ဆောင်းပါး
=======
မိမိတို့၏ ဦးနှောက်ကို ပျက်စီးစေသည့် အကြောင်းရင်းများ
======================================
ကောင်းမွန်
လူတို့၏ ဦးနှောက်သည် စကြဝဠာအတွင်း အထူးခြားဆုံး ဖန်တီးချက်တစ်ခုဟု ဆိုနိုင်သည်။ နှစ်သန်းပေါင်းများစွာ တရွေ့ရွေ့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှု၏ ရလဒ်တစ်ခု လည်း ဖြစ်သည်။ အလေးချိန်အားဖြင့် တစ်ကီလိုမှ တစ်ကီလိုခွဲအကြားရှိပြီး ထုထည်အနေဖြင့် ၁ ဒသမ ၆ လီတာရှိသည့် ဦးနှောက်သည် မိမိတို့ခန္ဓာကိုယ်တစ်ခု လုံး၏ နှစ်ရာခိုင်နှုန်းသာ ရှိသော်လည်း စွမ်းအင် ၂၀
ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိသည်။
ကျွန်ုပ်တို့ မွေးဖွားစဉ်ကတည်းက ဦးနှောက်သည် ဦးခေါင်းထဲ၌ အခကြေးငွေတစ်ပြားမျှ မကုန်ရဘဲ အလို အလျောက် ပါလာခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့က ဦးနှောက်နှင့်ပတ်သက်၍ အထူးတလည် တန်ဖိုးမထား၊ ပေါ့ပေါ့တန်တန် မှတ်ယူကြသည်။ သိရက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကျွန်ုပ်တို့သည် ဦးနှောက်ကို ထိခိုက်စေ မည့်လုပ်ရပ်များကို အခါအားလျော်စွာ ပြုလုပ်ကြသည်။
မိမိတို့၏ ဦးနှောက်ကို ထိခိုက်ပျက်ပြားစေသည့် ရိုးစင်းလှသော အကြောင်းရင်း ၁၂ ရပ်ကို အောက်တွင် ဖော်ပြလိုက်ပါသည် -
(၁) နံနက်စာ မသုံးဆောင်ခြင်း
မနက်ခင်း အိပ်ရာမှ နိုးလာသည့်အချိန်တွင် ကျွန်ုပ် တို့၏ သွေးအတွင်းရှိ သကြားဓာတ်မှာ တစ်နေ့တာအတွင်း အနိမ့်ဆုံးအနေအထား၌ ရှိနေတတ်သည်။ သို့ဖြစ်၍ သွေးအတွင်း သကြားဓာတ်ကို မြှင့်တင်ပေးရန် ကျွန်ုပ်တို့ နံနက်စာကို သုံးဆောင်သင့်သည်။ သွေးအတွင်း သကြား ဓာတ်နိမ့်ကျနေမှုသည် ဦးနှောက်၏ ဇီဝကမ္မဖြစ်စဉ်တို့ကို ထိခိုက်စေတတ်သည်။ နံနက်စာကို မစားသုံးခြင်းသည် ကမ္ဘာပေါ်ရှိ အခက်အခဲအရှုပ်ထွေးဆုံး ကွန်ပျူတာဟု ဆိုနိုင်သည့် ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ဆိုရပါမည်။
မိမိ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ များသော အားဖြင့် နံနက်စာကို စားသုံးလေ့ မရှိတတ်ပါ။ နံနက်ပိုင်း ရုံးသို့လာသည့်အခါလည်း အလျဉ်းသင့်မှသာ နံနက်စာကို ဖြစ်သလို စားသောက်တတ်သည်။ မနက်စာ မစားဖြစ် သည့် နေ့ရက်က ပိုများသည်ဟု ဆိုနိုင်ပါသည်။ တစ်နေ့ အလုပ်ကိစ္စဖြင့် လေဆိပ်သို့ ရောက်ရှိနေစဉ် သတိလစ် မူးလဲသွား၍ အရေးပေါ်ဆရာဝန်နှင့် ပြသလိုက်ရသည် အထိ ဖြစ်ခဲ့ဖူးပါသည်။
ထို့နည်းတူ နံနက်စာကို များသောအားဖြင့် စားသောက်လေ့မရှိဘဲ ကော်ဖီခါးခါးတစ်ခွက်နှင့်သာ ပြီးလေ့ရှိကြောင်း၊ နေ့လယ်စာကျမှ အားပါးတရ သုံးဆောင် တတ်ကြောင်းဖြင့် နံနက်စာကို ကော်ဖီတစ်ခွက်နှင့် ပြီးစီး လိုက်ခြင်းကို ဂုဏ်ယူနေသည့် မိတ်ဆွေများနှင့်လည်း ကြုံဆုံဖူးပါသည်။
(၂) အသင့်သုံးဆောင်နိုင်သည့် အစားအစာများကို အလွန်အကျွံ စားသုံးခြင်း
မြန်မာလိုတော့ အသင့်သုံးဆောင်နိုင်စေရန် ပြုပြင် ထားသည့် အစားအစာတွေပေါ့။ Processed food ခေါ် အသင့်သုံးဆောင်နိုင်စေရန် ပြုပြင်ထားသည့် အစားအစာများကို အလွန်အကျွံ သုံးဆောင်ခြင်းကလည်း ဦးနှောက်ကို ထိခိုက်စေတတ်ပါသည်။ ဦးနှောက်အတွက် အမှန်တကယ်အားဖြစ်စေသည့် အစားအစာများမှာ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီး/ အစေ့အဆန်များ၊ ငါး၊ အသားနှင့် ဥများ ဖြစ်ကြပါသည်။ သို့ရာတွင် ယနေ့ခေတ်၌ အသင့်သုံးဆောင်နိုင်သည့် ရယ်ဒီမိတ်အစားအစာများကို ပြင်ဆင်ထားပုံက စားပြီးရင်း စားချင်စိတ် ဖြစ်လာစေရန် အရောင်အသွေးစုံလင်စွာဖြင့် လှလှပပ ပြုလုပ်ထားတတ်သည်။ ရယ်ဒီမိတ်အစား အစာများ၌ သကြားဓာတ်နှင့် ကစီဓာတ်အများအပြား ပါရှိ တတ်သည့်အလျောက် ယင်းကဲ့သို့ အသင့်သုံးဆောင်နိုင် စေရန် ပြုပြင်ထားသည့် အစားအစာများကို အလွန်အကျွံ သုံးဆောင်ခြင်းကလည်း ဦးနှောက်ကို ထိခိုက်စေတတ် သည်။
ထို့ပြင် အစားအသောက်များကို အလွန်အမင်း စားသုံးခြင်းက ဦးနှောက်၏ သွေးကြောများကို မာကျော စေကာ ဦးနှောက်၏ စွမ်းအားကို လျော့ကျစေတတ်ပါသည်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်း၏ မကောင်းကြောင်းကို စာအုပ်အများအပြား၌ အလွယ်တကူ တွေ့ရှိနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကို ထိခိုက်စေသည့် အပြင် ဦးနှောက်ကိုလည်း ကျုံ့စေတတ်ပါသည်။ မိမိ ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း အနီးအနား၌ ဆေးလိပ်သောက်သူများထံမှ မီးခိုးငွေ့များ ရှူရှိုက်မိပါက လည်း အလားတူပင် ဦးနှောက်ကို ထိခိုက်စေတတ်ပါသည်။
(၄)လေ့ကျင့်ခန်း မပြုလုပ်ခြင်း
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို အစဉ်လှုပ်ရှားမှု ပြုသင့်ပါ သည်။ ကိုယ်ခန္ဓာ သန်စွမ်းစေရန် လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်သင့်ပါသည်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာ ပိုမို ကျန်းမာသန်စွမ်းသည်နှင့်အမျှ ကျွန်ုပ်တို့ ဦးနှောက်၏ ဆောင်ရွက်မှုများလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
တစ်ချိန်က ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်သူ ဂယ်ရီကက် စပါရော့သည် အိုင်ဘီအမ်ကုမ္ပဏီ၏ Big Blue ခေါ် စူပါကွန်ပျူတာနှင့် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့် စဉ်ကာလအတွင်း မာရသွန်ပြိုင်ပွဲအတွက် လေ့ကျင့်ရန် ကမ်းခြေရှိ အပန်းဖြေစခန်းတစ်ခု၌ သွားရောက်တည်းခို အနားယူခဲ့ပါသည်။ ကမ္ဘာ့အစွမ်းထက်ဆုံး ကွန်ပျူတာနှင့် အချိန်ကြာမြင့်စွာ ယှဉ်ပြိုင်နိုင်ရေးဟူသည့် အကြီးမားဆုံး စိန်ခေါ်မှု၊ အခက်ခဲဆုံး အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု ရှိစေရန် တစ်နေ့လျှင် လေးနာရီကြာအထိ လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်ဟု အဆိုရှိသည်။
(၅)သကြား အများအပြားစားသုံးခြင်း
သကြားအများအပြား စားသုံးခြင်းမှာ သင့်လျော်မှု မရှိကြောင်း စာအုပ်အများအပြား၌ အလွယ်တကူ တွေ့ရှိ နိုင်သည်။ သကြားအများအပြား စားသုံးပါက ပရိုတိန်းနှင့် အခြားသော အာဟာရဓာတ်များအား စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေတတ်ပါသည်။ ၎င်းပြင် သွေးအတွင်း သကြားဓာတ်ကိုလည်း အတက်၊ အဆင်း ဖြစ်စေတတ်ရာ မူးဝေသကဲ့သို့ ခံစားရတတ်ပြီး စိတ်ပိုင်းလုပ်ဆောင်ချက်များ ကိုလည်း ထိပါးစေတတ်ပါသည်။
(၆) လေထုညစ်ညမ်းမှု
ကျွန်ုပ်တို့၏ ဦးနှောက်သည် ခန္ဓာကိုယ်အစိတ်အပိုင်း များအနက် အောက်ဆီဂျင်ဓာတ်ငွေ့ကို အများဆုံးအသုံးပြု သည့်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သန့်ရှင်းလတ်ဆတ်မှု မရှိသည့်လေကို ရှူသွင်းခြင်းက ဦးနှောက်သို့ အောက်ဆီဂျင် စီးဝင်မှုကို လျော့ပါးစေပြီး ဦးနှောက်၏ စွမ်းဆောင်နိုင်မှုကို ကျဆင်းစေတတ်သည်။ အလုံပိတ်အခန်းအတွင်း တစ်နေကုန် နေထိုင်အလုပ်လုပ်ခြင်းကလည်း အလားတူပင် ဆိုးရွားစေတတ်သည်။
(၇) အအိပ်အနေ နည်းပါးခြင်း
ကျွန်ုပ်တို့ အိပ်စက်နားနေသည့်အခါ ဦးနှောက်ကို အနားပေးထားရာ ရောက်ပါသည်။ သို့ဖြစ်၍ အချိန် ကြာမြင့်စွာ အိပ်စက်အနားယူခြင်းမရှိပါက ဦးနှောက်၏ ဆဲလ်များ သေဆုံးမှုကို အားပေးတတ်ပါသည်။ ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများ ထိခိုက်၍ ပြန်လည် ကောင်းမွန်သန်စွမ်းရန် မခက်ခဲလှသော်လည်း ဦးနှောက် ကိုယ်တိုင်ထိခိုက်သည့်အခါ ယင်းနာကျင်မှုနှင့် ပြန်လည် ကောင်းမွန်စေသည့် လုပ်ငန်းစဉ်ကို သတင်းပို့မှုအပိုင်း၌ အားနည်းတတ်သည်။ ထိခိုက်ထားသည့် ဦးနှောက်မှာ များသောအားဖြင့် အစဉ်နာကျင်နေတတ်သည်။
(၈) အိပ်စက်စဉ် မျက်နှာကို အုပ်ထားခြင်း
အိပ်စက်အနားယူစဉ် မျက်နှာကို အုပ်ထားခြင်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ရှူရှိုက်မှုကို မြင့်တက်စေ ပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ရှူသွင်းမှုကို လျော့နည်းစေ တတ်ပါသည်။ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း အောက်ဆီဂျင်ဓာတ်ငွေ့ ရှူသွင်းမှု လျော့နည်းခြင်း ကြောင့် ဦးနှောက်ကို ထိခိုက်စေသည့်အကျိုးဆက်များ ဖြစ်ပေါ်စေတတ်သည်။
(၉) မကျန်းမာစဉ် အလုပ်လုပ်ခြင်း
ကျွန်ုပ်တို့ နေထိုင်မကောင်းဖြစ်ချိန်တွင် မလိုအပ်ဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ကျောင်းစာ ကျက်မှတ်ခြင်းတို့က ဦးနှောက်၏ထိရောက်မှုကို လျော့နည်းစေရုံမျှမက ဦးနှောက်ကိုလည်း ထိခိုက် စေတတ်ပါသည်။
(၁၀)လှုံ့ဆော်မှုပေးသည့် အတွေးအခေါ်များကင်းမဲ့ခြင်း
စဉ်းစားတွေးခေါ်ခြင်းက ကျွန်ုပ်တို့၏ ဦးနှောက်ကို အကောင်းဆုံး လေ့ကျင့်ပေးသည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။ စဉ်းစားတွေးခေါ်မှုကို လှုံ့ဆော်အားပေးမှု မရှိခြင်း သို့မဟုတ် နည်းပါးခြင်းကလည်း ဦးနှောက်ကို ကျုံ့စေတတ်သည်ဟု အဆိုရှိသည်။
(၁၁) စကားပြော နည်းခြင်း
"တိတ်တိတ်နေ ထောင်တန်" သို့မဟုတ် "Silence is golden" စသည်ဖြင့် မြန်မာ၊ အင်္ဂလိပ် စကားပုံများက စကားပြောခြင်းထက် စကားနည်းခြင်းက ပိုမိုအကျိုးရှိ ကြောင်း ဖော်ပြခဲ့ကြပါသည်။ အမှန်စင်စစ် ဉာဏ်ရည် ဉာဏ်သွေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ ပုံမှန်ပြုလုပ် ခြင်းက ဦးနှောက်၏ ထိရောက်မှု၊ အစွမ်းထက်မှုကို ပိုမိုကောင်းမွန်စေပါသည်။
(၁၂) ဦးနှောက်ကို အနားမပေးခြင်း
ကျွန်ုပ်တို့ ခန္ဓာကိုယ်၌ အစဉ်နိုးကြားနေသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဦးနှောက်သည် အမြဲတစေ အလုပ်လုပ်နေတတ်ရာ အနည်းဆုံးတော့ အနားယူရန် လိုအပ်ပါသည်။ အစဉ်အမြဲ အလုပ်လုပ် နေခြင်းမှ ခေတ္တအနားယူခြင်း၊ တရားရှုမှတ်ခြင်း၊ ဝါသနာတစ်ခုခုကို ပျိုးထောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းတို့ ပြုလုပ်သင့်ပါသည်။
ကျွန်ုပ်တို့ ဦးနှောက်၏ အားနည်းချက်တစ်ရပ်ရှိရာ ယင်းကိုယ်ယင်း မစောင့်ရှောက်နိုင်ခြင်း ဖြစ်ပါသည်။ ထို့အတွက် ကျွန်ုပ်တို့၏ အကူအညီကို လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ဦးနှောက် အစဉ်ကျန်းမာသန်စွမ်းနေစေရန် ဂရုတစိုက်စောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့၏ တာဝန် သာ ဖြစ်တော့သည်။ ။
Ref: - Dr Rajen M. "12 steps to damage your brain." New Straits Times 31 Jan. 2010.
- Maung Koung Mon. “သင်၏ဦးနှောက်ကို ပျက်စီးစေသည့် အကြောင်းအရင်း(၁၂)ရပ်”. အပြင်စီးမဂ္ဂဇင်း: May 2011.
No comments:
Post a Comment