Friday, December 6, 2019

ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုစကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Image may contain: 1 person, sitting and crowd
နေပြည်တော် ဒီဇင်ဘာ ၅
ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှု စကားဝိုင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်အဖွင့်အမှာစကား ပြော ကြားသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာသံအမတ်ကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသူဦးရေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ တွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်း များနှင့် ဖွံ့ဖြိုးမိတ်ဖက်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းစဉ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ကို အသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဗြိတိန် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဌာန၊ ဂျာမန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု အဖွဲ့၊ ဥရောပသမဂ္ဂ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ အီတလီနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဩစတြေးလျ နိုင်ငံတို့အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင် ရာ လူမှုအဖွဲ့အစည်းတို့က မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များတွင် စဉ်ဆက်မပြတ် အကူအညီပေးနေမှုနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက်ကိုပါ သန္နိဋ္ဌာန်ချထားမှုများအတွက် အထူးပင် ကျေးဇူး တင်ရှိပါကြောင်း။
လူတစ်ဦးချင်းဝင်ငွေ တိုးတက်
ယနေ့ ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲသည် ထိရောက်သောဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်စွာရယူနိုင်ရေး ဆောင်ရွက်ရသည့်နည်းလမ်း များ စည်းမျဉ်း၊ စည်းကမ်းများသည် သီအိုရီသဘောအရ လွယ်ကူဟန်ရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနိုင်ကြောင်း၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း အထိ ရှိနိုင်ကြောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံ သည် ဒေသတွင်းတွင် အလျင်မြန်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အဖြစ် သတ်မှတ်ထားပါကြောင်း၊ လူတစ်ဦးချင်းဝင်ငွေမှာလည်း တိုးတက် လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍကြီးများကို ပြုပြင် ပြောင်းလဲခဲ့သည့် အကျိုးရလဒ်များကို ပြသရာရောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားမဟာဗျူဟာစီမံကိန်းဖြစ်သော မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို အကောင်အထည်ဖော် လျက်ရှိပြီး စီမံကိန်းဘဏ်၊ မြေယာဘဏ်နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ရေးစင်တာတို့ဖြင့် အထောက်အကူပြုလျက်ရှိကြောင်း။
MSDP ၏ လမ်းညွှန်မှုအောက်မှ နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်ခဲ့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သည့်စီးပွားရေး ဝန်းကျင်ဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ MyCo အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်ကို အောင်မြင်စွာထူထောင်နိုင်ခဲ့ခြင်းသည် သာဓကတစ်ခု ဖြစ်ပါကြောင်း၊ ထို့အတူ ဘဏ်တိုးနှုန်းလုပ်ငန်းဆိုင်ရာ ဖြေလျှော့ ပေးမှုများ၊ အသက်အာမခံဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် လုပ်ငန်းများသို့ ဆောင်ရွက်ခွင့်ပြုခြင်း၊ ပြည်ပဘဏ်များအား ဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့သလို မြေယာဘဏ်စနစ်ကို ကြံဆလုပ်ဆောင်ခဲ့ ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် မြေရရှိရေးအတွက်လည်း ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
ငွေကြေးထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် အမျိုးသားကျန်းမာ ရေးစီမံချက် (၂၀၁၇-၂၀၂၁)ကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်းကြောင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ယခင်ကငှက်ဖျားရောဂါဖြစ်ပွားသူ ၇၀၀၀၀၀ ရှိရာမှ ယခု အခါ ၇၅၀၀ ခန့်သာ ရှိတော့သဖြင့် ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ခဲ့ပါကြောင်း၊ ထို့အတူ HIV/AIDS ရောဂါကူးစက်သူများသို့ ဆေးဝါးဖြန့်ဖြူး ပေးနိုင်မှုမှာလည်း၂၀၁၀ ပြည့်နှစ်က ၁၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး နှစ်နှစ်အထိ လူသားဘဝအစ ရက်ပေါင်း ၁၀၀၀ ကာလအတွင်း အာဟာရပညာပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း စီမံ ချက်ဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၅၀၀၀၀ အား လစဉ်ငွေကြေး ထောက်ပံ့ မှုပေးနိုင်ခဲ့သောကြောင့် မိခင်ကိုယ်တိုင်နှင့် ကလေး၏ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဆိုင်ရာ ငါးနှစ်စီမံကိန်း (၂၀၁၈-၂၀၂၂) ၏ အောင်မြင်မှုများကိုလည်း ယခုအခါမြင်တွေ့နေရပြီ ဖြစ်ပါကြောင်း။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်သည့်အချိန်မှစ၍ ပထမဦးဆုံးသော ကဏ္ဍစီမံကိန်းအဖြစ် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲဆောင်ရွက်နိုင်ခဲ့သဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်အားကောင်းလာအောင် ဆောင်ရွက်နိုင် ခဲ့သကဲ့သို့ အကူအညီပေးရေးစင်တာများ၊ အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများအကြမ်းဖက် ခံရခြင်းမှ ကာကွယ်ပေးရေးဥပဒေကြမ်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းနိုင်ခဲ့သဖြင့် ပဋိပက္ခ အတွင်း ကလေးများအကြမ်းဖက်ခံရမှုကို ကာကွယ်မည့်လုပ်ငန်းစဉ်များ ပါဝင် ခဲ့ပါကြောင်း၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် အတွင်း အောင်မြင်မှုများနှင့်အတူ ကျွဲကူးရေပါဆိုသကဲ့သို့ တိုးတက်မြင့်မားလာ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေး
ယင်းနောက် မြန်မာ့အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုဦးစားပေးလုပ်ငန်းများ ကို အထောက်အကူပြုသည့် ပူးပေါင်းဆောင်ရွက်ရေးအကူအညီများနှင့် စပ်လျဉ်း ၍ စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အစီအစဉ် (၁) အနေဖြင့် Coordinating Assistance in Support of Myanmar’s National Development Priorities ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစီအစဉ် (၂) အနေဖြင့် Mainstreaming the Myanmar Sustainable Development Plan ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment