Thursday, December 5, 2019

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးစကားဝိုင်းဆွေးနွေးပွဲ စတင်ကျင်းပ
Image may contain: 1 person, crowd and indoor
နေပြည်တော် ဒီဇင်ဘာ ၄
“အရင်းအမြစ်များ၊ ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက် အလက်စနစ်၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုတို့ ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင် ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီ များ ထိရောက်မှုရှိစေရေး စကားဝိုင်းဆွေးနွေးပွဲ (Myanmar Development Effectiveness Roundtable) ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေး အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံအစိုးရအနေဖြင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိကကဏ္ဍအပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးမှုအကူအညီများကို ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန်အတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများသည် နိုင်ငံ၏စီးပွားရေး ရေရှည်တည်တံ့ဖွံ့ဖြိုးစေပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြောင်း၊ ထို့ပြင် ဖွံ့ဖြိုးမှုအကူအညီများသည် စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် နည်းပညာဖလှယ်ပေးနိုင်သည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးရန်အတွက် အရေး ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ကုလသမဂ္ဂ ၏ ထောင်စုနှစ်ရည်မှန်းချက်များ အကောင်အထည်ဖော်ရာ တွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဘက်စုံပူးပေါင်းဆောင်ရွက် မှုများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ "မြန်မာ့ဖွံ့ဖြိုးမှုခရီးစဉ်" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဦးမင်းရဲပိုင် ဟိန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘို ငယ်တို့က ပါဝင်ဆွေးနွေးကြပြီး ကလောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်သည်။ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှု အကူအညီများနှင့်စပ်လျဉ်း၍ အောင်မြင်မှုများ၊ စိန်ခေါ်မှု များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက် များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပါဝင်လာနိုင်စေ မည့် ဝန်းကျင်ကောင်းများ ဖန်တီးပေးရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍပါဝင်မှု မြှင့်တင် ရေး”၊ “တာဝန်ယူမှုရှိသည့် အားလုံးပါဝင်နိုင်သော မြန်မာ့ စီးပွားရေး” နှင့် “မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အထောက်အပံ့များ၏ အကျိုးသက်ရောက်မှုများ၊ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) အကောင်အထည်ဖော်ရေးအတွက် နိုင်ငံ တကာ၏ အတွေးအမြင်များ” စသည့် ကဏ္ဍလေးခုကို တစ်ပြိုင်နက်တည်း ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ များသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း ပြည်ပ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ တက်ရောက် ဆွေးနွေးကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
တည်ခင်းဧည့်ခံ
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment