Saturday, December 14, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Image may contain: 1 person, sitting, standing, table and indoor
နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုးနှင့် ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်အရာရှိကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက် တွင် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ကို ဒုတိယသမ္မတ(၁) ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် လည်းကောင်း၊ စီမံခန့်ခွဲမှု ကော်မတီကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် ၁၉ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ ၁၄ ခုကိုလည်း ဖွဲ့စည်း ခဲ့ပြီး ဖြစ်ပါကြောင်း။
၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်( ၅ )ရပ်မှာ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ” ၊ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး ” ၊ “ တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး” ၊ “မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုတင်တားဆီး ကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေး” နှင့် “စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး” တို့ ဖြစ်ပါကြောင်း။
ညှိနှိုင်းဆောင်ရွက်
ပြည်ထောင်စုနေ့အခမ်းအနားသည် နှစ်စဉ်ကျင်းပသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များနှင့် အညီ အဘက်ဘက်မှ ပြည့်စုံအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ ၁၄ ခုတို့အနေ ဖြင့် ယခင်နှစ်များ၏ အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံစေရေး အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။
နိုင်ငံ့လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ပြည်မနှင့် တောင်တန်းဒေသတို့ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး တိုင်းရင်းသား အားလုံး တညီတညွတ်တည်း ပင်လုံစာချုပ်ချုပ်ဆိုကာ လွတ်လပ်ရေးကိုရယူခဲ့ ပါကြောင်း၊ ထိုသို့တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာ ဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့်နေ့ကို “ပြည်ထောင်စု နေ့” အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၃)နှစ်ရောက်ခဲ့ပြီဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးရမှ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်
ပင်လုံညီလာခံ၏ရလဒ်ကြောင့် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်မှုရရှိကာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံတော်အတွက် အရေးအကြီးဆုံးဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်နေသည့်အချိန်လည်း ဖြစ်ပါ ကြောင်း၊ ပင်လုံညီလာခံ၏ရလဒ်ကို နမူနာယူပြီး ပင်လုံစိတ်ဓာတ်ဖြင့် စိတ်ရှည် ဇွဲရှိစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးပန်းတိုင်ကို အနှေး နှင့်အမြန် ရောက်ရှိနိုင်မည်ဟု ယုံကြည်လျက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့သဖြင့် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးကြောင်း” ကို နောင်လာနောက်သားများ သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကွဲပြားခြားနားသည့် ပထဝီဝင်ဒေသအသီးသီးတွင်ရှိကြသော တိုင်းရင်းသားအသီးသီးသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာ ဓလေ့စရိုက်များကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာနောက်သားများ သိရှိရန်အတွက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်းလည်း ဖြစ်ပါကြောင်း။
ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်
၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို အခမ်းအနားအစီအစဉ် အပိုင်း (၂)ပိုင်းနှင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းတွင် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား၊ ညနေပိုင်း တွင် ညစာစားပွဲနှင့် ဖျော်ဖြေရေးအခမ်းအနားတို့ဖြစ်ပါကြောင်း၊ အဆိုပါအခမ်း အနားအစီအစဉ် အပိုင်း(၂)ပိုင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ယခင်နှစ်က ကျင်းပခဲ့သည့် “(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့်အစည်းအဝေး” ကို ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် အစည်း အဝေးဆုံးဖြတ်ချက်ပေါင်း (၁၅)ချက်ကို ချမှတ်ခဲ့ပါကြောင်း၊ ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ယခုကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သေချာစွာ သုံးသပ်၍ အလေးထားပြုပြင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။
ထည့်သွင်းဖော်ပြ
၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏ အနှစ်သာရများကို ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများအားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ ပညာပေးအစီအစဉ် အမျိုးမျိုးဖြင့် ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရ အဖွဲ့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ဆောင် ချက်များနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ပြင် အခမ်းအနားသို့ လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တည်းခိုနေထိုင်မည့်နေရာ များတွင် သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေရေး၊ စားသောက်နေထိုင်ရေး နှင့် သွားလာမှုအဆင်ပြေစေရေးတို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်နှင့် အခမ်းအနားအားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာနှင့် အောင်မြင် အောင် ကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲ များနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သည် အခြေ အနေများနှင့် ယခုနှစ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လည်းကောင်း၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် တို့က လည်းကောင်း၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်တို့က လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်က လည်းကောင်း၊ အလံတင် အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီးသိန်းဇော်က လည်းကောင်း၊ မြေစိုက်ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှုအခြေအနေများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်က လည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှုအခြေ အနေများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကြည်မင်းနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က လည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လည်းကောင်း၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လည်းကောင်း၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က လည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က လည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူတို့က ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာကျင်းပရေးအတွက် လိုအပ်သည် များကို အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment