Wednesday, December 4, 2019

အာဂျင်တီးနားသံတမန်အား အိုင်အေအီးအေ အကြီးအကဲအဖြစ် ခန့်အပ်
No photo description available.
ဂျီနီဗာ ဒီဇင်ဘာ ၃
အာဂျင်တီးနားသံတမန် ရာဖေးလ်မာရီရာနို ဂရော့စ်စီသည် အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)၏ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ဒီဇင်ဘာ ၃ ရက်တွင် လက်ခံရယူခဲ့သည်။
ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပခဲ့သည့် အိုင် အေအီးအေ၏ အထူးအစည်းအဝေးတွင် ဂရော့စ်စီအား ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းကို အတည်ပြုခဲ့သည်။
ဇူလိုင်လအတွင်းက ကွယ်လွန်သွားခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယူကီယာအာမာနို၏ ရာထူးကို ဂရော့စ်စီကဆက်ခံလိုက်ခြင်းဖြစ် သည်။
အသက် (၅၈) နှစ် အရွယ်ရှိ ရာဖေးလ် မာရီရာနိုဂရော့စ်စီသည် အဏုမြူမပြန့်ပွားရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတွင် အာဂျင် တီးနားနိုင်ငံဆိုင်ရာ သံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။
၎င်းသည် တောင်အမေရိကတိုက်နိုင်ငံ များထဲမှ ပထမဦးဆုံးအိုင်အေအီးအေ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူဖြစ်သည်။
အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် အဖြစ် လေးနှစ်သက်တမ်း တာဝန်ထမ်းဆောင် စဉ်အတွင်း ဂရော့စ်စီအနေဖြင့် စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ယင်းစိန်ခေါ် မှုများထဲ၌ အီရန်၏ အဏုမြူအစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ ၂၀၁၅ နှစ်အတွင်းက ချုပ်ဆိုထားသည့် သဘောတူစာချုပ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ လက်ရှိအခြေအနေ၌ အမေရိကန် ပြည်ထောင်စုက ယင်းသဘောတူစာချုပ်မှ နုတ်ထွက်ထားပြီး အီရန်က ၎င်း၏ အဏုမြူ ဆိုင်ရာ အစီအစဉ်များ ပြန်လည်စတင်နေသည်။
၎င်းရင်ဆိုင်ရသည့် ဒုတိယအရေးမှာ မြောက်ကိုရီးယားဖြစ်ပြီး အဏုမြူလက်နက် များ ဖျက်သိမ်းရေးနှင့်ပတ်သက်၍ အမေရိကန် နှင့် မြောက်ကိုရီးယားတို့ ဆွေးနွေးမှုများ ရပ်တန့်နေစဉ်တွင် မြောက်ကိုရီးယားက အဏုမြူလက်နက်စမ်းသပ်မှု အသစ်တစ်ခု ထပ်မံလုပ်ဆောင်သည့် အရိပ်အယောင် တွေ့ရှိနေခြင်းဖြစ်သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဇော်ဝင်း

No comments:

Post a Comment