လွှတ်တော်ရေးရာ
===========
ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည်
============
Image may contain: one or more people and people sitting
နေပြည်တော် ဒီဇင်ဘာ ၁၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေ ကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများကို လွှတ်တော်က အတည်ပြုခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာ ၂ ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်က အတည် ပြုခြင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ ၁ ခုကို လွှတ်တော်က အတည်ပြုခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်း ကန်(ရွှေလက်ပံ)ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ရေထိန်းကန် နေရာအား ၂၀၀၈ ခုနှစ်တွင် အိမ်ဝိုင်းမြေများ ချထားပေးသကဲ့သို့ (၁၀)နှစ်ဂရန် ပေးထားသောအကွက်များသည် ယခုထက်တိုင် ခြံဝင်းသာခတ်ထားပြီး အဆောက် အအုံဆောက်လုပ်ထားခြင်းမရှိသေးကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ထိုနေရာအား ရေထိန်းကန်ပြန်လည်တူးဖော်ပေးမည်ဆိုပါက ဂရန် သက်တမ်းများ ထပ်မံမတိုးပေးတော့ဘဲ ပြန်လည်သိမ်းယူပြီး ဆက်လက်ဆောင် ရွက်ပါက ရရှိနိုင်မည်ဟု သုံးသပ်ထားရှိပါကြောင်း။
ယခုအခါ ဒေသခံပြည်သူ(၁၀၀)ကျော် လက်မှတ်ရေးထိုးပြီး သဘောထား ဖော်ပြထားပါသဖြင့် ပြည်သူတို့၏ ဆန္ဒ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏ သဘောထား၊ ပညာရှင်များ၏ အကြံပြုချက်၊ ပြည်ထောင်စုအစိုးရ၏ လမ်းညွှန် ချက်၊ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်တွက်ချက်တွေ့ရှိမှု၊ ဘဏ္ဍာငွေရရှိနိုင်မှု အခြေအနေ စသည်တို့အပေါ်မူတည်၍ သင့်လျော်သည့်နည်းလမ်းတစ်ခုခုကို ရွေးချယ်ပြီး အောင်ဇေယျာရပ်ကွက် ရေကြီးရေလျှံခြင်း ဒုက္ခကင်းဝေးစေရေး အတွက် အမြန်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်ပေါ်နေတိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲထားခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးဦးစီးဌာန သည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေ ကြသော တောင်ပေါ်နေတိုင်းရင်းသားတို့အား မီးမရှို့ဘဲရွှေ့ပြောင်းရန်မလို သည့် စိုက်ပျိုးနည်းစနစ်များကို ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင် ယာကွက်ကို ခုတ်၍သော်လည်းကောင်း၊ သီးနှံပင်အဟောင်းများကို ခုတ်ထွင် ရှင်းလင်း၍သော်လည်းကောင်း၊ မီးမရှို့ဘဲ မြေပြင်ပေါ် အနှံ့ဖုံးအုပ်ပေးခြင်း၊ မြေကြီးကို ထယ်ထိုး၊ ထွန်မွှေခြင်းများ မပြုလုပ်ဘဲ စိုက်မည့်နေရာတွင်သာ စိုက်ကြောင်းဖော်၍ စိုက်ပျိုးခြင်း၊ စူးထိုး၍ စိုက်ပျိုးခြင်း၊ သီးနှံတစ်မျိုးတည်း မစိုက်ပျိုးဘဲ သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံစုံရောနှော စိုက်ပျိုးခြင်း၊ သီးနှံအလှည့် ကျစိုက်ပျိုးခြင်း စသည့်စိုက်ပျိုးနည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင့်သုံးနိုင်ရေး နည်းပညာပေးဆွေးနွေးပွဲများနှင့်အတူ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပင်မအဖြစ် တာဝန် ယူဆောင်ရွက်မည့် အရှေ့ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် စီမံကိန်းကာလ ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၏ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ကိုင် သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်းရှိ၊ မရှိ နှင့် ယခုအခါ ကြက်၊ ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက်နေကြောင်း သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးနေခြင်းမရှိတော့ပါ ကြောင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးတင်သွင်းသည့် ပုဂ္ဂလိကကုမ္ပဏီများကို အသိ ပညာပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်များဖြင့် ဆောင်ရွက်ရန် ရှင်းလင်းပြသသရုပ်ပြပြီး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့နယ် ရေစီးရေလာကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထားသတ်မှတ်ပေးပြီး လမ်းမကြီး (၁၀)လမ်းကို အုတ်ပတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ်ရေမြောင်းများ အမြန်ဆုံးပြုလုပ်ပေး၍ ဆက်စပ် လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုး ချောင်းနှင့် ဧရာဝဏ်ဆက်စပ်မြောင်းများကို ရှင်းလင်းပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်း ကောင်း၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာနေ ဒေါ်ကျင်သိန်းက သူ၏သိမ်းဆည်းခံမြေ ပြန်လည်ပေးအပ်ရေးကိစ္စတွင် အခက်အခဲ အတားအဆီးအနှောင့်အယှက်များ ပေါ်ပေါက်နေမှုနှင့်စပ်လျဉ်း၍ သိလိုခြင်း မေးခွန်း၊ တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာအနီးရှိ နမ့်မိုက်ဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်၊ ချောက် ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ (၁၅)ဦး၏ မြေဧရိယာ (၃၈ ဒသမ ၆၄)ဧကအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည်စွန့်လွှတ်၍ ယာယီစိုက်ပျိုးလုပ်ကိုင်ခွင့် ပုံစံ(၃) ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေစဉ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုပြန်လည်စိစစ်ရေး မူဝါဒအတိုင်း နစ်နာသောမူလတောင်သူများအား တရား သဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးလှကျော်ကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ များနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက ဥပဒေကြမ်း ကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁ ချက်ကိုတင်ပြရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုရန်အတွက် လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးခင်မောင်လတ်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံ ရန် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်က အဆိုတင်သွင်းပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူ အတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဦးပေါလ်ဆိုင်း၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်နှင့် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆွေးနွေး ကြသည်။
ဆောမဲဆန္ဒနယ်မှ ဦးကျော်တင် က အလွန်ရှေးကျသည့် အမှန်တကယ်ရှိနေ သည့် တောင်သားလူမျိုးတိုင်းရင်းသားများကို နိုင်ငံတော်၏ တိုင်းရင်းသား မျိုးနွယ်စုစာရင်းတွင် အမည်စာရင်းတရားဝင်ပါဝင်နိုင်ရန်အတွက် ကူညီဆောင် ရွက်ပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးကလည်း တာဝန်ယူဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ ကို ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံ ရန် ကော်မတီဥက္ကဋ္ဌက အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ၏ သဘောထားရယူအတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ နှစ်ပတ် လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဝင် ဦးသိန်းတန် က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း ကြေညာသည်။
အေးအေးသန့်(သတင်းစဉ်)
Comments
Comment as The Mirror Daily