်ထားတဲ့ ကလေးတွေဟာ တချို့တွေက တစ်ကျောင်းတည်း၊ တစ်တန်းတည်းက ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ကျောင်းထဲမှာ အတန်းအတူတူဆိုတဲ့အခါ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ တခြား တိုင်းရင်းသားအုပ်စုတွေထဲကလည်း ပါမယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားအုပ်စုတွေထဲက ဆိုပေမယ့် ကိုယ်ခင်ရာ၊ ကိုယ်ခင်ရာပါပဲ။ ဒီလိုပဲ စိတ်ထားစေချင်တယ်။ ကျွန်မတို့ရဲ့နိုင်ငံမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး၊ ပြည်ထောင်စုသားချင်းတွေအားလုံးဟာ ညီအစ်ကို အရင်းအချာတွေဆိုတဲ့စိတ်ကို မွေးစေချင်ပါတယ်။ ဒီလို စိတ်မွေးနိုင်မှ နိုင်ငံရဲ့ မတူကွဲပြားမှုတွေဟာ ကျွန်မတို့
အတွက် အင်အားဖြစ်မှာ။ မတူတဲ့သူတွေက ငါတို့ရန်သူ၊ မတူတဲ့လူတွေက ငါတို့နဲ့ တစ်သားတည်းနေနိုင်မှာ မဟုတ်ပါဘူး။ မတူတဲ့သူတွေမို့လို့ ငါတို့ “ပ” ထားရမယ် ဆိုတဲ့ စိတ်တွေထားရင် ကျွန်မတို့နိုင်ငံဟာ အင်အားတွေ လျော့သွားပါလိမ့်မယ်။ ဒီလိုအင်အားတွေ မလျော့သွား အောင် ကလေးတွေ ငယ်ငယ်ကတည်းကစပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးကြပါ။ ကလေးတွေအနေနဲ့ ဘယ်တော့မှ မမေ့ပါနဲ့။ ဒီနိုင်ငံဟာ ပြည်ထောင်စုပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပါတယ်။ တိုင်းရင်းသားတိုင်း မှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေရှိပါတယ်။ သူတို့ရဲ့ လေးစားစရာကောင်းတဲ့ အယူအဆလေးတွေ ရှိပါတယ်။ အဲဒါတွေကို ကိုယ်က သိအောင်ကြိုးစားပါ။ ကြိုးစားမှ ကိုယ်ကလည်း ငါတို့မသိတာတွေ အခုသူတို့ ဆီကနေ သိနေပါလား၊ ကိုယ်ကလည်း သူတို့မသိတာကို သင်ပေးလို့ရမယ်။ ဒီလိုစိတ်ဓာတ်နဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို ထူထောင်ဖို့လိုပါတယ်။
ကျန်းမာရေး၊ ပညာရေးကောင်းဖို့ ကူညီရမယ်
ကျွန်မတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါတွေက အင်အားပါ။အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်း တွေရှိတယ်ဆိုတာ နိုင်ငံ့ရဲ့တာဝန်တွေကို ထမ်းဆောင်မယ်၊ နိုင်ငံ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်ပြီးအားထုတ် ပေးနိုင်မယ်။ ဒါပေမယ့် အရွယ်ကောင်းတဲ့ကလေးတွေကိုပထမဦးဆုံး ကျန်းမာရေးကောင်းဖို့၊ ပညာရေးကောင်းဖို့ အစိုးရကနေကူညီရမယ်၊ ကြိုးစားရမယ်။
ပညာသင်ယူတတ်မြောက်ပြီးတဲ့အချိန်မှာသင့်တော်တဲ့အလုပ်ရနိုင်အောင်လည်း အစိုးရကနေပြီး စီမံခန့်ခွဲပေး ဖို့ အင်မတန်မှအရေးကြီးပါတယ်။ ဘွဲ့ရအလုပ်လက်မဲ့ဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်မတို့နိုင်ငံမှာအင်မတန်မှ ကျယ်ပြန့် ပါတယ်။ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်မရှိဘူး၊ တက္ကသိုလ်ဘွဲ့ ရထားတယ်။ ဘာမှ အလုပ်မရနိုင်ဘူးဆိုတာ ကောင်းတာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ပညာတတ်ဆိုတာ တက္ကသိုလ် ဘွဲ့ရမဟုတ်ဘူးဆိုတဲ့ အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်လို့ ကြိုးစားနေပါတယ်။
အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ဖို့ ဖန်တီး
ပညာဆိုတာ ကိုယ့်ဘဝအတွက် လိုအပ်တဲ့အရည် အချင်းတွေ၊ လိုအပ်တဲ့ အသိပညာတွေပါ။ တက္ကသိုလ်ဘွဲ့ရမှ ဒီလိုပညာတွေရှိတာမဟုတ်ပါဘူး။ ကျွန်မအနေနဲ့ အသက် မွေးဝမ်းကျောင်းပညာကို အင်မတန်မှ အားပေးချင်ပါတယ်။ ဒီလိုအားပေးရခြင်းဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ဟာ အသက်မွေးကျောင်းပညာကို တက္ကသိုလ် ပညာနဲ့ တန်းတူတန်ဖိုးထားတယ်။ တန်းတူသာမက တချို့ နေရာတွေမှာ ပိုပြီးတန်ဖိုးထားတယ်လို့ ပြောနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်သွားတဲ့ လူငယ်တွေဟာ တက္ကသိုလ်ဘွဲ့ရလူငယ်တွေနဲ့ တန်းတူရည်တူ ဝင်ငွေ ကောင်းတယ်။ နိုင်ငံ့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်တယ်။ စီးပွားရေးမှာအင်မတန်ဩဇာရှိတယ်။ ဒါကြောင့် အသက် မွေးဝမ်းကျောင်းပညာဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို တစ်နေ့ထက်တစ်နေ့ တစ်ကမ္ဘာလုံးက အသိ အမှတ်ပြုလာပါပြီ။ ကျွန်မတို့နိုင်ငံမှာ ပညာရေးက အားနည်းတယ်။ ဒါပေမယ့် အားနည်းချက်ကို အားသာချက် လုပ်လို့ရပါတယ်။ ဒီနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရ ၄ ရာခိုင်နှုန်း ပဲရှိပါတယ်။ ၄ ရာခိုင်နှုန်းဆိုတာ အင်မတန်မှနည်းပါတယ်။ အများစုဖြစ်တဲ့ ပြည်သူတွေဟာ တက္ကသိုလ်ဘွဲ့ မရပါဘူး။ ဒါကအကြောင်းမဟုတ်ပါဘူး။ လူငယ်တွေ ကိုယ့်ဘဝ အတွက် သင့်တော်တဲ့အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ယူနိုင်ဖို့ အခွင့်အရေးတွေရအောင် ကျွန်မတို့ ဖန်တီးပေးပါမယ်။ ဖန်တီးပေးမယ့် အခွင့်အရေးတွေကို ယူကြပါ။ မိဘတွေကလည်း အားပေးကြပါ။ တစ်ချိန်တည်း မှာ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မိဘများဟာ အသက်မွေးဝမ်းကျောင်းပညာကို ပိုပြီး အားပေးလာတာကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။
အရင်တုန်းက တက္ကသိုလ်ဘွဲ့လေး ရစေချင်တယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဓာတ်ပုံရိုက်ရတာကို သဘောကျတဲ့ ခေတ်တွေက တော်တော်နည်းသွားပါပြီ။အသက်မွေးဝမ်းကျောင်းပညာသင်ပြီးကြောင်း လက်မှတ် ရရင်လည်း ဘွဲ့ရတွေလို အခမ်းအနားလုပ်လို့ရပါတယ်။ ဒါတွေကို ကျွန်မစီစဉ်ပေးပါမယ်။ ပညာတိုင်း၊ ပညာတိုင်းဟာ သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာကို အများနားလည်အောင် လို့ပါ။
ဒေသခံတွေ တင်ပြနိုင်အောင် အခွင့်အရေးပေး
အခုလို ပြည်သူလူထုနဲ့ ဆုံတဲ့အခါ မိမိတို့လိုအပ်ချက် ကလေးတွေကို တင်ပြကြပါ။ တစ်နေရာနဲ့တစ်နေရာမှာလိုအပ်ချက်တွေက ဆင်တူယိုးမှားတွေရှိပါတယ်။ တချို့က မေးပါလိမ့်မယ်၊ ဆင်တူယိုးမှားဆိုရင် ဘာဖြစ်လို့ဆက်မေး ခွင့်ပေးတာလဲ။ ဒီနေရာမှာ မေးတဲ့မေးခွန်းတွေကလည်း ဒါပဲ။ ဟိုနေရာမှာမေးတဲ့ မေးခွန်းတွေကလည်းဒါပဲ၊ ဒါပေမယ့်မတူပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ပြဿနာ၊ ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့အခက်အခဲတွေကို တင်ပြတာ က တခြားလူတင်ပြတာနဲ့ မတူပါဘူး။ ဒါကြောင့်မို့ ကျွန်မ တို့က ဘယ်သွားသွားတတ်နိုင်သရွေ့ ဒေသခံတွေက မိမိတို့ရဲ့ အခက်အခဲတွေ၊ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ တင်ပြနိုင်အောင် အတတ်နိုင်ဆုံး အခွင့်အရေးပေးပါတယ်။ တချို့မေးခွန်း တွေက စာရေးပြီး စောစောကတည်းက တင်ထားတယ်။ အဲဒါတွေကို ဦးစားပေးပါတယ်။ ဒီဟာတွေ ဖြေပြီးလို့ အချိန်ကျန်တဲ့အခါမှာ ကျွန်မတို့က မဲနှိုက်ပြီး ပရိသတ်ထဲက ပုဂ္ဂိုလ်တွေကို မေးခွင့်ပေးပါတယ်။ အခုစာနဲ့တင်ပြထားတဲ့ မေးခွန်းတွေကို ပထမဆုံးဖြေပေးပါမယ်။ တချို့မေးခွန်းတွေ ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖြေပါ့မယ်။ တချို့မေးခွန်း တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေပါ့မယ်”ဟု ပြောကြားသည်။
ဆောင်ရွက်ပေးရမည့် အခြေအနေများ ရှင်းလင်း
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြမေးမြန်းထား သည့် ဗန်းမောက်မြို့ လိပ်စောမင်းကုန်းကျေးရွာမှ ဦးမောင်စိုးက လိပ်စောမင်းကုန်းကျေးရွာအနီးတွင် အရှည်ပေ (၂၀၀) တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး၊ ကြောင်လည်ရွာမှ ဦးသိန်းထွန်းက ဗန်းမောက်- ဟုမ္မလင်း လမ်းအား ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ပေး နိုင်ရေး၊ နားပင်ရွာမှ ဦးမောင်ပိုက ကြောင်လည်စံပြကျေးရွာ၌ နယ်မြေရဲစခန်းဖွင့်လှစ်ပေးနိုင်ရေး၊ နန်းတပ်ပေကုန်း ကျေးရွာမှ ဦးရဲပိုက စာခမ်း-ဟော်ယောကျေးရွာ ကျောက်ချောလမ်းခင်းပေးနိုင်ရေး၊ မံလူကျေးရွာမှ ဦးတင်ရှိန်က ကြောင်လည်စံပြကျေးရွာ၌ ၆၆/KV/ ၅ MVA ဓာတ်အားခွဲရုံအသစ် တည်ဆောက်ပေးရေး၊ တဇွန်း ကျေးရွာမှ ဦးထွန်းကြီးက နန်းဇားကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးနိုင်ရေး၊ စီကတောင်ကျေးရွာမှ ဦးဝင်းတင့်က စီကတောင်ကျေးရွာ ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် သားဖွားဆရာမနေအိမ်အား အသစ်ပြန်လည်တည်ဆောက် ပေးနိုင်ရေးတို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည် ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက် ပေးသွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် ခန်းမအတွင်းမှ မေးခွန်းတင်ပြမေးမြန်း လိုသူ ၁၉ ဦးအနက် မဲပေါက်သူ နှစ်ဦးဖြစ်သည့် ဗန်းမောက်မြို့မှ ဒေါ်ဝေနှင်းမွန်က ဗန်းမောက်မြို့တွင် မူးယစ်ဆေးဖြတ် ဆေးရုံတည်ဆောက်ပေးရေး၊ ကသာမြို့မှ ကိုလီလီထွန်းက ကြံစိုက်တောင်သူများအတွက် ပြည်တွင်း သကြားဈေးကွက် ဖော်ဆောင်ပေးရေး မေးခွန်းများကို လည်းကောင်း၊ ခန်းမအပြင်မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၂ ဦးအနက် မဲပေါက်သူ နှစ်ဦးဖြစ်သည့် ဗန်းမောက်မြို့ မံယူကြီးကျေးရွာမှ
ဦးသန်းဦးက မံယူကြီးကျေးရွာ ကိုယ်ထူကိုယ်ထလှူဒါန်းထား သည့် အဆောက်အဦအား တိုက်နယ်ဆေးရုံအသစ် အဖြစ် တိုးချဲ့ဆောင်ရွက်ရေး၊ အနောက်တောကျေးရွာမှ ဦးထွေးအောင်က ကန်ကုန်း- လွင်ကြီး- ဝေတုတ်ခီ- အနောက်တော- ဟုမ္မလင်းလမ်း ပြန်လည်ပြုပြင်ပေးနိုင် ရန်နှင့် ကျေးရွာဖြတ်လမ်းများ ဖောက်လုပ်ပေးရေး မေးခွန်းများကိုလည်းကောင်း တင်ပြမေးမြန်းကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးတားဆီး ရေးကိစ္စမှာ ပြည်သူများ ပါဝင်ရန်လိုကြောင်း၊ ကြံစိုက် တောင်သူများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြံစိုက်တောင်သူများအား ဈေးကွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန်အတွက် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးရန်လိုအပ်ပါ ကြောင်း၊ ဗန်းမောက်မြို့ ပြည်သူများနှင့် ခဏတာတွေ့ရ သော်လည်း မိမိအတွက် တန်ဖိုးရှိပါကြောင်း၊ ဒေသခံပြည်သူ များ၏ တင်ပြချက်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ကိစ္စတစ်ခုချင်းအလိုက် တွေ့ဆုံဖြေရှင်းရန် မှာကြား
ကြိုတင်မေးမြန်းတင်ပြထားသည့် မေးခွန်းများအနက် ဗန်းမောက်မြို့ နားမော်ကျေးရွာမှ ဦးကျော်ဌေးက နားမော်ကျေးရွာတွင် ဓာတ်အားခွဲရုံအမြန်တည်ဆောက် ပေးနိုင်ရေး၊ မြို့မရပ်ကွက်မှ ဦးဘလင်းက ဇလုံတောင်လမ်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးနိုင်ရေးနှင့် ဗန်းမောက်-ဇလုံတောင်လမ်းအား ရာသီမရွေးသွားလာ နိုင်အောင်ဆောင်ရွက်ပေးရေး၊ မြို့မရပ်ကွက်မှ ဒေါ်မို့မို့ခိုင်က ဗန်းမောက်-အင်းတော်ဆက်သွယ်ထားသည့် လမ်းအား အကျယ် ၁၈ ပေလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ မြို့မ ရပ်ကွက်မှ ဦးနေဝေထူးက ဗန်းမောက်မြို့တွင်း လမ်းများ အား အကျယ် ၂၄ ပေ လမ်းဆောင်ရွက်ပေးနိုင်ရေး၊ ပင်ဟင်းခါးကျေးရွာမှ ဦးကျော်သန်းက ပင်ဟင်းခါး-လက်ပံကျင်း-ကျောက်ဆည်ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ပေးရေး၊ မြို့မရပ်ကွက်မှ ကိုကျော်ဂိုဂိုထက်ကဗန်းမောက်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် လစ်လပ် နေသည့် ဆရာဝန်များဖြည့်ဆည်းပေးနိုင်ရေး၊ စက်တောရွာ မှ ဦးအောင်ဝင်းတင်က စက်တောဘုန်းကြီးကျောင်းရှိ မင်းတုန်းမင်းလှူဒါန်းထားသည့် ရှေးဟောင်းပစ္စည်းများ ပြသနိုင်ရန်ပြခန်းနှင့် ၎င်းပြခန်းမှ ဇလုံတောင်ယာဉ်ရပ်နား စခန်းသို့ လွယ်ကူစွာသွားနိုင်ရန် လမ်းဖောက်လုပ်ပေးရေးတို့နှင့်စပ်လျဉ်းသည့် မေးမြန်းတင်ပြချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ ညွှန်ကြားရေးမှူးအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍကိစ္စ တစ်ခုချင်းအလိုက် တွေ့ဆုံဖြေရှင်းဆွေးနွေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ကလေးမြို့သို့ ရောက်ရှိ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဗန်းမောက်မြို့မှ ပြန်လည်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိ ကြ ပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြရာ ကလေးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေးလေဆိပ်နှင့် ကလေးမြို့တွင်း လမ်းမများ၌ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်သည်။ သတင်းစဉ်

No comments:

Post a Comment