Wednesday, December 25, 2019

ပြည်သူ့အင်အားကသာ အရာရာကို ပြောင်းလဲနိုင်မည်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ကိုလိုနီခေတ်ကာလတွင် မြန်မာနိုင်ငံသူနိုင်ငံသားတို့ ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဘာသာနေရင်းက ဗြိတိသျှလူမျိုးတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်သည်ကို ခံရ၏။ နိုင်ငံရေးမှာ၊ စီးပွားရေးမှာ၊ လူမှုရေးမှာ၊ ယဉ်ကျေးမှုမှာ စသည့်နယ်ပယ်ကဏ္ဍအသီးသီးမှာ။
မြန်မာနိုင်ငံသားများဆိုလျှင် ဗြိတိသျှတို့က အပေါ်စီးကနေ၍ မောင်မင်းလူကလေးဟု ခပ်နှိမ်နှိမ်ဆက်ဆံသည်ဆိုခြင်းက ပုံပြင် မဟုတ်။ သည်လို အနှိမ်ခံရဖူးသူတို့က ယင်းခံစားချက်ကို ပိုမိုနားလည် နိုင်၏။ ထို့ကြောင့်ပင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုစိတ်ကို ရင်ထဲ အသည်းထဲတွင်ထည့်ကာ အသက်စွန့်ဖို့ ဝန်မလေးဖြစ်ခဲ့ကြ သည်ဟုဆိုလျှင် မှားအံ့မထင်။ ဆက်၍ဆိုရလျှင် ထိုစိတ်ဓာတ်အားမာန် တို့ကြောင့်ပင် မြန်မာ့လွတ်လပ်ရေးကို ရခဲ့ခြင်းဖြစ်ပါသည်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးဟု ဆိုလိုက်သည်မှာ ယေဘုယျ အားဖြင့် မြန်မာနိုင်ငံအတွင်းနေ လူမျိုးဘာသာမရွေး၊ ကျေးလက်မြို့ပြ မရွေး၊ တောင်ပေါ်မြေပြန့်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ပညာရှိ ပညာမဲ့ မရွေး၊ လူတန်းစားမရွေး၊ အလွှာမရွေး ပါဝင်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်ဖြင့် အားလုံးပါဝင်ခဲ့ကြခြင်း ဖြစ်ပေသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ကျင်းပသည့် ဖဆပလနိုင်ငံလုံး ဆိုင်ရာ အလယ်ပစ္စယံညီလာခံကြီးတွင် လွတ်လပ်ရေးဗိသုကာ သခင်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်၌ မြန်မာနိုင်ငံသား တို့ကို ပြောကြားခဲ့သကဲ့သို့ ‘အနုမြူဗုံးထက် အင်အားရှိသည့် လူထု အားက အမျိုးသားလွတ်လပ်ရေးပန်းတိုင်ဆီသို့ တွန်းပို့ခဲ့တာ’ ဆိုသည်မှာ တိကျသော အမှန်တရားတစ်ရပ်ဖြစ်ပါသည်။
လူထုအင်အားထက် ကြီးမားပြင်းထန်သော အင်အားမရှိဟု ဆိုရပါမည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံသည် လည်းကောင်း၊ အရပ်သားအစိုးရပေါ်ထွန်းရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာရေး စသည်တို့သည်လည်းကောင်း လူထုအင်အားကြောင့်သာ ဤရွေ့ဤမျှ အဆင့်ဆင့် တိုးတက်လာခဲ့သည်ဟုလည်း ဆိုရပါမည်။
အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ စသည်ဖြင့် ပြည်သူ့ တိုက်ပွဲများကို အဆက်ဆက် ဆင်နွှဲခဲ့ကြသော်လည်း ယနေ့ထက်တိုင် မြန်မာပြည်သူတို့၏ဘ၀သည် လွတ်လပ်ရေး၏အရသာကို ခံစားစံစား နိုင်သည့် အခြေအနေသို့ မရောက်ကြသေးသည်မှာလည်း အမှန်တရား ဖြစ်ပါသည်။
ထို့ကြောင့်ပင် ယနေ့ထက်တိုင် မပြည့်၀သေးသည့် ဒီမိုကရေစီ တိုးတက်ရရှိရေး၊ ဒီမိုကရေစီအုတ်မြစ်ခိုင်မာတောင့်တင်းရေး စသည့် မြန်မာပြည်သူတို့၏ အဆုံးမသတ်နိုင်သေးသော ပန်းတိုင်မရောက် သေးသော လုပ်ငန်းရပ်များကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါ သည်။
ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တို့ ဘုရင်ခံ၏ ယာယီအမှုဆောင်အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် ဦးအောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းတွင်ပါဝင်သည့် “သူဟာ အများပြည်သူ ကြားမှာ ပေါ်ပြူလာဖြစ်နေသူဆိုပေမယ့် ဘုရားမဟုတ်၊ နတ်သိကြား မဟုတ်၊ မျက်လှည့်ဆရာမဟုတ်၊ မှော်ဆရာမဟုတ်။ လူလောက်ပဲ အစွမ်းရှိသူ၊ နောက် သူဟာအသက်အရွယ်အားဖြင့်လည်း များစွာ ငယ်ရွယ်သေးသူ၊ သို့သော်လည်း တာဝန်ကြီးများကို ထမ်းရွက်ထား ရသူ။ သည်လိုကြားက သူ့အစွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ် နေသူ၊ ပြည်သူတို့က အားပေးနေသရွေ့ လွတ်လပ်ရေး လူထုကောင်းစား ရေးကို ပိုလုပ်နိုင်မယ်။ ထို့ကြောင့် လူထု၏ ဆက်လက်ထောက်ခံ အားပေးမှုများစွာ လိုအပ်သည်”ဟု ဆိုခဲ့သည်။ အမှန်တော့ ဦးအောင်ဆန်း သည် အသက်အရွယ်နှင့်မမျှအောင် ရင့်ကျက်သူ၊ အမြော်အမြင်ကြီးသူ ဖြစ်ကြောင်း သမိုင်းက သက်သေတင်ပြီးဖြစ်ပါသည်။
မည်သို့ဆိုစေ၊ မည်သို့သော စွမ်းအားကြီးသည်ဖြစ်စေ၊ မည်မျှ မှန်ကန်တော်တည့် ဖြောင့်မှန်သည်ဖြစ်စေ၊ မည်မျှအမြော်အမြင် ကြီးမားထက်မြက်သည်ဖြစ်စေ နိုင်ငံထူထောင်ရေးအတွက် အရေးပါ ဆုံးသောအင်အားမှာ လူထုအင်အားပဲဖြစ်သည်ဟူသည့် စကားရပ်မှာမူ အမြဲတမ်းမှန်ကန်နေမည်ဟု ယုံကြည်ပါသည်။
အထူးသဖြင့် ယနေ့လိုကာလတွင် ပြည်သူလူထု၏အင်အား၊ ညီညွတ်စုစည်းမှုတို့က ပို၍ပို၍ အရေးအကြီးဆုံးဖြစ်လိမ့်မည် ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment