Friday, December 13, 2019

လွှတ်တော်ရေးရာ
========
လူထုအခြေပြုဗဟိုဌာနများကို ပြည်သူများ အသိပညာနှင့်သတင်းအချက်အလက် ရှာမှီးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာနေရာများအဖြစ် ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၁၂
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု (ခ)ဦးတင်နုအောင်၏ ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားလာနိုင်ရေးအတွက် ကစ္စပနဒီ အမြန်ရေယာဉ်အား သီတင်းတစ်ပတ်တွင် အနည်း ဆုံးနှစ်ကြိမ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကစ္စပနဒီရေယာဉ်များသည် ခရီးသည် သီးသန့်တင်ဆောင်သည့် ရေယာဉ်များဖြစ်သဖြင့် ကုန်စည်တင်ဆောင်နိုင်ခြင်းမရှိဘဲ ရေယာဉ်များ၏ တည်ဆောက် မှုပုံစံအရ ရေစူးနှင့် အမြန်နှုန်းအကြား ဆီစားနှုန်းများပြားပြီး ခရီးသည်လိုက်ပါမှု အလွန်နည်းပါးသဖြင့် ခရီးစဉ်တစ်ခေါက် တွင် အရှုံးများစွာဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ပါ၍ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအနေဖြင့် မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ ကစ္စပနဒီအမြန်ယာဉ် ပြေးဆွဲ ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ မောင်တောမြို့ (၄)မိုင် ရပ်ကွက် မကျည်းကုန်းရွာ၌ လိုအပ် လျက်ရှိသော လူနည်းစု(သက်) တိုင်းရင်းသားများ စာပေ ယဉ်ကျေးမှုဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ - ရိုးရာဓလေ့ထုံးတမ်းအခမ်းအနားကျင်းပနိုင်မည့် (၅၀ ပေ x ၃၀ ပေ) ရှိ အဆောက် အဦတစ်ခုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် အဆင့် မြို့ကြီးများရှိ ဌာနပိုင်မြေနေရာများတွင် အကျယ်အဝန်း နှင့် အချက်အချာကျမှုအပေါ်မူတည်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) များကို ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက် ရှာမှီးရာနေရာ၊ ရပ်ရွာအသင်းအဖွဲ့များ စုဝေးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုး ဆွေးနွေး တိုင်ပင်ရာနေရာ၊ ပြည်သူလူထု အပန်းဖြေနားခိုရာနေရာ၊ ပြည်သူများနှင့် အကျွမ်းတဝင်ဖြစ်သည့်နေရာ၊ လူငယ်လူရွယ် များ အသိပညာဆည်းပူးရာနေရာ စသည်ဖြင့် အသုံးပြုနိုင်သည့် အဆောက်အဦများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းသို့ ဆောင်ရွက်ရာတွင် နည်းလမ်းသုံးမျိုးကို အခြေခံပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (B.O.T) စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း စသည်တို့ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် ဗန္ဓုလလမ်း နာရီစင်အနီးရှိ မြေအကျယ်အဝန်း (၇၈ x ၇၆)ပေ ပေါ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တောခရိုင်ရုံးကို ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် (၅၆ x ၃၀)ပေ အုတ်ညှပ်၊ သွပ်မိုး၊ နှစ်ထပ်အဆောက်အဦ အဖြစ် တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များ အတွင်းတွင် သင့်တင့်သည့် ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ် ခဲ့ပါကြောင်း၊ မောင်တောခရိုင်ရုံး အဆောက်အဦတွင် စာကြည့် တိုက်နှင့် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်း စသည့် လူထု အခြေပြုဌာနတစ်ခု၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ဆန္ဒပြုသည့် မောင်တောမြို့ (၄)မိုင်ရပ်ကွက် မကျည်းကုန်းကျေးရွာတွင် ခန်းမတစ်ခု ဆောက်လုပ်ပေးရန်ကိစ္စတွင် ၎င်းနေရာ၌ ဌာနအမည်ပေါက် မြေပိုင်ဆိုင်မှုမရှိခြင်း၊ ဌာနအနေဖြင့် ရုံးအဆောက်အဦ မရှိသေး သော ခရိုင်နှင့် မြို့နယ်ရုံးများကို ဦးစားပေးတည်ဆောက် နေရခြင်း၊ သက်တမ်းကြာ၍ ယိုယွင်းလာသော ရုံးအဆောက် အဦများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ဦးစားပေး စီစဉ်ဆောင်ရွက်ပေးနေရခြင်းတို့ကြောင့် လောလောဆယ်အချိန်တွင် မောင်တောမြို့ (၄)မိုင်ရပ်ကွက် မကျည်းကုန်းရွာ၌ Community Hall ဆောက်လုပ်ပေးနိုင် ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ဦးလှထွန်းကျော်က ယခု မိမိမေးသော မေးခွန်း၏ အဓိကရည်ရွယ်ချက်သည် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနကိုဦးတည်၍ မေးမြန်းခဲ့ခြင်းဖြစ်ပါ ကြောင်း၊ မေးခွန်းထဲတွင် Community Hall ကဲ့သို့ စကားလုံး ပါရှိသည့်အတွက် ယခု ပြန်ကြားရေးဝန်ကြီးဌာနက လာရောက်ဖြေကြားသည့်အတွက်လည်း ကျေနပ်ပါကြောင်း၊ တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပေါင်းစပ်၍ ကူညီပေး နိုင်မည့် အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်းမေးမြန်းရာ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သက်တိုင်းရင်းသား လူမျိုးစုများအတွက် စာပေယဉ်ကျေးမှု ဖြန့်ဖြူးသည့်နေရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံးတမ်း အခမ်းအနားများ ကျင်းပ နိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ မောင်တောမြို့နယ်တွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခန်း (Community Centre) အဖြစ် အသုံးပြုနေသည့်နေရာဌာနကို အသုံးပြုမည် ဆိုပါက အသုံးပြု၍ရပါကြောင်း၊ Community Hall နေရာ တွင် အဆောက်အဦတစ်ခုဆောက်လုပ်ရေးနှင့် ထိုနေရာတွင် သက်တိုင်းရင်းသားယဉ်ကျေးမှုနှင့်ပတ်သက်သည့် လုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရေးကိစ္စတွင် လွှတ်တော် ကိုယ်စားလှယ်တင်ပြသကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ အမျိုးသားစာပေဆု ကဗျာပေါင်းချုပ်ဆု ရွေးချယ်ရာတွင် ဂန္ထဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆုနှစ်ခု ခွဲခြားပေး နိုင်ခြင်း ရှိ၊ မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ ဖွဲ့စည်း တည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ် ချက် စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှု ရှိ၊ မရှိနှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထား ခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဦးစွာ အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်ပုံနှင့် စပ်လျဉ်း၍ အနည်းငယ်တင်ပြလိုပါကြောင်း၊ အမျိုးသားစာပေဆုများ ချီးမြှင့်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်တွင်ရှိသည့် စာပေ ဗိမာန်က တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေ ဗိမာန်အဖွဲ့အနေဖြင့် ၁၉၄၈ ခုနှစ်မှစပြီး စာပေဆုများချီးမြှင့် ခဲ့ရာ အစပိုင်းတွင် စာပေဗိမာန်ဆုအမည်ဖြင့် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားစာပေဆုဟု ပြောင်းလဲခေါ်ဝေါ် ခဲ့ခြင်းဖြစ်ပါကြောင်း။
၁၉၄၈ ခုနှစ်တွင် ဝတ္ထုရှည်ဆု တစ်ဆုတည်းသာ ချီးမြှင့်ခဲ့ရာမှ နောက်ပိုင်းတွင် ဆုအမျိုးအမည်များ တိုးလာပြီး ယခုအချိန်တွင် ဘာသာရပ်အလိုက် ဆု ၁၈ မျိုးအထိ ရှိလာ သည့်အပြင် တစ်သက်တာစာပေဆုကိုလည်း စာရေးဆရာ အနေဖြင့် တစ်ဦး၊ စာပေပညာရှင်များထဲမှတစ်ဦး ရွေးချယ် ချီးမြှင့်နေပြီဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စာရေးဆရာ စာပေပညာရှင်များပါဝင်သည့် အမျိုးသားစာပေဆု စိစစ်ရွေး ချယ်ရေးကော်မတီကို ပြန်ကြားရေးဝန်ကြီးဌာနက ကမကထ ပြုဖွဲ့စည်းပြီး နှစ်စဉ်အတည်ပြုထုတ်ပြန်ပေးပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွက် ဖွဲ့စည်းခဲ့သည့်ကော်မတီတွင် အဖွဲ့ဝင် ၅၄ ဦး ပါဝင်ပါကြောင်း၊ ထိုကော်မတီအောက်တွင် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအတွက် စာပေဆုများပဏာမရွေးချယ် ပေးမည့်အဖွဲ့ငယ်များ ဖွဲ့စည်းထားပြီး စိစစ်ရွေးချယ်ခြင်း၊ အဆင့်ဆင့်အတည်ပြု ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြခြင်းဖြစ်ပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်အနေဖြင့် ဆုစိစစ်ရွေးချယ်ရာတွင် ပါဝင်ခြင်းမရှိဘဲ ကော်မတီနှင့် အဖွဲ့ ငယ်များ၏ ဆုရွေးချယ်မှုလုပ်ငန်းအဆင်ပြေချောမွေ့စေရန် အထောက်အကူပြုသည့်အလုပ်များသာ ဆောင်ရွက်ပေးကြ ပါကြောင်း၊ စာပေဆုကော်မတီတွင် ပါဝင်သည့် ပညာရှင်များ အနေဖြင့် ဆုအမျိုးအမည်အသစ်များ တိုးချဲ့ပေးရန် ဆွေးနွေး ကြခြင်းလည်း ရှိပါကြောင်း၊ တင်ပြသူက တင်ပြပြီး ထိုအပေါ် တွင် ထောက်ခံသူ၊ ကန့်ကွက်သူများက ဆွေးနွေးကြပါကြောင်း၊ ထို့နောက် အများသဘောဆန္ဒအလျောက် ဆုံးဖြတ်ကြပါ ကြောင်း။
ကဗျာဆုကို တစ်ဆုတည်းထားရန် ဂန္ထဝင်ကဗျာဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ကောင်းသည့်ကဗျာစာအုပ်ကို ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့
ယင်းသို့ဆွေးနွေးသည့်အနက်မှ ကဗျာဆုကို ဂန္ထဝင် ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆုနှစ်ခု ခွဲခြားပေး၊ မပေး ဆွေးနွေးခြင်းလည်း ရှိပါကြောင်း၊ ထိုကိစ္စကို အကြိတ်အနယ် ဆွေးနွေးကြပြီးနောက်တွင် အဖွဲ့ဝင်များ လျှို့ဝှက်မဲပေးပြီး ကဗျာဆုကို တစ်ဆုတည်းထားရန် ဂန္ထဝင်ကဗျာဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ကောင်းသည့်ကဗျာစာအုပ်ကို ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ယင်းသည် ၂၀၁၇ ခုနှစ် အတွင်းကဖြစ်ပါကြောင်း၊ ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် အများစု ဖြစ်သည့် ဆုတစ်ဆုတည်း ပေးလိုသူများ၏ သဘောထား အမြင်သည် အဓိကစာပေဆုအမျိုးအစားများဖြစ်သည့် ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ပြဇာတ် စသည်တို့ကိုလည်း တစ်ဆု တည်းပေးပြီး အစဉ်အလာနှင့် ခေတ်ပေါ်ဟူ၍ နှစ်ဆုမခွဲပါ ကြောင်း၊ ကဗျာဆုကိုလည်း မူလအစကတည်းက တစ်ဆု တည်းသာ ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုလည်း တစ်ဆုတည်းသာ ပေးသင့်ကြောင်းနှင့် ထိုဆုအောက်တွင် အစဉ်အလာကဗျာနှင့် ခေတ်ပေါ်ကဗျာများပါ ထည့်သွင်း စဉ်းစားပြီး အကောင်းဆုံးကို ချီးမြှင့်သင့်သည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ကဗျာဆုနှစ်ဆုကိစ္စနှင့် ပတ်သက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ က စဉ်းစားဆောင်ရွက်ခဲ့ခြင်းအကြောင်းကို တင်ပြခြင်းဖြစ်ပါ ကြောင်း။
ဆက်လက်၍ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ ဖွဲ့စည်း တည်ဆောက်ပုံ၊ အသံစိစစ်ပုံနှင့် ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက် စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှု ရှိ၊ မရှိနှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန် ပေးထားခြင်းရှိ၊ မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ မည်ဖြစ်ပါကြောင်း။
ယခင်က အမျိုးသားစာပေကဗျာဆုများ ချီးမြှင့်ရာတွင် ခေတ်ပေါ်ကဗျာများကို ထည့်သွင်းစဉ်းစားလေ့ မရှိခဲ့ပါကြောင်း၊ ဂန္ထဝင်ဟန်ဟုခေါ်သည့် အစဉ်အလာကဗျာစပ်နည်းများ အတိုင်းရေးသော ကဗျာများစုစည်းထုတ်ဝေသည့် စာအုပ်များ ကိုသာ ပေးခဲ့ပါကြောင်း၊ လွန်ခဲ့သည့် သုံးနှစ်ခန့်က ခေတ်ပေါ် ကဗျာသမားများက အဆိုပြုလာပါကြောင်း၊ ၎င်းတို့ရေးသည့် ကဗျာစာအုပ်များ အများအပြားထွက်ပါကြောင်း၊ ဂန္ထဝင် ကဗျာများထက် သိသိသာသာပိုမိုများပြားပါကြောင်း၊ ထို့ကြောင့် ကဗျာဆုရွေးချယ်ရာတွင် ယခုအခါ အများစု ရေးသားနေသည့် ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်ဟု အဆိုပြုလာကြခြင်းဖြစ်ပါကြောင်း။
ယင်းအပေါ်တွင် စဉ်းစားသုံးသပ်ပြီး ကဗျာဆုရွေးချယ် ရာတွင် ဂန္ထဝင်ဟန် ကဗျာများနှင့် ခေတ်ပေါ်ကဗျာများကိုပါ ထည့်သွင်းစဉ်းစားမည်ဟု ၂၀၁၆ ခုနှစ်အတွက် စာပေဆု ရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထိုအခါတွင် ကဗျာအားလုံးအတွက် အကဲဖြတ်နိုင်မည့် မူသဘောထား ရရှိရန် လိုအပ်လာသည့်အတွက် အစည်းအဝေးကျင်းပပြီး ကဗျာရွေးချယ်ရေးအခြေခံမူဝါဒများ ချမှတ်ခဲ့ကြပါကြောင်း၊ ထိုအခြေခံမူဝါဒများမှာ စကားလုံးရွေးချယ်သုံးနှုန်းမှု၊ စိတ်ကူး ရုပ်ပုံဖော်ခြင်းနှင့် ကဗျာ့လင်္ကာရကိရိယာများ သုံးစွဲပုံ၊ ကဗျာ အတွေးနှင့် အာရုံခံစားမှု၊ ကဗျာအဖွဲ့အမျိုးအစားပေါ် မူတည် ပြီး (ပုံစံအသုံးပြု ကာရန်ကဗျာများတွင်) ကာရန်ကိုက်ညီမှုနှင့် ကဗျာပုံစံမှန်ကန် မှု(လွတ်လပ်လင်္ကာကဗျာများတွင်) သံနေ သံထားရစ်သမ် အသုံးပြုမှု၊ ကဗျာ့ဆိုလိုရင်း ကိုက်ညီအောင် ဖွဲ့စည်းမှုနှင့် ပင်ကိုမူလဖြစ်မှု စသည်တို့ဖြစ်ပါကြောင်း။
ထိုမူဝါဒများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၆ ခုနှစ် အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် ဘာသာရပ် အဖွဲ့ငယ်များ အစီရင်ခံစာစာအုပ်တွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အချုပ်ပြောရမည်ဆိုပါက အမျိုးသားစာပေ ကဗျာ ပေါင်းချုပ်ဆု ရွေးချယ်ရာတွင် ဂန္ထဝင်ကဗျာဆုနှင့် ခေတ်ပေါ် ကဗျာဆုဟူ၍ ဆုနှစ်ခုခွဲခြားပေးရန် သင့်၊ မသင့်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်သော စာပေပညာရှင်များက ရှုထောင့်စုံမှ ဆွေးနွေး ဝေဖန် သုံးသပ်ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါကြောင်းနှင့် ဂန္ထဝင်နှင့် ခေတ်ပေါ်ပါ အကျုံးဝင်သည့် ကဗျာဆုနှင့် စပ်လျဉ်းသည့် ရွေးချယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကိုလည်း သတ်မှတ် ပြဋ္ဌာန်းကာ အများပြည်သူသိရှိအောင် ပုံနှိပ်ထုတ်ဝေဖြန့်ချိ ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဒေါက်တာသန်းအောင်စိုးက အမျိုးသား စာပေဆုကဲ့သို့ ဂန္ထဝင်ကဗျာဆုကို သီးခြားခွဲပေးနိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးအနေဖြင့် တိုက်တွန်းပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ခွဲခြားပေးနိုင်ပါကလည်း အမျိုးသားစာပေဆုကဲ့သို့ အဆင့်အတန်းရှိသည့် ဂန္ထဝင် ကဗျာပြိုင်ပွဲများ ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ဆက်စပ်မေးခွန်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆုအမျိုးအမည်သတ်မှတ်ခြင်းသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များဖြစ်သည့် စာပေပညာရှင် များနှင့် စာရေးဆရာများ၏ စုစည်းဆုံးဖြတ်ချက်ဖြစ်ပါ ကြောင်း၊ စာပေဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ် များအနက် ဂန္ထဝင်ကဗျာများ လက်ရှိရေးဖွဲ့နေဆဲ ပုဂ္ဂိုလ် များလည်း ပါဝင်ပါကြောင်း၊ ဆုရွေးချယ်ရေး စည်းမျဉ်း စည်းကမ်းများထဲတွင်လည်း ဂန္ထဝင်ကဗျာနှင့် ပတ်သက်၍ စပ်နည်း စပ်ထုံး ညီညွတ်ခြင်း စသည်တို့ ပါရှိပြီးပြောင်မြောက်သည့် ဂန္ထဝင်ဟန် ကဗျာဖြစ်ပါက ဆုရွေးချယ် မည်ဆိုသည့် သတ်မှတ်ချက်ရှိပါကြောင်း၊ သို့သော် ဆု တစ်ဆုမှ နှစ်ဆုဖြစ်ရန်အတွက် မည်သို့ဆောင်ရွက်ပေးနိုင် မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ဆုရွေးချယ်ရေးကော်မတီ သို့ တင်ပြပေးနိုင်ပါကြောင်း၊ ဆုံးဖြတ်ချက်သည် ကော်မတီ၏ သဘောသာဖြစ်ပါကြောင်း၊ ဂန္ထဝင်ကဗျာပြိုင်ပွဲများ ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ ဂန္ထဝင်ကဗျာများကို စိတ်ပါ ဝင်စားသည့် ကဗျာအစုအဖွဲ့များ၊ စာပေအစုအဖွဲ့များကို ဆွေးနွေးတင်ပြပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုး ကြည်၏ ပြည်-ပေါက်ခေါင်း လမ်းပိုင်းရထားလမ်း ဖောက်လုပ်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍ လျော်ကြေးငွေ မရရှိသေးပါသဖြင့် မည်သည့် ဘဏ္ဍာနှစ်တွင် ပေးလျော်မည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ကောလင်း မြို့နယ် ရှမ်းကလုံးကျေးရွာ အနီးတစ်ဝိုက်တွင် ခွင့်ပြုထား သော သတ္တုတူးဖော်ရေးကုမ္ပဏီများကို သတ်မှတ်ချက် များအတိုင်း ဆောင်ရွက်နေခြင်း ရှိ၊ မရှိ စိစစ်၍ ဥပဒေနှင့် မညီသည်များကို စိစစ်အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၏ ယင်းခဲသစ်တော ကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက ဝင်ရောက် ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ်သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန်တကယ် တိကျမှန်ကန်ခိုင်လုံသော စာရင်းသစ်တစ် ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ GPS ကုမ္ပဏီမှ တရားမဝင် သတ္တု တူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ်အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့ထားသော အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁၁ ချက်ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သဘောထား ရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည် ပြုရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာ သည်။
ယင်းနောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်တင်သွင်းသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေ တောများကို စီမံကိန်းများချမှတ်၍ စိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ ပေါက်ရောက်ပြီး ဒီရေတောများကို စီမံကိန်းများချမှတ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့်လည်းကောင်း၊ သဘာ၀ဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးသည်။
မိုးကုတ် မဲဆန္ဒနယ်မှ ဦးအောင်နိုင်က သဘာဝနယ်မြေ များ၊ ဘေးမဲ့တောများ၊ ကာကွယ်တောများကို တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် ထိန်းသိမ်းခြင်းသည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဓိက ကြောရိုး လုပ်ငန်းဖြစ်ပြီး ပြည်သူအများ တက်ကြွစွာ ပူးပေါင်းပါဝင် လာအောင် စည်းရုံးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒီရေတောများကို စိုက်ပျိုးမြေ၊ ဆားကွင်း၊ ငါးပုစွန်ကန်၊ သစ်ထုတ်လုပ်ခြင်းနှင့် ထင်း၊ မီးသွေးဖုတ်ရန် အလွန်အကျွံ သုံးစွဲခြင်းတို့သည် လူနည်းစုနှင့် အစုအဖွဲ့ အနည်းငယ်တို့ အတွက်အကျိုးရှိပြီး လူအများစုသည် လူမှုရေး၊ စီးပွားရေး၊ သဘာ၀ဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုစသည့် ဆိုးကျိုးများကိုခံစားကြရပါကြောင်း၊ ထို့ကြောင့် အဆိုရှင် တင်ပြသကဲ့သို့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေ တောများကို ပိုမိုစနစ်တကျစိုက်ပျိုးပြီး ကျန်ရှိသည့် ဒီရေ တောများကိုလည်း စီမံကိန်းများချမှတ်ကာ စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန် လိုအပ်ပါသောကြောင့် အဆို အား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က မြန်မာနိုင်ငံတွင် ဒီရေတောရှိသည့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝ ကျွန်းပေါ်နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် ၁၉၈၀ ပြည့်နှစ်၌ ဒီရေတော ၁ ဒသမ ၇၄ သန်း ဧကရှိသော်လည်း ၂၀၁၅ ခုနှစ် တွင် ၁ ဒသမ ၁၄ သန်းသာ ကျန်ရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုရှင်၏အဆိုကို ထောက်ခံပါကြောင်းနှင့် ဒီရေတောထိန်းသိမ်းကာကွယ်ရေးမှသည် ကမ်းရိုးတန်း သယံဇာတများထိန်းသိမ်းကာကွယ်ရေးနှင့် စနစ်တကျစီမံ အုပ်ချုပ်နိုင်ရေးအတွက် ဒေသအာဏာပိုင်များနှင့် ဒေသခံ ပြည်သူများ၊ NGO များ၊ ဌာနဆိုင်ရာများ ပူးပေါင်းလုပ်ဆောင် ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဘိုကလေး မဲဆန္ဒနယ်မှ ဦးမင်းသိုင်း၊ ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင် နှင့် လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့က ဆွေးနွေးကြ သည်။
သဘာဝဒီရေတောများ စနစ်တကျ
ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒီရေတော
စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို
စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက်လျက်ရှိ
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော် မတီ၏ လမ်းညွှန်မှုဖြင့် သစ်တောဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝဒီရေတော များ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒီရေတော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို စီမံကိန်းများ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိခြင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဆက်စပ်ဝန်ကြီးဌာန များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း စသည် တို့ကို ဆောင်ရွက်နေသော်လည်း သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်စေရေးအတွက် ဒီရေတောများကို ပိုမို၍ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေပါသဖြင့် ဝန်ကြီးဌာနအနေဖြင့် အဆိုအား အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထား မေးမြန်းရာ သဘောမတူသူမရှိသဖြင့် အဆိုအား အတည် ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းနှင့် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအတွင်းရေးမှူး ဦးလှသန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဝင် ဦးထွန်းထွန်း ဝင်းက အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ထီးလင်း မဲဆန္ဒနယ် မှ ဦးမြတ်လေးဦး၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း နှင့် ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်တို့က ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက လွှတ်တော်ကိုယ်စားလှယ်များ ၏ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment