Wednesday, December 4, 2019

မြို့ကြီးများနှင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ

အယ်ဒီတာအာဘော်
 


 
ကျေးလက်အစုံစုံ၊ တောရွာအနယ်နယ်၊ မြို့ငယ်အရပ်ရပ်မှာ မွေးဖွား ကြသော မျိုးဆက်သစ်များသည် မြို့ကြီးများကို ပြောင်းရွှေ့သွားရောက် ခြင်းဖြင့် ကြီးပွားချမ်းသာရေး၊ အောင်မြင်တိုးတက်ရေးကို လွယ်လင့်တကူ ရရှိနိုင်မည်ဟူသော မျှော်မှန်းချက်ကြီးကြီးဖြင့် ကြိုးပမ်းကြလေ့ရှိ၏။
မြို့ပြများဆိုသည်ကလည်း အရောင်စုံ၊ အသွေးစုံတို့ဖြင့် ဆွဲဆောင် နေလေ၏။ ရေကြည်မည်ထင်ရာ၊ မြက်နုမည်ထင်ရာ မြို့ပြများဆီသို့ ကျေးလက်ဒေသများက လာကြသည်ဆိုခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် သဘာ၀ပဲ ဖြစ်ခြေသည်။
ယနေ့ မြန်မာနိုင်ငံရှိ မြို့ကြီးများဟူသည်ပင် ကျေးလက်တောရွာ ဘ၀မှသည် မြို့ကြီးပြကြီးဘ၀သို့ ကူးပြောင်းခဲ့သည်ပဲ မဟုတ်ပါလား။ ယနေ့ ရန်ကုန်မြို့ကြီးသားဆိုသူ အများစုတို့၏ မိဘဘိုးဘွား အဆက် အနွယ်များဟူသည်ပင် ကျေးလက်ဒေသတို့မှ မြို့တက်လာသူတို့ ဖြစ်နေ သည်ကို တွေ့ရပါလိမ့်မည်။ အ‌ရေအတွက်အားဖြင့် မနည်းပါးလှသော ရန်ကုန်မြို့၏ အထင်ကရ မြို့နယ်များဆိုသည်ပင် တစ်ခေတ်တစ်ခါက ရွာကြီးများသာ။ အချို့သော ရန်ကုန်မြို့ရှိ အထင်ကရဖြစ်သော အချို့ မြို့နယ်များတွင် ယနေ့ကာလနှင့် ကပ်လျက်ဖြစ်သည့် ရှေ့မျိုးဆက် နှစ်ဆက်ခန့်မှာပင် ရွာသူကြီးဟူ၍ရှိခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။
အခြေခံဥပဒေသတ်မှတ်ချက်အရဆိုလျှင် မြန်မာနိုင်ငံ၏ တရားဝင် မြို့တော်ဖြစ်သော နေပြည်တော်ဆိုသည်ကပင် မြို့ဖြစ်လာခဲ့သည်မှာ လတ်လတ်ဆတ်ဆတ်ဟု ဆိုနိုင်ပါမည်။
မြို့ရယ်၊ တောရယ်၊ ကျေးလက်ရယ် ခွဲခြားပြောဆိုနေသည့် အခြေခံ အကြောင်းရင်းသည်ကား မြို့ပြလက္ခဏာဖြစ်သည့် အခြေခံအဆောက် အအုံများက ပင်ရင်းဖြစ်ပေသည်။ လျှပ်စစ်မီးရရှိမှု၊ လမ်းပန်းအဆက် အသွယ်ကောင်းမွန်မှု၊ ခေတ်မီသော လောကဓာတ်ပညာရပ်များကို အလွယ်တကူ ဆက်သွယ်သင်ယူနိုင်မှု၊ ကျန်းမာရေးအထောက်အပံ့ အစောင့်အရှောက်များစုံလင်များပြားမှု၊ ပျော်စရာ၊ ရွှင်စရာ၊ အနားယူ အပန်းဖြေစရာ ဝန်းကျင်အသီးသီးက လက်တစ်ကမ်းမှာရှိနေမှု အစ ရှိသည်တို့က မြို့များဆီသို့ လာရောက်အခြေချရန် ဆွဲဆောင်နေသည့် ရင်းမြစ်များဖြစ်ပါလိမ့်မည်။
အဆင့်မြင့်ပညာတွေ တတ်ချင်သလား၊ အောင်မြင်တိုးတက်နေ သည့် နိုင်ငံတကာဆီသို့ တစ်ဆင့်တက် သွားရောက်ကာ ခြေဆန့်ကြည့် ချင်သလား၊ ပိုမိုကောင်းမွန်လာနိုင်သည့် ကျန်းမာရေးအစောင့်အရှောက် များ အကူအပံ့များကို ရယူချင်သလား စသည်တို့အားဖြင့် မြို့ပြများက လက်ကမ်းနေသည်ဟု မြင်ရပါသည်။
သို့သော်လည်း လက်တွေ့ဘ၀များက မြို့ပြများက ဆွဲဆောင်နေ သည့်အတိုင်း အားလုံးသောရွှေ့ပြောင်းအခြေချသူများက ပြေလည်သွား သည်မဟုတ်ပါ။ မြို့ပြနွံအတွင်းမှာ နစ်မွန်းသွားခဲ့ကြရသူများက ခေတ် အဆက်ဆက်တွင် ဒုနှင့်ဒေးဖြစ်ပါသည်။ အထူးသဖြင့် အခြေခံ အဆက် အသွယ် တိတိကျကျမရှိသူများအတွက် အလွန်ပင် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသည်ဆိုခြင်းကို မြို့ပြ ဆင်ခြေဖုံးဒေသများရှိ မပြေလည် သည့် မိသားစုများက မီးမောင်းထိုးပြနေသည်ကို တွေ့ရပါမည်။
သည်လိုအခြေအနေများကြားကပင် မြို့ပြများ ဖွံ့ဖြိုးကြီးထွား လာမှုက အရှိန်အဟုန်ပြင်းပြင်းဖြစ်နေဆဲပါ။ အရှိန်အဟုန်က လျင်မြန်လွန်းလှသည့်အတွက် အတားအဆီးမဲ့ ကျယ်ပြန့်လာသော ဆိုးကျိုးများကလည်း ဒွန်တွဲလာသည်ကို တွေ့ရပါမည်။ ကျူးကျော်များ၊ ဆင်းရဲမှုက ဖြန့်ဝေပေးလျက်ရှိသည့် ရောဂါဘယ ထူပြောလာမှုများ၊ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ လောင်းကစား၊ လိင်မှု ဆိုင်ရာ မသင့်မလျော်မှုများ၊ အဆင့်နိမ့်ကျသည့် ဝန်းကျင်များကြားက ကျူးကျော်အိမ်ရာများ အစရှိသည့် အထွေထွေသော မြို့ပြလူမှုပြဿနာ များက နိုင်ငံတိုင်းအတွက် စိန်ခေါ်မှုများ ဖြစ်နေလေသည်။
အထူးသဖြင့်မူ ဆင်းရဲနွံက ကုန်းရုန်းထနေရသော မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ပိုမိုခက်ခဲကျပ်တည်းသော စိန်ခေါ်မှု များပါပင်။ ထို့ပြင် ယင်းစိန်ခေါ်မှုများက နှေးကွေးရပ်တန့်သွားမည် မဟုတ်ဘဲ ပို၍ပို၍ များပြားအရှိန်မြင့်လာနိုင်သည့် စိန်ခေါ်မှုများ ဖြစ်လေရာ မြို့ပြစီမံကိန်းများဆိုင်ရာ ဥပဒေများ၊ အကူအညီပေးရေး အစီအမံများ၊ ထိရောက်သော တာဝန်ယူဆောင်ရွက်မှုများက ယခု ချက်ချင်း စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ကြရမည့် လုပ်ငန်း စဉ်များ ဖြစ်ပေသည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment