Friday, December 6, 2019

လွှတ်တော်ရေးရာ
==========
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး
Image may contain: one or more people and people sitting
နေပြည်တော် ဒီဇင်ဘာ ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက် နေ့တွင် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်း နိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆွေးနွေး
ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးက ယခုပြင်ဆင် ရေးပူးပေါင်းကော်မတီအနေဖြင့်လည်း အစည်းအဝေး (၆၃) ကြိမ် ခေါ်ယူဆွေးနွေးပြီး ပြင်ဆင်ချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခန်း ၅ ခန်းပြီးဆုံး၍ အခန်း ၆ ကို စတင်နေပြီဟု သိရပါကြောင်း၊ ယင်းအပေါ်တွင် မူတည်၍ ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းကို လွှတ်တော်သက်တမ်းတွင် အပြီးဆောင်ရွက်မည်ဟု လွှတ်တော်သို့ အသိပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု တင်ပြသည့် ဥပဒေမူကြမ်းကိုလည်း သီးခြားမဆောင်ရွက် ဘဲ ယခင်တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းများနှင့်အတူ ပြင်ဆင်ရေးပူးပေါင်းကော်မတီလုပ်ငန်းများတွင် ထည့်သွင်း ခြင်းသည်
ပိုမိုသင့်လျော်သောကြောင့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ကို အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ မည်မျှ အရေးကြီးကြောင်းကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခုပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းတစ်ရပ်ရရှိရန် ပူးပေါင်းကော်မတီက လွှတ်တော်ဖွင့်ရက်နှင့် နားရက်များတွင်လည်း မနားဘဲ စုပေါင်း၍ဆောင်ရွက်နေခြင်းကို လွှတ်တော် ကိုယ်စားလှယ်အားလုံး အသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အတွက် အနာဂတ်အရေးကို မြော်တွေးပြီး အပင်ပန်းခံဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကိုရှေးရှု၍ အကောင်း ဆုံးသော အကြံပြုချက်များကိုရယူပြီး မည်သို့ပြင်ဆင်ကြမည်ကို လုပ်ဆောင် ရမည့်အချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းပေးထားသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အကြံပြုချက် သည် အလွန်သင့်မြတ်သည့် အကြံပြုချက်ဖြစ်သည့်အတွက် ထိုအကြံပြုချက် ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသည့်အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန် ရည်ရွယ်
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချစ်ညီညီက ဦးစိုင်းသန်းနိုင် တင်သွင်းထားသော ဥပဒေမူကြမ်းကို လေ့လာကြည့်ပါက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၊ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မ ၂၀၁ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)တို့အနက်မှ ပုဒ်မ ၂၀၁ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပါ နိုင်ငံတော်အခြေခံမူများနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသည့် အုပ်ချုပ်ရေး စနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန် ရည်ရွယ်ကြောင်း၊ အကျိုးအကြောင်း ဖော်ပြ ချက်အနေဖြင့် နိုင်ငံတော်သမ္မတမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ် ပြန်ရာတွင် အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍ အပြန်အလှန်ထိန်းကျောင်း မှုဆောင်ရွက်ရာ၌ သမ္မတစနစ် ပိုမိုပီပြင်စေရန်၊ သမ္မတက အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့် လွှတ်တော်အား ဖျက်သိမ်းနိုင် သည့် အခွင့်အရေးကိုရရှိစေရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဖော်ပြထား သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ တွေ့ကြုံခဲ့ရသည့် သမိုင်းသင်ခန်းစာများအရ လည်းကောင်း၊ လက်ရှိဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေအရ လည်းကောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် စည်းလုံးတက်ကြွ၍ လျင်မြန်စွာဆောင်ရွက်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပုဒ်မ ၂၀၁ ပြင်ဆင်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း (၁၂)ပါ ပြဋ္ဌာန်း ချက်များအတိုင်း ဆောလျင်စွာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေး သည်။
ယင်းအစီရင်ခံစာအပေါ် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်နှင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ ဒေါ်အိအိပြုံး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးမျိုးထွန်းအောင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်တင်မာဆွေ၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်မြင့်မြင့်နွယ်၊ တပ်မတော် သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦး၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉)မှ ဦးမောင်မောင်လတ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ မူကြမ်းနှင့်စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့်ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မိမိတို့ပူးပေါင်းကော်မတီအနေဖြင့် သီးခြားရှင်းလင်း တင်ပြရန် မရှိပါကြောင်း၊ ပူးပေါင်းကော်မတီဝင်အများစု၏ သဘောထားဆန္ဒ နှင့် ပူးပေါင်းကော်မတီဝင် ၃ ဦးက သီးခြားအကြံပြုတင်ပြထားသည့်အချက်ကို လည်း အစီရင်ခံစာတွင် ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ အတည်ပြုပေးနိုင်ရန်အတွက် လေးစားစွာ အဆိုပြုတင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်အစည်း အဝေးများတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များအရ အကြောင်းအရာ နှင့် လုပ်ငန်းစဉ်အပေါ်မူတည်ပြီး ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဆုံး အဖြတ် ရယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏အဆုံး အဖြတ်ရယူရမည့် ကိစ္စရပ်တစ်ခုအတွက် မဲခွဲဆုံးဖြတ်သည့်လုပ်ငန်းစဉ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေး ပြောကြားလိုပါကြောင်း၊ ထို့ကြောင့် အဆိုပါပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုသည့် နည်း လမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထောက်ခံဆန္ဒမဲများပါက ယင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူအတည်ပြုမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒမဲ များပါက အတည်မပြုကြောင်း ကြေညာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါပူးပေါင်းကော်မတီ ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော် ၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ၊ ကြားနေမဲ ၄ မဲဖြစ်သဖြင့် ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ကြေညာသည်။
Toyota Landcruiser (Bullet Proof)
မော်တော်ယာဉ် ၆ စီးတင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့်
ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် ၆ စီးတင်သွင်းရာတွင် အထူးကုန်စည်ခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ၉၊ ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည်တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေပုဒ်မ၁၄၊ ပုဒ်မခွဲ(က)ပါ ကုန်သွယ်လုပ်ငန်းခွန် မကျ သင့်သည့် ကုန်စည်များနှင့်စပ်လျဉ်း၍ အမှတ်စဉ် (၄၁)တွင် နိုင်ငံတော်၏လိုအပ် ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်စည်များဟု ပြဋ္ဌာန်းထားပါကြောင်း။
သို့ဖြစ်၍ ယင်းပြဋ္ဌာန်းချက်များနှင့်အညီ အဆိုပါမော်တော်ယာဉ် ၆ စီး အတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေး အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော (၁၅/၂၀၁၉) ကြိမ်မြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီအစည်းအဝေး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော (၂၂/၂၀၁၉)ကြိမ်မြောက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့သို့ တင်ပြခဲ့ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် ၆ စီး ဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ (၃ ဒသမ ၆၇၉၆) သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ (၀ ဒသမ ၅၅၁၉) သိန်းတို့ကို ကင်းလွတ်ခွင့်ရရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ(က) ၏ နောက်ဆက်တွဲဇယား(၁) အမှတ်စဉ် (၉)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင် ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၂)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment