ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ညီလာခံ တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Feria de Madrid ၌ ချီလီနိုင်ငံနှင့် စပိန်နိုင်ငံအစိုးရတို့ ပူးပေါင်းကျင်းပ သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏(၂၅) ကြိမ်မြောက် ညီလာခံ သို့ တက်ရောက်ခဲ့သည်။
ညီလာခံတွင် ချီလီနိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီး Ms. Carolina Schmidt Zaldivar ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Hoesung Lee ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Mr. Pedro Sanchez တို့က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး၊ ကမ္ဘာ့လေထု ထဲရှိ ကမ္ဘာကြီးပူနွေးစေသော ဓာတ်ငွေ့များဖယ်ရှားရေး တို့နှင့် သက်ဆိုင်သည့် နိုင်ငံတကာမှ ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အချိန်မဆိုင်းဘဲ ချက်ချင်း ဆောင်ရွက်ရန် တိုက်တွန်းပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စပိန်နိုင်ငံအစိုးရ ၏ အလုပ်သဘောဆွေးနွေးပွဲကျင်းပသည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ပြီး ညနေပိုင်းတွင် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း အထောက်အကူပြုလုပ်ငန်း အဖွဲ့များဖြစ်သည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာအကြံပေးအဖွဲ့ နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့တို့မှ ညီလာခံ သို့တင်ပြမည့် အစီရင်ခံစာနှင့် အချက်အလက်များ ညှိနှိုင်း အတည်ပြုချက်ရယူခြင်း အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် Feria de Madrid ရှိ LAO Plenary ခန်းမ၌ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့က ဦးဆောင်ကျင်းပသည့် ပင်လယ်သမုဒ္ဒရာကြီးများနှင့် ကမ္ဘာ့တိုက်ကြီးများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိသာထင်ရှားလာမှုနှင့် အကျိုးသက်ရောက်မှုများ၊ သိပ္ပံနည်းကျလေ့လာမှုများပြုလုပ်ရန်အတွက် နည်းပညာ၊ စွမ်းဆောင်ရည်နှင့် လုပ်ငန်း ရန်ပုံငွေဆိုင်ရာ လိုအပ်ချက်များ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှု လေ့လာဆန်းစစ်သည့် နည်းပညာများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ များသို့ ရှင်းလင်းတင်ပြခြင်းနှင့် မေးခွန်းများ ပြန်လည် ဆွေးနွေးဖြေကြားခြင်း Earth Information Day အစီအစဉ် သို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Feria de Madrid ရှိ North Convention Center ၌ ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် သမုဒ္ဒရာများအပေါ် အကျိုးသက် ရောက်မှုနှင့်စပ်လျဉ်း၍ လိုက်လျောညီထွေရှိစေရေး၊ ပင်လယ်ဂေဟစနစ် ထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်း ခြင်းဖြင့် ငါးသယံဇာတများဆုံးရှုံးမှုအား ကာကွယ်နိုင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ကြိုတင်သတိပေးစနစ်များ အသုံးပြုခြင်းဖြင့် ဆုံးရှုံးနိုင် ခြေများကို လျှော့ချနိုင်မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့်အခြေ အနေများအပေါ် အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်မည် ဖြစ်ခြင်း စသည့် အချက်အလက်များပါဝင်သည့် ရာသီဥတု ပြောင်းလဲမှုနှင့် သမုဒ္ဒရာဆိုင်ရာ အစီရင်ခံစာများနှင့် အင်တာနက်ဝက်ဘ်ဆိုက်များ ထုတ်ပြန်ကြေညာသည့် Platform for Science Based Ocean Solutions Plenary ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment