Wednesday, December 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လပွတ္တာ(ပင်လယ်လေး)တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား လပွတ္တာမြို့နယ် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ




Image may contain: 2 people
လပွတ္တာ ဒီဇင်ဘာ ၂၄



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ် တို့အား ဆက်သွယ်ထားသည့် လပွတ္တာ(ပင်လယ်လေး) တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး လပွတ္တာမြို့နယ် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ရောက်ရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အထူးလေယာဉ် ဖြင့် ထွက်ခွာကြရာ ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိ သူများက ပုသိမ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ လပွတ္တာမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် လပွတ္တာ (ပင်လယ်လေး) တံတားဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ရန် မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ လမ်းတစ်လျှောက်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လပွတ္တာ (ပင်လယ်လေး) တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အရေးကြီးဆုံးလိုအပ်ချက်
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကအမှာစကားပြောကြားရာတွင် “ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးလိုအပ်တဲ့ ကိစ္စတွေက သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး ဖြစ်ပါတယ်ဆိုတာကို ကျွန်မတို့ မကြာခဏပဲ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေရှိမှပဲ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခိုင်မာလာမှာ ဖြစ်ပါတယ်။ အသက်ရှင်နေထိုင်ဖို့ သောက်သုံးရေ မရှိမဖြစ်လိုအပ်နေပါတယ်။ တစ်နေရာကနေတစ်နေရာကို အလွယ်တကူ ဖြတ်သန်းသွားလာဖို့၊ ကုန်သွယ်ဖို့ စသဖြင့် လည်း ဆက်သွယ်မှုလျင်မြန်လာမှာ ဖြစ်ပါတယ်။ လူနေမှု စနစ်နဲ့ ကုန်ထုတ်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန် ကန်ကန်ရဖို့ဆိုတာဟာ အရေးကြီးပါတယ်။ လုံလုံ လောက်လောက် ဒါတွေအားလုံးရနိုင်မှပဲ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ တိုးတက်နိုင်မှာပါ။
ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် ကျွန်မတို့က နေရာ တိုင်း နေရာတိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းစေ ချင်တယ်။ လျှပ်စစ်မီးရစေချင်တယ်။ နောက်ပြီးသောက် သုံးရေလည်း ဖူလုံစေချင်တယ်။ ကျွန်မတို့ နည်းအမျိုးမျိုးနဲ့ ဒီလိုဖြစ်အောင်လုပ်ရတာပါ။ အခုဒီမှာ ကျွန်မတို့လာတာ ကတော့ တံတားဖွင့်ပွဲအတွက်ဆိုတော့ လမ်းပန်းဆက်သွယ် ရေးနဲ့ ပိုပြီးဆိုင်တာပေါ့။ လမ်းပန်းဆက်သွယ်ရေးဆိုတာ ဟာ တစ်နေရာနဲ့တစ်နေရာ လွယ်လွယ်ကူကူနဲ့ သွားလို့ ရတာလောက် ရိုးရှင်းတာမဟုတ်ပါဘူး။ ဒါထက်ပိုပြီးတော့ အင်မတန်မှ လေးနက်ပါတယ်။ ဥပမာဆိုရင် လမ်းပန်း ဆက်သွယ်ရေးမကောင်းရင် ကျန်းမာရေး၊ ပညာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်း ဆက်သွယ်ရေးမကောင်းရင် ကလေးတွေ ကျောင်းမှန်မှန် မတက်နိုင်တာတွေရှိခဲ့တယ်။ ဒါမှမဟုတ် လမ်းပန်း ဆက်သွယ်ရေးမကောင်းလို့ ကိုယ်လိုအပ်တဲ့ ကျန်းမာရေး အကုအသတွေကို အချိန်မီမရောက်နိုင်တာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် လမ်းပန်းဆက်သွယ်ရေးဟာ တချို့ထင်သလို စီးပွားရေးအရတင်သာ မဟုတ်ဘူး၊ သွားရလာရတာ အဆင်ပြေဖို့အတွက်တင် မဟုတ်ဘူး၊ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။
ပြည်သူ့ရဲ့အကျိုး
ကျွန်မ မိန့်ခွန်းထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုပြီး တစ်စီ တစ်တန်းကြီး ရေးထားတယ်။ အဲဒါကျွန်မ မပြောတော့ ပါဘူး။ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြည်သူလူထုကသိမှ အရာရောက်မှာပါ။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ပြည်သူလူထုရဲ့ ဘဝအပေါ်မှာ အရာမထင်ရင် အလကားပါပဲ။ ကျွန်မတို့ နိုင်ငံမှာလုပ်သမျှ မှန်သမျှဟာ ပြည်သူ့ရဲ့အကျိုးအတွက်ပဲ ဖြစ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကဟာ ပြည်သူလူထုပါပဲ။ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်မီးတွေ ဒါတွေအားလုံးဟာ ပြည်သူလူထုအတွက်ပဲ။ ပြည်သူလူထုတွေ တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ ပြည်သူလူထုရဲ့ ဘ၀တွေသာယာဖို့။ ဖွံ့ဖြိုး တိုးတက်တယ်ဆိုတာကလည်း ရေရှည်တည်တံ့ခိုင်မြဲမှပဲ ဒါဟာအဓိပ္ပါယ်ရှိပါတယ်။ တစ်ခဏဖွံ့ဖြိုးတိုးတက်ပြီး ပြန်ပြီးတော့နောက်ပြန်ဆုတ်သွားမယ်၊ ဆုတ်ယုတ်သွားမယ် ဆိုရင် ကျွန်မတို့ပြည်သူတွေအတွက် ရေရှည်မှာ အကျိုး မရှိပါဘူး။
ငြိမ်းချမ်းမှ တိုးတက်ဖွံ့ဖြိုးနိုင်မယ်
ကျွန်မတို့အတွက် အရေးအကြီးဆုံးကိစ္စကတော့ ငြိမ်းချမ်းရေးပဲဆိုတာ ထပ်တလဲလဲပြောပါတယ်။ ငြိမ်းချမ်း ရေးရှိမှ ကျွန်မတို့နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးနိုင်မယ်။ တိုးတက်ဖွံ့ဖြိုးမှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထား နိုင်မယ်။ ဧရာဝတီတိုင်းကဆိုရင် ငြိမ်းချမ်းရေးမရှိတဲ့ အချိန်အခါကိုလည်း သိခဲ့ရတယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်း ရေးရှိတဲ့ အချိန်အခါမှာ ကြီးလာတဲ့လူငယ်တွေက အရင်တုန်းက ဘယ်လိုနေလဲဆိုတာသိချင်မှ သိမှာပါ။ ဒါပေမယ့် လူကြီးပိုင်းကတော့ ဒီဟာတွေကို မှတ်မိနေ မှာပါ။ မငြိမ်းချမ်းတဲ့အခါတုန်းက ပြည်တွင်းစစ်မီးတွေက ဧရာဝတီတိုင်းမှာ တောက်လောင်နေတဲ့အခါမှာ ဘယ်လို ရှိသလဲဆိုတာ လူကြီးတွေပိုင်းကနေပြီး သတိရမှာ ဖြစ်ပါတယ်။ အဲဒါတွေကိုလည်း လူငယ်တွေကို သိအောင် အတိုင်းအတာတစ်ခုထိ ပြောပေးစေချင်တယ်။ ကိုယ့်သမိုင်း ကြောင်းကို ကိုယ်သိမှ ကိုယ့်အနာဂတ်ကို ဘယ်လို ဆောက်တည်သင့်သလဲဆိုတာကို ကျွန်မတို့ ဆုံးဖြတ်နိုင် မှာပါ။
ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရ
ကျွန်မတို့ အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေကို ရှောင်ရမလဲ။ နောင်မဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲ ဆိုတာတွေကို သိအောင်လို့ သမိုင်းသင်တာပါ။ ကျွန်မ နားလည်သလောက်က ကျောင်းက သမိုင်းဘာသာရပ်ကို သိပ်ပြီးကလေးတွေက မကြိုက်ကြဘူးလို့ဆိုတယ်။ အဲဒါ ဆိုရင် ကျွန်မတို့ သမိုင်းသင်ပုံသင်နည်းကတော့ တစ်ခုခု လိုအပ်ချက်ရှိနေပြီလို့ ကျွန်မထင်ပါတယ်။ သမိုင်းဆိုတာ ဟာ ဘယ်နှစ်တုန်းက ဘာဖြစ်ခဲ့တယ်။ ဘယ်တုန်းက ဘယ်မင်းတွေ အုပ်ချုပ်ခဲ့တယ်။ ဒါတွေကိုပဲ သင်တာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံဟာ ဘယ်လိုပေါက်ဖွား လာသလဲ။ အဲဒီနိုင်ငံရဲ့ သမိုင်းလမ်းတစ်လျှောက်မှာ နိုင်ငံ အတွင်းမှာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။ ဘာကြောင့် ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာ ကို လေးလေးနက်နက် လူတွေစဉ်းစားချင်အောင်လို့၊ စဉ်းစားတတ်အောင် သမိုင်းသင်ပေးရတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကိုမသိရင် ကိုယ့်နိုင်ငံရဲ့ အနာဂတ်က ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဆုံးဖြတ်ဖို့ဟာ အင်မတန်မှ ခက်ပါလိမ့်မယ်။
အခု ဧရာဝတီတိုင်းမှာဆိုရင် လူငယ်များဟာ အရင်တုန်းက ငြိမ်းချမ်းရေးမရှိခင် အခါတုန်းက ဧရာဝတီတိုင်းဟာ ဘယ်လိုနေခဲ့ရသလဲ။ အဲဒီမှာဆိုရင် အဘိုးတွေ အဘွားတွေခေတ်တုန်းက ပြေးလား၊ လွှားလား မလုံမခြုံနဲ့ နေခဲ့ရသလဲဆိုတာသိမှ ငါတို့ခေတ်မှာ ဒီလိုပြန်ပြီးတော့ နောက်ပြန်မဆုတ်ရအောင် ဘယ်လို နေရမလဲဆိုတာကို စဉ်းစားလို့ရမှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ အခုငြိမ်းချမ်းသွားပြီဆိုပေမယ့်လည်း မငြိမ်းချမ်းတဲ့နေရာတွေ ကျွန်မတို့နိုင်ငံတစ်လွှားမှာ ရှိသေးတယ်ဆိုတာ အားလုံးသိပြီးပဲ ဖြစ်ပါတယ်။
အဲဒါကိုလည်း ကိုယ့်ရဲ့တိုင်းမှာ ဖြစ်နေသလိုပဲ ဂရုစိုက် စေချင်ပါတယ်။ ကိုယ်ခံခဲ့ရတုန်းက ဘယ်လိုရှိသလဲ။ တခြားသူတွေခံခဲ့ရတာလည်း ကိုယ်ခံခဲ့ရတာနဲ့ အတူတူပဲ။ ကျွန်မတို့အားလုံးဟာ ဒီနိုင်ငံရဲ့ သားသမီးတွေပဲဖြစ်တယ်။ ဒါကြောင့်မို့ သွေးရင်းသားရင်းလိုပဲ တစ်ဦးအပေါ်တစ်ဦးကို စိတ်ထားဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။
စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရ
ကျွန်မတို့အခု ငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းနေ တဲ့အချိန်မှာကို ဒီနိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေ ရတယ်။ ဒီစိန်ခေါ်မှုတွေရဲ့ အရင်းအမြစ်ကလည်း သမိုင်း မှာပဲ ရှိတာပဲ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့ အကျိုး ဆက်တွေကို ကျွန်မတို့ကနေဆက်ပြီး ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ ဖြစ်ပြီးသားဟာ ဖြစ်ပြီးပြီ။ အခု အကောင်းဆုံးဖြစ်အောင်လို့ ဆက်ပြီးသွားရမှာပဲ။ ဒါနဲ့ ပတ်သက်လို့ ကျွန်မပြောချင်တာက ကျွန်မတို့နိုင်ငံအနေနဲ့ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်သူ လူထုကနေပြီးတော့ တစ်ခဲနက်ထောက်ခံပေးတာ၊ ဝန်းရံ ပေးတာအတွက်လည်း ကျေးဇူးတင်ပါတယ်ဆိုတာကို ကြုံတုန်းပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ လူထုရဲ့ ထောက်ခံဝန်းရံမှုဟာ ကျွန်မတို့အတွက် တကယ့် အင်အားတွေပဲ။ ဒီထောက်ခံဝန်းရံမှုတွေရှိတယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုမဆို ကျွန်မတို့ ရင်ဆိုင်နိုင်တယ်၊ ကျော်လွှားနိုင်တယ်။ ဘာဖြစ်လို့လဲ ကျွန်မတို့အချင်းချင်း ညီညွတ်မှုရှိတယ်။ ညီညွတ်မှုရဲ့အင်အားဆိုတာ တခြား ဘာနဲ့မှ မတူဘူးဆိုတာကို ကျွန်မတို့ နှလုံးသွင်းသင့် ပါတယ်။
စစ်မှန်တဲ့ညီညွတ်မှု
နှလုံးသွင်းတယ်ဆိုတာ တကယ်နှလုံးသွင်းရမှာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှန်တဲ့ညီညွတ်မှုဆိုတာ နှလုံးသား ထဲကလာတဲ့ ညီညွတ်မှုပါ။ အခုအတူတူထိုင်နေကြတယ်။ အတူတူထိုင်နေကြတဲ့လူတွေက အပြင်ပန်းကကြည့်ရင် တညီတညွတ်တည်း ညီညီညာညာထိုင်နေကြတယ်။ သို့သော် စိတ်တွေ၊ သဘောထားတွေ ကွဲလွဲနေတယ်ဆိုရင် ဒီလူအုပ်ကြီးဟာတကယ့် အင်အားမဖြစ်တော့ဘူး။ ဆိုပါတော့ တစ်ခုခုအရေးအကြောင်းပေါ်တဲ့အခါ၊ တစ်ခုခု ဖြစ်တယ်ဆိုရင် ဒီအားလုံးဟာ ဒီအထဲက အားလုံးညီညီ ညာညာဆိုရင် ညီညီညာညာနဲ့ ဖြစ်တဲ့ကိစ္စကို ကျွန်မတို့ ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် တစ်ယောက်တစ်ပေါက် လုပ်မယ်၊ တစ်ယောက်တစ်ပေါက် စဉ်းစားမယ်၊ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားမယ်၊ အများအတွက် မစဉ်းစားဘူး။ အားလုံးကနေ အဆုံးအဖြတ်တွေနဲ့ ဖြစ်သလိုလုပ်မယ်ဆိုရင် ကျွန်မတို့ဟာ တကယ့်အင်အား တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အခုတံတားနဲ့ပတ်သက်လို့ ကျွန်မစဉ်းစား ပါတယ်။ တံတားဆိုတာ တစ်နေရာကနေ တစ်နေရာ လွယ်လွယ်ကူကူနဲ့ ကူးနိုင်အောင် လုပ်ပေးတာပါ။ တံတား ဆိုတာ အများအထင်တော့ မြစ်တွေ၊ ချောင်းတွေကို ဖြတ်ပြီးသွားတဲ့ တံတားတွေပါ။ ရေထဲကနေ ဖြတ်သွား ရတာထက် ပိုပြီးတော့လွယ်အောင်၊ မြန်အောင်၊ ပိုပြီးတော့ အများအတွက် အသုံးဖြစ်အောင် တံတားတွေ ဆောက်ထား တာဖြစ်ပါတယ်။ ကျွန်မတို့အချင်းချင်းကြားမှာ တံတား သဖွယ်ဆက်ထားတဲ့ စိတ်ဓာတ်တွေဟာ ဒီလိုပါပဲ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်နိုင်အောင်လို့၊ ပိုပြီးတော့ ကောင်းကောင်း မွန်မွန် ဆက်သွယ်နိုင်အောင်၊ ပိုပြီးတော့ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်အောင်၊ ပိုပြီးတော့ အတူတကွချီတက်နိုင် အောင်လို့ ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာ တံတားတွေလိုပဲ စိတ်ပိုင်းဆိုင်ရာ တံတားတွေကိုလည်း တစ်ချိန်တည်းမှာပဲ ဆောက်သွားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။
နှလုံးသားတံတား
တံတားတစ်ခုဆောက်လိုက်ပြီဆိုရင် ဒီလိုတံတားကြီး ဖြစ်သွားပြီ။ အသစ်ဆောက်တာပဲဖြစ်ဖြစ်၊ အဟောင်းကို ပြန်ပြီးသုံးလို့ရအောင် ပြင်တာပဲဖြစ်ဖြစ် ဒီလိုတံတားကြီး တစ်ခု ကြီးကြီးကျယ်ကျယ်ဖြစ်သွားပြီဆိုရင် ဒေသခံတွေက ဝမ်းသာကြတယ်။ အားလုံးဝိုင်းပြီး ကြိုဆိုကြတယ်။ အဲဒီတော့ သူတို့သွားရလာရတာ၊ သူတို့နေရထိုင်ရတာ သူတို့ဘ၀တွေ ပိုပြီးတော့ပြေလည်သွားပြီဆိုပြီး အဲဒီလို သဘောထားကြတယ်။ အဲဒီအတိုင်းပဲ ကျွန်မတို့အချင်းချင်း အကြားမှာ နှလုံးသားတံတားတွေသာ ဆောက်နေမယ် ဆိုရင် ကျွန်မတို့နိုင်ငံအတွင်းမှာ သွားရလာရတာ၊ ချီတက် ရတာ၊ အနာဂတ်ဆီကို ဦးတည်ရတာ အင်မတန်မှ ပိုပြီး တော့ လွယ်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တံတားတစ်ခုဆောက်တယ်ဆိုရင် အစိုးရ ကနေ ဦးဆောင်ပြီး ဆောက်ပေးတယ်။ တစ်ခါတလေ လည်း ကျွန်မတို့ နိုင်ငံတစ်ဝန်းမှာဆိုရင် လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ပုဂ္ဂလိကနဲ့အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာတွေလည်း ရှိပါတယ်။ ပုဂ္ဂလိက သက်သက် လုပ်တာတွေလည်းရှိတယ်။ နိုင်ငံတော်အစိုးရ က လုပ်ရတာတွေလည်းရှိတယ်။ အဲဒီအထဲမှာဆိုရင် အကျိုး အမြတ် အနည်းဆုံးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရက လုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဆိုတာ ပြည်သူ လူထုအပေါ်ကနေ အကျိုးအမြတ်ရအောင်လုပ်ဖို့ မဟုတ် ပါဘူး။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကတော့ အတိုင်း အတာတစ်ခုအထိ အကျိုးအမြတ်ရှိအောင် လုပ်ရတယ်။ ဒါကိုလည်း ကျွန်မတို့ အပြစ်ဆိုစရာမဟုတ်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ပုဂ္ဂလိကစီးပွားရေးတွေ ဖွံ့ဖြိုးမှ တိုးတက်မှ လည်း ဒီနိုင်ငံရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။
အလွဲသုံးစားမလုပ်ပါနဲ့
အားလုံးဟာ သူ့နေရာနဲ့သူ နိုင်ငံကိုအကျိုးပြုနိုင် ပါတယ်။ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ နိုင်ငံကို အကျိုးပြုနိုင်ပါတယ်။ အဲဒါကိုလည်း ကျွန်မက ယုံကြည်စေချင်တယ်။ ကိုယ့်ရဲ့အင်အားကို ကိုယ်နားလည် ရမယ်။ ယုံကြည်ရမယ်။ တန်ဖိုးထားရမယ်။ ဒါမှကိုယ့်ရဲ့ အင်အားကိုလည်း ကိုယ်အလွဲသုံးစားမလုပ်တဲ့ အခြေအနေ ကို ရောက်သွားမှာ။ ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းဆိုရင် အလွဲသုံးစားမလုပ်ဘူး။ တန်ဖိုးထားရမှန်းသိရင် အလွဲ သုံးစားမလုပ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့အင်အားတွေကို တန်ဖိုးထားပါ။ အလွဲသုံးစားမလုပ်ပါနဲ့။ နိုင်ငံအတွက် သုံးပါ။ အားလုံးအတွက်သုံးပါ။
ကျွန်မတို့နိုင်ငံက အလားအလာအင်မတန်ကောင်းတဲ့နိုင်ငံပါ။ ကမ္ဘာ့နိုင်ငံတွေ အများကြီးရောက်ဖူးပါတယ်။ ကမ္ဘာက ပြည်သူလူထုအမျိုးမျိုးနဲ့ ကျွန်မတွေ့ဖူးပါတယ်။ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေအကြောင်းတော့ ကိုယ်က အသိဆုံးလည်းဖြစ်တယ်၊ အနီးကပ်ဆုံးလည်းဖြစ်တယ်။ ပိုပြီးတော့ ဖြစ်စေချင်တဲ့စိတ်ကလည်း အများဆုံးဖြစ်တယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ပိုပြီးတော့ တော်စေချင် တယ်။ ပိုပြီးတော့ ဖြစ်မြောက်စေချင်တယ်။ ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာရော၊ ဦးနှောက်ပိုင်းဆိုင်ရာရော အားလုံး တခြားလူတွေထက်သာစေချင်တယ်။ ဒါကတော့သဘာဝပါ။ အဲဒီလိုစိတ်ရှိတဲ့အခါကျတော့ တစ်ခါတလေအားမရဘူး။ ပိုပြီးတော့တော်စေချင်တယ်။ ဒီလောက်ပဲလား။ ဒါထက် ပိုပြီးတော့ စည်းကမ်းမရှိနိုင်ဘူးလား။
တန်ဖိုးထားစေချင်
ဒါပေမယ့်လည်း လမ်းမှာအမှိုက်တွေ ပစ်ထားတာ တွေ့ပါတယ်။ အဲဒါတွေကိုမလုပ်ကြပါနဲ့လို့ ပြောပါရစေ။ ကိုယ့်ရဲ့နိုင်ငံကို တန်ဖိုးထားပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ။ ကျွန်မတို့ကလမ်းမှာအမှိုက်ပစ်ထားတာကိုတွေ့ရင် ချက်ချင်းစိတ်ထဲမှာ အမှိုက်ပစ်သွားပြန်ပြီဆိုပြီး မကျေနပ်ဘူး။ ဒါက ကျွန်မတို့နိုင်ငံသားတွေ ပစ်ထားတဲ့ အမှိုက်တွေ။ ကျွန်မတို့ ပြည်သူတွေပစ်ထားတဲ့ အမှိုက်တွေ မို့လို့ မကျေနပ်တာ။ တခြားသူလာပစ်တဲ့ အမှိုက်ဆိုရင် ဒီလောက်မကျေနပ်မှာ မဟုတ်ဘူး။ ကြိုက်တော့ မကြိုက် ဘူးပေါ့။ ကိုယ့်ပြည်သူတွေက ကိုယ့်နိုင်ငံထဲမှာ ကိုယ့်နိုင်ငံ ရှုပ်ထွေးအောင် လုပ်တယ်ဆိုတာ ကျွန်မမကြိုက်ဆုံးကိစ္စပဲ။ လူတိုင်းလူတိုင်းဟာ ဒီလိုစိတ်ထားပါ။ ကိုယ့်နိုင်ငံဟာ ကိုယ့်ရဲ့အိမ်၊ ကိုယ့်မိသားစုအိမ်အတွက် ပိုပြီးတော့ တန်ဖိုး ရှိတယ်ဆိုတာကို သဘောပေါက်ပါ။ ကိုယ့်မိသားစုအိမ်ကို တန်ဖိုးထားပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်ပတ်ဝန်းကျင်ကို တန်ဖိုးထားစေချင်တယ်။
အဲဒီလို ကျွန်မက ပြည်သူတွေကို သိပ်ပြီးတော့ ဖြစ်မြောက်စေချင်တယ်၊ တိုးတက်စေချင်တဲ့အခါကျတော့ အားမရတာတွေရှိပေမယ့်လည်း တကယ်တော့ ကျွန်မ ကမ္ဘာတစ်ဝန်းမှာ ကြည့်လိုက်ရင် ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေက စိတ်ရင်းအင်မတန်ကောင်းတယ်။ နွေးနွေး ထွေးထွေးရှိတယ်။ အရေးဆိုရင်လည်း စည်းလုံးတယ် ဆိုတဲ့ အဲဒီကောင်းတဲ့အချက်တွေ အင်အားတွေ တွေ့လာ ရပါတယ်။ အဲဒါတွေ တွေ့လာရတဲ့အခါကျတော့ ကျွန်မတို့ နိုင်ငံရဲ့အလားအလာ အင်မတန်ကောင်းတယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် အလားအလာကောင်းရုံနဲ့ မပြီးဘူး။
ဒီကောင်းတဲ့ အလားအလာတွေကို အကောင်အထည်ဖော် နိုင်ဖို့ ကျွန်မတို့မှာ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရပါလိမ့်မယ်။ အဲဒီဟာတွေအတွက်လည်း ကျွန်မတို့ပြည်သူတွေ ဝိုင်းပြီး ကြိုးစားကြပါ။ ကျွန်မတို့နိုင်ငံမှာဘာပဲလုပ်လုပ် တံတား တစ်ခုဆောက်တာပဲဖြစ်ဖြစ် လမ်းတစ်ခုဖောက်တာပဲ ဖြစ်ဖြစ်၊ လျှပ်စစ်မီးရအောင် လုပ်တာပဲဖြစ်ဖြစ်၊ ဒါငါတို့ နိုင်ငံတိုးတက်ရေးအတွက် ငါတို့အားလုံးပိုပြီးတော့ သာယာလုံခြုံတဲ့ ဘဝတစ်ခုဖြစ်ဖို့အတွက် ငါတို့ရဲ့ ပြည်သူ ပြည်သားတွေအားလုံး ပိုပြီးတော့ စည်းလုံးညီညွတ်မှု အတွက်ဆိုပြီး အဲဒီလိုစိတ်ထားပြီး တန်ဖိုးထားပါ။ လွယ်လွယ်မစဉ်းစားပါနဲ့။ ကျဉ်းကျဉ်းမြောင်းမြောင်းလေး မစဉ်းစားပါနဲ့။ ကျယ်ကျယ်ဝင့်ဝင့်စဉ်းစားပါ။ နှလုံးသား ကနေ သဘောထားကြီးသလို ဦးနှောက်ကလည်း ကျယ်ပြန့် ပြီးတော့ အမြော်အမြင်ရှိအောင် ကျွန်မတို့အားလုံး ကြိုးစား စေချင်ပါတယ်။
တိုးတက်ဖြစ်ထွန်းစေချင်
ကျွန်မတို့နိုင်ငံမှာဆိုရင် တိုးတက်ဖွံ့ဖြိုးလာတဲ့ အခြေခံ အဆောက်အဦတွေကို အကျိုးရှိရှိအသုံးချပြီးတော့ တစ်ဦးချင်းရဲ့ ဘ၀တွေကို မြှင့်တင်ကြသလို လယ်ယာ ထွက်ကုန်အခြေပြုတဲ့ စက်မှုလုပ်ငန်းတွေကိုလည်း တိုးတက်ဖြစ်ထွန်းစေချင်တယ်ဆိုပြီးတော့လည်း ကျွန်မ မိန့်ခွန်းထဲမှာ ပါပါတယ်။ အဲဒါကဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ဧရာဝတီတိုင်းဟာ ဟိုးအစကတည်းက လယ်ယာစိုက်ပျိုးရေးဘက်မှာ အင်မတန်မှ အားကြီးတဲ့ တိုင်းတစ်ခုဖြစ်ပါတယ်။ တစ်ချိန်တစ်ခါတုန်းကဆိုရင် ကမ္ဘာ့ရဲ့ ဆန်အိုးကြီးဆိုပြီးတင်စားပြီးခေါ်ခဲ့ရတဲ့ တိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ လေယာဉ်ပျံနဲ့လာပြီး ကြည့်လိုက် တဲ့အခါကျတော့ အောက်မှာဆိုရင် ရေလမ်းတွေ အများကြီး တွေ့ရတယ်။ ဒီတိုင်းမှာဆိုရင် ရေသယံဇာတအင်မတန်မှ ပေါကြွယ်ဝတယ်။ ဒါပေမယ့် ပေါကြွယ်ဝတဲ့ သယံဇာတကို ကိုယ်က မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် သုံးမှ သာလျှင် တကယ်တန်ဖိုးဖြစ်မှာပါ။ အဲဒါကိုလည်း ကျွန်မတို့ စဉ်းစားပါမယ်။ ဧရာဝတီတိုင်းမှာ ကိုယ့်ရဲ့အားသာချက် တွေကို ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေကို စိတ်ပိုင်း ဆိုင်ရာ အားသာချက်တွေနဲ့ ပူးပေါင်းပြီးတော့ တိုးတက် ဖွံ့ဖြိုးအောင်လုပ်နိုင်တယ်ဆိုတာကို ကျွန်မတို့စဉ်းစား ပါမယ်။
ဆက်လက်ထိန်းသိမ်း
ကျွန်မတို့ ဧရာဝတီတိုင်းကို လာတယ်ဆိုရင် တိုင်းရင်းသားအမျိုးမျိုး တွေ့ရပါတယ်။ ချိပ်ဝတ်စုံလေး တွေနဲ့ ရိုးရာယဉ်ကျေးမှုအရကြိုတဲ့အခါမှာ ကျွန်မအမြဲတမ်း ဝမ်းသာတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဆိုတာ ကျွန်မထပ်တလဲလဲပြောနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရတွေရဲ့ လှပတဲ့ အဓိပ္ပာယ်ကို ကျွန်မတို့ပြည်သူတွေ နားလည်စေချင်တယ်။ စုပေါင်းပြီး တည်ထောင်ထားတဲ့ ပြည်ထောင်စုဆိုတာဟာ ဘယ်လောက်လှပတင့်တယ်လဲဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ နားလည်စေချင်တယ်။ သဘော ပေါက်စေချင်တယ်။ ယုံကြည်စေချင်တယ်။ ငါတို့က ပြည်ထောင်စုဖွားတွေဖြစ်တယ်ဆိုတာ နံပါတ်(၁)အဲဒါကို ဂုဏ်ယူရမယ်။ နောက်ပြီးတော့မှ ကိုယ်ကမွန်တိုင်းရင်းသား ဆိုလည်း မွန်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသားဆိုလည်း ကရင်တိုင်းရင်းသား၊ ဗမာဆိုလည်းဗမာဒါတွေကနောက်မှ စဉ်းစားလို့ရတယ်။ ပထမဦးဆုံးစဉ်းစားရမှာက ငါတို့က ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ၊ ဒီပြည်ထောင်စုကြီး ကနေ မွေးထုတ်လိုက်တဲ့ သားသမီးတွေ၊ ဒီပြည်ထောင်စု ကြီးကို ငါတို့တစ်သက်တင်မက နောင်လာနောက်သား တွေကနေ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ငါတို့ရဲ့ခေတ် မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်ဆိုတဲ့ မာန်တွေ တော့ ရှိစေချင်တယ်။ ကောင်းတဲ့မာန်တွေပေါ့။ ငါတို့လုပ်နိုင် တယ်။ လုပ်မယ်။ အဲဒီလိုစိတ်တွေထားပါ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။
လပွတ္တာလို မြန်မာနိုင်ငံကဧရာဝတီတိုင်းက မြို့လေးတစ်မြို့ဆိုတာလည်းပြည်ထောင်စုရဲ့ ခွဲလို့ခွာလို့မရတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်တန်ဖိုးကို ကိုယ်ယုံကြည်ပါ။ ကိုယ့်တန်ဖိုးကိုကိုယ် ဆက်ပြီးတော့ ထိန်းသိမ်းထားပါ။ ကျွန်မတို့က အားလုံး စုပေါင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ဒီနိုင်ငံကို တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ လက်မလွှတ်ပါနဲ့လို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ” ဟု ပြောကြား သည်။
ယင်းနောက် လပွတ္တာမြို့နယ် ပြည်သူများကိုယ်စား ဒေသခံပြည်သူတစ်ဦးက နိုင်ငံတော်အနေဖြင့် ယခုတံတား ပြန်လည်ပြုပြင်တည်ဆောက်ပေးသည့်အတွက် လပွတ္တာ မြို့နယ်အတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက် လာမည်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် မြို့မိမြိုဖ ဦးစိုးမြင့်နှင့် ဒေါက်တာမောင်မောင် အောင်၊ လပွတ္တာမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် မြောင်းမြမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက တံတားကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တံတားတည်ဆောက်ရေးဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လပွတ္တာ (ပင်လယ်လေး)တံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင် ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အဆင့်မြှင့်တင် တည်ဆောက်
လပွတ္တာ(ပင်လယ်လေး)ကြိုးတံတားကို ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မူလခွင့်ပြုတန်ချိန် (၃၆)တန် ခွင့်ပြုခဲ့ရာမှ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် ခံနိုင်ရည်ကျဆင်းလာသည့်အတွက် တန်(၂၀)သာခွင့်ပြုခဲ့ ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလတွင် မြောင်းမြကြိုးတံတား ပျက်ကျခဲ့ပြီးနောက် လပွတ္တာ(ပင်လယ်လေး)ကြိုးတံတား၏ ကြံ့ခိုင်မှုကိုသိရှိနိုင်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် များနှင့် တိုင်းတာစစ်ဆေးခဲ့ရာ ရရှိလာသည့်ရလဒ်များ အပေါ်အခြေခံ၍ လပွတ္တာ(ပင်လယ်လေး)ကြိုးတံတားကို ကြံ့ခိုင်မှုအဆင့် ၄ အဖြစ် သတ်မှတ်ခဲ့ပြီး ခွင့်ပြုတန်ချိန် တန်(၂၀)မှ ၁၄ တန်သာခွင့်ပြုခဲ့ကြောင်း၊ ထို့အတွက် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ပင်မကြိုးတံတားအပိုင်း အားဖယ်ရှားပြီး တန်(၆၀)ခံနိုင်ဝန်ရှိသည့် ဂျပန်နိုင်ငံ နည်းပညာဖြင့်ထုတ်လုပ်သော Steel Box Girder များဖြင့် အစားထိုးကာ ငွေကျပ်သန်းပေါင်း ၇၁၀ဝ အကုန်အကျခံ အဆင့်မြှင့်တင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပင်လယ်လေး)တံတားမှာ ယခင်ကြိုးတံတား ကို ရေလယ်တိုင်များထည့်သွင်း၍ RC ဘိုးပိုင်ရေလယ်တိုင် တို့ကို တွဲဖက်အသုံးပြုတည်ဆောက်ထားပြီး Steel Box Girder တပ်ဆင်၍ အဆင့်မြှင့်တင်ထားကြောင်း၊ တံတား မှာ အရှည်ပေ ၁၃၄၀၊ အကျယ် ၃ဝ ဒသမ ၅ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၂၉ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၉၂ ပေနှင့် တံတားခွင့်ပြုတန်ချိန် တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ယခုတံတားတည်ဆောက်နိုင်ခြင်းကြောင့် ဒေသခံ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်လာမည့်အပြင် ဒေသတွင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုအဆင်ပြေကောင်းမွန်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရလမ်းညွှန်မှု ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပုသိမ်မြို့ တွင် အရှည်ပေ ၂၃၈ဝ ရှိ ပုသိမ်တံတားအမှတ်(၂)၊ ငရုတ်ကောင်း - ငွေဆောင်- ချောင်းသာ- မကျီးဇင်- ဂွလမ်းပေါ်၌ အရှည် ၅၅၁ ပေရှိ မကျီးဇင်တံတား၊ ပန်းတနော်-ရွှေလောင်း-ဝါးခယ်မ-ကျုံမငေးလမ်းပေါ်၌ အရှည်ပေ ၁၉၀ဝ ရှိ ရွှေလောင်းတံတားနှင့် အရှည်ပေ ၃၀၂ဝ ရှိ ဝါးခယ်မတံတား၊ ဘိုကလေး-မော်ကျွန်း- ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်၌ အရှည် ၂၃၆၂ ပေရှိ ကျွန်းပြဿဒ်တံတား၊ အရှည် ၂၄၆၁ ပေရှိ စောကဲတံတားနှင့် အရှည် ၇၈၈ ပေရှိ ကျွန်းကုန်းတံတား တို့ကို ၂၀၂ဝ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရေးတည်ဆောက် လျက်ရှိပြီး ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်းပေါ်တွင် အရှည်ပေ ၈၇ဝ ရှိ ဒေးဒလူတံတား၊ မော်လမြိုင်ကျွန်း-လှိုင်ဘုန်း- သစ်ပုတ်ပင်-ကွင်းပေါက် -ပြင်စလူလမ်းပေါ် ၌ အရှည်ပေ ၁၆ဝ ရှိ ထီပါလယ်တံတား၊ အရှည်ပေ ၆ဝ ရှိ ရိုးချောင်းတံတားနှင့် အရှည်ပေ ၁၀ဝ ရှိ ကညင်ချောင်း တံတား၊ လပွတ္တာ-သင်္ဃန်းကြီး- ပြင်စလူလမ်းပေါ်၌ အရှည်ပေ ၂၄ဝ ရှိ မရမ်းချောင်းတံတား၊ တလုတ်တ္ထော်-လေးမျက်နှာလမ်းပေါ်၌ အရှည်ပေ ၁၂ဝ ရှိ စစ်ရေးကွင်း တံတားနှင့် ငရုတ်ကောင်း-ဂေါ်ရင်ဂျီကျွန်းလမ်းပေါ်၌ အရှည် ၈၆၆ ပေရှိ ချောင်းဝတံတားတို့ကိုလည်း ဧရာဝတီ တိုင်းဒေသကြီးမှ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် တည်ဆောက်ပေးလျက်ရှိ ကြောင်း သိရသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လပွတ္တာမြို့ရှိ သာသနာ့ဗိမာန်သို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အခုလပွတ္တာကို ပထမဦးဆုံးလာရတဲ့အကြောင်းကတော့ မြောင်းမြတံတားဖွင့်ပွဲလာတုန်းက လပွတ္တာကို လာလည်ပါ ဆိုပြီး တချို့ကပြောပါတယ်။ အဲဒီတုန်းက လာပါမယ်လို့ ပြောခဲ့လို့ အခုတံတားလည်းဖွင့်ရင်း၊ ကတိလည်းတည်ရင်းနဲ့ ရောက်လာတာပါ။
ကျွန်မတို့ ပြည်သူလူထုနဲ့တွေ့ဖို့ အခွင့်အရေးတွေ ရတယ်ဆိုရင် ကျွန်မ အမြဲတမ်းပဲ ဝမ်းသာပါတယ်။ ဘယ်လောက်ပဲနည်းနည်း ထိတွေ့မှုတိုင်းက တန်ဖိုးရှိ ပါတယ်။ တစ်ခါတလေ တစ်ခဏပဲမြင်လိုက်ရတယ်။ တစ်ခဏပဲ နှုတ်ဆက်လိုက်ရတယ်ဆိုရင်တောင်မှ ကျွန်မတို့ ကြားထဲမှာ အဆက်အသွယ်တစ်ခုရှိသွားပြီလို့ ကျွန်မ ခံစားရပါတယ်။
ဒါကြောင့် ကျွန်မအနေနဲ့ ဒီလိုလာပြီးတော့ ကြိုဆိုတာကို ကျေးဇူးတင်ပါတယ်။ နောက်စိတ်ရှည်လက်ရှည်နဲ့ စောင့်တာကို ကျေးဇူးတင်တယ်။ ပြည်သူတွေအတွက် ဘယ်လောက်ပင်ပန်းမလဲဆိုတာလဲ ကျွန်မတို့ သိပါတယ်။ ကျွန်မတို့ကားဖြတ်သွားတာက တစ်ခဏပဲ၊ ဒါပေမယ့် တချို့ နာရီနဲ့ချီပြီးတော့ စောင့်နေရတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်မတို့ တန်ဖိုးထား တာပါ။
ဒီလိုတွေ့ဆုံတဲ့အခါမှာလည်း ကျွန်မတို့ဟာ တစ်ဖက်ရဲ့ အကြောင်း တစ်ဖက်က ပိုပြီးတော့သိရအောင် မိန့်ခွန်း သက်သက်ပြောတာမဟုတ်ဘဲနဲ့ မေးမြန်းခြင်းအစီအစဉ်တွေ ကို ကျွန်မတို့ အမြဲပဲလုပ်ပေးပါတယ်။ ဒီမေးမြန်းခြင်း အစီအစဉ်ထဲမှာ ပြည်သူတွေက မိမိတို့သိချင်တဲ့ကိစ္စတွေ၊ ပြည်သူတွေအတွက် အရေးကြီးတဲ့ကိစ္စတွေကို တင်ပြနိုင် ပါတယ်။ အဲဒီလိုတင်ပြဖို့ အခွင့်အရေးပေးတဲ့အခါမှာတော့ စည်းကမ်းရှိဖို့လိုတယ်ဆိုတာကတော့ ကျွန်မသတိပေး ပါရစေ။
စည်းကမ်းရှိဖို့လို
ကျွန်မစပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင် လာခဲ့တာဟာ ဘာလိုလိုနဲ့ အနှစ်သုံးဆယ်ကျော်သွားပြီ။ ၁၉၈၈ ခုနှစ် စပြီးတော့ ဒီမိုကရေစီလုပ်ငန်းကို လုပ်ကတည်းက ကျွန်မ ပြည်သူတွေ စည်းကမ်းရှိဖို့လိုတယ် ဆိုတာ အမြဲပဲပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုမှာ ပြည်သူတွေ အများကြီးပဲပါလာတယ်။ ပါလာတဲ့အခါ အင်အားတွေက အင်မတန်မှများလာတယ်။ အင်အားဆိုတာ ကြီးလေလေ ပိုပြီးတော့ သတိနဲ့လုပ်ရလေလေပဲ။ အင်အားနည်းရင် သတိလက်လွတ်ရင်တောင်မှ အကျိုးဆက်က ဒီလောက် မပြင်းထန်ဘူး။ အင်အားသိပ်ကြီးလာတဲ့အခါကျရင် သတိလက်လွတ်လုပ်လို့ လုံးဝမဖြစ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မကနေပြီးတော့ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်မတို့ ပြည်သူတွေ စည်းကမ်းရှိဖို့လိုတယ်လို့ ပြောတာပါ။ ကျွန်မတို့ပြည်သူတွေက စိတ်ဓာတ်ရှိပါတယ်။ စိတ်ဓာတ် တက်ကြွတယ်။ ထက်သန်ကြတယ်။ နောက်ပြီးတော့ တစ်ခုခုကို ယုံကြည်ပြီ၊ သူတို့မေတ္တာပေးပြီဆိုရင်တော့ စိတ်ရောကိုယ်ပါ ဝန်းရံပြီးတော့ ညီညီညွတ်ညွတ်နဲ့ ထောက်ခံကြတယ်။ ဒါပေမယ့် အဲဒီအင်အားတွေကို ကျွန်မတို့က စည်းကမ်းရှိရှိနဲ့ စနစ်တကျလုပ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မအမြဲပဲ ဒါကို သတိပေးရပါတယ်။
စည်းကမ်းရှိဖို့သတိပေး
ဒီမိုကရေစီလိုချင်တယ်ဆိုတာ ဘာဖြစ်လို့လိုချင်လဲလို့ မေးရင် အများကတော့ အခွင့်အရေးတွေကို ပြောကြတာပဲ။ ကျွန်မ အမြဲပဲသတိပေးပါတယ်။ အခွင့်အရေးနဲ့အတူတူ ပါလာတာက တာဝန်ပဲ။ တာဝန်သိတဲ့စိတ်ဓာတ်မရှိရင် ဒီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ အခွင့်အရေးတွေကို အလွဲသုံးစား လုပ်ပြီဆိုရင် ကိုယ့်အတွက်တင်မဟုတ်ဘူး။ ကိုယ့် ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်မက စည်းကမ်းရှိဖို့ဆိုတာကို သတိပေး တာပါ။
ဒီလို ကျွန်မတို့ မေးခွင့်ပေးတဲ့အခါမှာ ပြည်သူအများစု က စည်းကမ်းရှိပါတယ်။ တချို့ကဆိုရင် စည်းနဲ့ကမ်းနဲ့ မေးခွန်းတွေကို ကြိုတင်ပြီးတော့ပေးထားတယ်။ ကြိုတင် ပြီးတော့ ပေးထားတဲ့မေးခွန်းတွေကို ကျွန်မတို့ဖြေပါတယ်။ အဲဒါပြီးရင် အချိန်ရှိရင်ရှိသလို ပရိသတ်ထဲက မေးခွန်း မေးချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို မဲနှိုက်ပြီးတော့ အခွင့် အရေးပေးပါတယ်။ ဒါပေမယ့် အားလုံးကိုတော့ မေးခွင့် မပေးနိုင်ဘူးပေါ့။ အချိန်အကန့်အသတ်ရှိတဲ့အခါကျတော့ ဥပမာ ငါးယောက်ဆိုလည်း ငါးယောက်၊ ရှစ်ယောက် ဆိုလည်း ရှစ်ယောက် အခြေအနေပေးသလို အခွင့်အရေး ပေးပါတယ်။
တိုင်စာဌာနဖွင့်ထား
တချို့တွေက ကိုယ်က မဲမပေါက်ပေမယ့်လည်း အတင်းပြောချင်ပြီးတော့ စည်းမဲ့ကမ်းမဲ့ အော်တာဟစ်တာ တွေလုပ်တယ်။ အဲဒါဆိုရင် ကျွန်မဘယ်တော့မှ အလိုမလိုက် ဘူး။ ဒါအလိုလိုက်စရာကိစ္စလည်း မဟုတ်ဘူး။ ဒါဟာ အခွင့်အရေးယူတာ။ စည်းဖောက်တာ။ ကိုယ်လိုချင်တာပဲ ကိုယ်သိတယ်။ အခြားသူတွေရဲ့ အခွင့်အရေးကိုတော့ မလေးစားဘူး။ အဲဒီသဘောမျိုးဖြစ်ပါတယ်။ ကိုယ့်နဲ့နည်းတူ မဲမပေါက်တဲ့သူတွေလည်း ရှိတာပဲ။ တခြားသူတွေက မဲမပေါက်ရင်တောင် အော်ဒီတစ်ခါတော့ ကံပေါ့ဆိုပြီးတော့ မပေါက်တဲ့အတိုင်း အေးအေးဆေးဆေးနေနိုင်တယ်။ တချို့တွေက မဟုတ်ဘူး သူတို့ပြောရမှ၊ ဒါကြောင့် ကျွန်မ တစ်ခါမေးဖူးပါတယ်။ ဒီလိုခန်းမထဲမှာ မေးခွင့်မရှိရင် တောင်မှ တိုင်စာဌာနဖွင့်ထားတယ်။ တိုင်စာဌာနမှာဆိုရင် သေသေချာချာ အသေးစိတ် ကိုယ်မေးချင်တာကို ပိုပြီးတော့ တောင်မှ တိတိကျကျမေးလို့ရသေးတယ်။ အဲဒီလို အခွင့်အရေးပေးထားရဲ့သားနဲ့ ဒီခန်းမထဲမှာမှ မေးချင် ပါတယ်ဆိုတာဟာ ရုပ်မြင်သံကြားမှာ ပါချင်လို့လား။ ဒီအတိုင်းပဲ ကျွန်မမေးတယ်။ ဒါမှမဟုတ် သက်သက် ပြဿနာရှာချင်တာလား။ နှစ်ခုစလုံးက မကောင်းဘူး။ အဲဒီတော့ စည်းနဲ့ကမ်းနဲ့တော့ နေကြပါဆိုပြီး ကျွန်မတို့ရဲ့ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများကနေပြီးတော့ စည်းကမ်းတကျလုပ်သွားပြီးတော့ တစ်ယောက်လောက်က ဖောက်လိုက်တာနဲ့ မြန်မာလူမျိုး တွေက၊ ဒီနိုင်ငံကလူတွေက စည်းကမ်းမရှိပါလားလို့ အမြင်တွေဖြစ်သွားတာဟာ အင်မတန်မှမကောင်းပါဘူး။
အဲဒီတော့ စာရေးပြီးတော့ တင်ထားတဲ့မေးခွန်းတွေ ဖြေပြီးရင် ကျွန်မတို့အနေနဲ့ ခါတိုင်းလိုပဲ မဲနှိုက်ပြီးတော့ အခွင့်အရေးပေးပါမယ်။ မဲပေါက်တဲ့သူကတော့ မေးခွင့် ရှိတယ်။ မဲမပေါက်တဲ့သူကတော့ ကံပေါ့နော်၊ နောက်တစ်ခါ ကျရင် ပြန်ပြီးတော့စောင့်တာပေါ့။ အဲဒီလိုပဲ စိတ်ထဲမှာ ထားစေချင်ပါတယ်။
အကျိုးပြုမယ်လို့ယုံကြည်
မေးခွန်းတွေ မေးတဲ့ဖြေတဲ့ကဏ္ဍ မရောက်ခင်မှာ ကျွန်မဆက်ပြီးတော့ ပြောချင်တာကတော့ ကျွန်မတို့အခု ဒီပင်လယ်လေးတံတားကို ပြန်လည်ပြီးတော့ သုံးလို့ ရအောင်၊ အခြေအနေကောင်းအောင် ပြန်ပြီးတော့ မွမ်းမံတည်ဆောက်ထားပြီးဖြစ်ပါတယ်။ အဲဒါကလည်း ပြည်သူ လူထုအတွက် အကျိုးပြုမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုအတွက် အကျိုးပြုမယ့်လုပ်ငန်း တွေကို တတ်နိုင်သမျှလုပ်ပါတယ်။ ဒါပေမယ့် ဘာပဲ ကျွန်မတို့လုပ်လုပ် ပြည်သူလူထုမပါရင် မပြီးဘူးဆိုတာ ကိုတော့ သတိပေးချင်ပါတယ်။ ဒီတံတားတစ်ခုဆောက်ပြီး သွားပြီဆိုရင် ဒီတံတားကိုထိန်းသိမ်းဖို့ဟာ အတိုင်းအတာ တစ်ခုအထိ ပြည်သူလူထုအပေါ်မှာ တာဝန်ရှိပါတယ်။ သက်ဆိုင်ရာဌာနကတော့ အဓိက ထိန်းသိမ်းရေးလုပ်ရမှာ ပေါ့။ ဒါပေမယ့် ဒီတံတားကို သုံးတဲ့နေရာမှာ တလေးတစားနဲ့ သုံးဖို့ဟာ ပြည်သူ့ဆီမှာ တာဝန်ရှိပါတယ်။ သန့်သန့်ရှင်းရှင်း ထားပါ။ အမှိုက်ပစ်တာတို့၊ ဒါကိုယ့်ရဲ့ပစ္စည်းမဟုတ်ဘူးဆိုပြီးတော့ ဂရုမစိုက်တာတို့ အဲဒီလိုမထားပါနဲ့။ နိုင်ငံပိုင်ပစ္စည်း တွေအားလုံးဟာ ပြည်သူလူထုပစ္စည်းတွေပါ။ ဒီနိုင်ငံမှာ ရှိတာမှန်သမျှ နောက်ဆုံးဘယ်က လာသလဲဆိုတော့ ကျွန်မတို့ ပြည်သူလူထုဆီက လာတာပါပဲ။ ဘယ်လိုပဲ ပြောပြော နိုင်ငံခြားက စီးပွားရေးလုပ်ငန်းတွေက လာပြီးတော့ ရင်းနှီးတယ်လို့ပဲပြောပြော ဒီရင်းနှီးအောင် လုပ်ပေးတာ ပြည်သူတွေပဲ။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထား
ကျွန်မတို့ရဲ့နိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတတွေ ကြောင့်သာ ပြင်ပကနေလာပြီးတော့ ရင်းနှီးတာပါ။ သယံဇာတဆိုတာ ရုပ်ပိုင်းဆိုင်ရာ သယံဇာတထက် ပိုအရေးကြီးတာက ကျွန်မတို့ရဲ့ လူသားသယံဇာတပါပဲ။ ဒါကြောင့် ဒီနိုင်ငံမှာ ပြည်သူလူထုဆီက မလာတဲ့ကိစ္စ တစ်ခုမှမရှိပါဘူး။ တချို့ပန်းတွေက နိုင်ငံခြားကတင်တာ အဲဒါကျွန်မက မကြိုက်ဘူး။ ကိုယ့်ဟာကိုယ်ပန်းစိုက်ကြပါ။ ဒါပေမယ့် နိုင်ငံခြားကပန်းတွေဆိုရင်လည်း ပြည်သူလူထု ရဲ့ပိုက်ဆံနဲ့ နောက်ဆုံးဝယ်ကြရတာပါပဲ။ ပြည်သူလူထု မပါဘဲနဲ့ ဘာမှမပြီးဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ပါစေ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှလည်း သူများတွေကလည်း ကိုယ့်ကိုတန်ဖိုးထားမှာပါ။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှလည်း ပိုပြီးတော့ တန်ဖိုး တက်မှာပါ။ ပစ္စည်းတစ်ခုကို သေသေချာချာ သပ်သပ်ရပ်ရပ် ထားရင် နှစ်ပေါင်းများစွာခံတယ်။ အရည်အချင်းက ကျမသွားဘူး။ ဒါပေမယ့် ပစ်စလက်ခတ်သုံးမယ်ဆိုရင် ပျက်စီးလွယ်တယ်။ ကိုယ့်ရဲ့အရည်အချင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲ။
ဂုဏ်ယူစေချင်
ဒါကြောင့်မို့ ကျွန်မတို့ ပြည်သူတွေက တစ်ဖက်ကနေ စဉ်းစားရမယ်။ စဉ်းစားလိုက်ရင် ငါ့ကိုယ်ငါ တစ်ယောက် တည်း ပိုင်တာမဟုတ်ဘူး။ ငါ့နိုင်ငံကလည်းပိုင်တယ်ဆိုတဲ့စိတ်ကို ထားရမယ်။ ကိုယ့်အတွက်လုပ်တာကလည်း သက်သက်၊ အများအတွက် နိုင်ငံအတွက် လုပ်ရမယ်။ ဒါကြောင့်မို့ ကျွန်မ မကြာခဏပြောပါတယ်။ ပရဟိတ၊ အတ္တဟိတ၊ အတ္တ ကိုယ့်အတွက်၊ ပရ အခြားအတွက်၊ အခြားဆိုတာ အခြားသူတွေအတွက် ကျွန်မတို့နိုင်ငံမှာ အခြားအခြားသော လူတွေအတွက် ကျွန်မတို့ရဲ့ ညီအစ်ကို မောင်နှမ အရင်းအချာတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ အခြား ပြည်ထောင်စုသား တိုင်းရင်းသားတွေအတွက် အားလုံး အတွက် စဉ်းစားရမယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်း ကိုယ်မပိုင်ပါဘူး။ ငါလုပ်ချင်သလိုလုပ်မယ်။ ငါဘယ်လို လုပ်လုပ်ဆိုပြီးတော့ စဉ်းစားလို့မရပါဘူး။ ဒါဟာကိုယ့်ကိုယ် ပိုင်တဲ့အပိုင်း ရှိတယ်။ မပိုင်တဲ့အပိုင်းရှိတယ်။ အဲဒါကိုတော့ ကျွန်မဂုဏ်ယူစေချင်တယ်။ တန်ဖိုးထားစေချင်တယ်။
ကျွန်မတို့ ဧရာဝတီတိုင်းဆိုရင် ဒီနိုင်ငံမှာ လူဦးရေ အများဆုံးတိုင်းတစ်ခု ဖြစ်ပါတယ်။ လူဦးရေထူထပ်တယ်။ တစ်ချိန်တစ်ခါတုန်းကဆိုရင် ဧရာဝတီတိုင်းဟာ စိုက်ပျိုး ရေးနဲ့ ပတ်သက်ပြီးတော့ အင်မတန်မှ ဖွံ့ဖြိုးတယ်။ တိုးတက်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်မတို့ စိုက်ပျိုးရေးတွေလည်း ကျဆင်းလာတာတွေလည်း ရှိတယ်။ ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေ ပြောင်းလဲလာတာတွေ လည်းရှိတယ်။ အဲဒီတော့ ကျွန်မတို့ကနေပြီးတော့ ဘယ်လိုပဲပြောပြော တစ်ချိန်တစ်ခါက ဖြစ်မြောက်ဖူးတယ် ဆိုတဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျွန်မတို့မှာ အခြေခံ အရည်အချင်းတွေရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ ဧရာဝတီတိုင်းသူ တိုင်းသားများဟာ ဘယ်တော့ မှ စိတ်အားမငယ်ပါနဲ့။ ဒါပေမယ့် အရင်အတိုင်းပြန်သွား မယ်ဆိုပြီးတော့လည်း အဲဒီလိုစိတ်မရှိပါနဲ့။ ခေတ်နဲ့အညီ ပြောင်းလဲရမယ်။ ခေတ်နဲ့အညီ ကျွန်မတို့ တီထွင်ဉာဏ်တွေ သုံးရမယ်။ ခေတ်နဲ့အညီ ကျွန်မတို့ကနေပြီးတော့ တိုးတက် အောင်ကြိုးစားရမယ်။ အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရမယ်။ တချို့တွေကဆိုရင် အရင်တုန်းက မလုပ်ဖူး တာတွေကို လုပ်ဖို့ကို အင်မတန်မှစိုးရိမ်တယ်။ မဖြစ်မြောက်ရင် ဘယ်လိုလုပ်မလဲ၊ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ၊ မကြိုးစားခင်က မအောင်မြင်ရင်ဘယ်လို လုပ်မလဲဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ထားလို့မရပါဘူး။
အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေဆိုရင် ကျွန်မတို့ ဘယ်လိုရှင်းပြရသလဲဆိုတော့ ဟိုတုန်းက မျောက်ဝံဘဝ ကနေပြီးတော့ လူဝံဘဝကူးပြီးတော့ လာတဲ့အချိန်မှာဆိုရင် လေးဘက်သွားကနေပြီးတော့ ခြေထောက်နှစ်ဖက်အပေါ်မှာ မတ်တပ်ရပ်ဖို့လုပ်လာလို့ ကျွန်မတို့အခုဆိုရင် ခြေနှစ်ချောင်း အပေါ်မှာ ရပ်နိုင်တဲ့လူသားတွေဖြစ်လာပြီ။
ဒါကြောင့်မို့ ကိစ္စတစ်ခုကို မကြိုးစားဘဲနဲ့ လုံးဝမဖြစ် ဘူးလို့ မထင်ပါနဲ့။ အစကတည်းက စစ်မထွက်ခင် မြားကုန်တဲ့အလုပ်မျိုးကို ဘယ်တော့မှမလုပ်ပါနဲ့။ ဒါကျွန်မတို့ ကလေးတွေတင်မဟုတ်ဘူး။ လူကြီးတွေပါ ပါပါတယ်။ တချို့က ငါကအသက်ကြီးသွားပြီ။ ဘာလုပ်နိုင် မှာလဲ။ အသက်ရှင်နေသရွေ့ လုပ်နိုင်တာတွေက အများကြီး ရှိပါတယ်။ အသက်ရှင်နေသရွေ့ တတ်နိုင်တာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးကို လုပ်စေချင်တယ်။
ကျွန်မ သံယောဇဉ်အရှိဆုံး တိုင်းနှစ်တိုင်းကတော့ မကွေးနဲ့ ဧရာဝတီပေါ့နော်။ မကွေးကတော့ ဖေဖေ့တိုင်းမို့လို့၊ ဧရာဝတီကတော့ မေမေ့တိုင်းမို့လို့၊ ဒါကြောင့်မို့ မကွေးမှာ ဆိုရင် တိုးတက်တာနည်းပေမယ့် မကွေးက ကျွန်မတို့ အညာသားတွေထားခဲ့တဲ့ ရိုးရိုးသားသားနဲ့ ဇွဲရှိရှိနဲ့ အလုပ် ပင်ပင်ပန်းပန်းလုပ်တာကိုတွေ့ရင် ကျွန်မဂုဏ်ယူတယ်။ ဒါကျွန်မ အမျိုးတွေပေါ့နော်၊ ဧရာဝတီကိုလည်း ကျွန်မဒီလိုပဲ ဂုဏ်ယူချင်တယ်။
ကိုယ့်တိုင်းကိုယ့်ပြည်နယ်ပဲ
ဧရာဝတီက ဧရာဝတီတိုင်းသူ တိုင်းသားများဟာ တိုးတက်တာ၊ ထက်မြက်တာကို မြင်ချင်တယ်။ ဒါကျွန်မ အမျိုးတွေပဲ၊ မေမေ့ရဲ့အမျိုးတွေပဲ။ အားလုံးဟာ မေမေ့ရဲ့ သွေးရင်းသားရင်းတွေပဲဆိုပြီးတော့ အဲဒီလိုစိတ်ထဲမှာ ထားချင်တယ်။ ဒါပေမယ့်လည်း အဲဒီလိုပြောခြင်းအားဖြင့် ကျွန်မက ဒီတိုင်းနှစ်တိုင်းကို ပိုပြီးတော့ သံယောဇဉ်ရှိတော့ တခြားတိုင်းတွေကိုရောဆိုရင် ရောက်သွားတဲ့အခါကျရင် ကိုယ့်တိုင်းကိုယ့်ပြည်နယ်ပါပဲ။ ကျွန်မစိတ်ထဲမှာ ဒီအတိုင်း ပဲ။ ဘယ်တိုင်း ဘယ်ပြည်နယ်ပဲသွားသွား ရောက်သွားရင် ကိုယ့်တိုင်းကိုယ့်ပြည်နယ်ပဲ။ ကျွန်မတို့ရဲ့ ပြည်သူပြည်သား တွေ၊ ပြည်ထောင်စုသားတွေရဲ့ လိုအပ်ချက်တွေက တစ်နေရာနဲ့တစ်နေရာ အတူတူပဲ။
အဲဒီတော့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ ဒီပြည်ထောင်စုမှာ မှီတင်းနေထိုင်တဲ့ သူတွေအားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်လှေတည်း စီးနေကြတယ်ဆိုတာ တကယ်ကို ဒီအတိုင်းပါလားဆိုတာ ကျွန်မ မျက်ဝါးထင်ထင်မြင်ရတယ်။ ဟိုးရှမ်းတောင်ဘက်ကို သွားတဲ့အခါကျတော့ ရှမ်းတောင်ဘက်က လယ်သမားကြီး တွေ ရွာတွေကနေပြီးတော့ တက်လာတယ်။ မြန်မာစကား မပြောတတ်ဘူး။ ကျွန်မကလည်း ရှမ်းဘာသာစကား မပြောတတ်ဘူး။ ဘာသာပြန်နဲ့ပြောရတယ်။ ဒါပေမယ့် ဒီငါးချက်ကိုပဲ ပြောတာပဲ။ မြန်မာစကားသာ မတတ်တာ တကယ်တော့ ကျွန်မတို့ ပြည်ထောင်စုသားတွေအားလုံးရဲ့ လိုအပ်ချက်တွေက အတူတူပါပဲ။ အဲဒါကို နှလုံးသွင်းပါ။
ဧရာဝတီဆိုတာ ဟိုးတောင်ပိုင်းမှာရှိတာ။ ဒါကြောင့်မို့ မြောက်ပိုင်းကလူတွေနဲ့ မတူဘူးလို့ ဘယ်တော့မှမထင်ပါနဲ့။ အတူတူပါပဲ။ ကျွန်မတို့ဟာ အားလုံးတကယ်ကို တစ်မြေ တည်းနေ တစ်ရေတည်းသောက်ပြီး တစ်လှေတည်းစီးနေ တာပါ။ တစ်လှေတည်းစီးတယ်ဆိုတဲ့အဓိပ္ပာယ်က တက်ညီ လက်ညီ သွားဖို့လိုပါတယ်။ တစ်လှေတည်းစီးပြီးတော့ တစ်ယောက်က ပြောင်းပြန်လှော်နေမယ်ဆိုရင် ကျန်တဲ့ လူတွေအတွက် အများကြီးပဲ အနှောင့်အယှက်ဖြစ်ပါတယ်။ တစ်ယောက်မက နှစ်ယောက် သုံးယောက်လောက် ပြောင်းပြန်လှော်နေမယ်ဆိုရင် ဒီလူတွေက ဘယ်လိုလုပ် ရှေ့ဆက်တိုးတော့မလဲ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများအားလုံးဟာ အများအတွက်စဉ်းစားပါ။ အများအတွက် စဉ်းစားရင်းနဲ့ ကိုယ့်အတွက်လည်း အကျိုးရှိလာလိမ့်မယ်ဆိုတာ ဒါအမှန်စကားပါပဲ။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတာ ဒါပါ။
အခု ကျွန်မတို့ ဒီမှာရောက်လာတဲ့အခါမှာလည်း မေးတဲ့မေးခွန်းတွေက ကျွန်မကတော့ အမြဲပဲပြောပါတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့မေးခွန်းတွေ မမေးပါနဲ့၊ ကိုယ်တစ်ယောက် တည်းရဲ့ အခွင့်အရေးအတွက် ကိုယ်လိုချင်တဲ့အတွက် ကိုယ်နဲ့ပတ်သက်နေတဲ့ အမှုတစ်ခုတည်းအတွက် ဒါတွေ မေးတာမျိုးကို ရှောင်ပါ။ အများနဲ့ဆိုင်တဲ့ကိစ္စတွေကို မေးပါဆိုပြီးတော့ ကျွန်မကတော့ အားပေးပါတယ်။ အခုလည်း ဒီလိုမေးခွန်းတွေတက်လာပါတယ်။ ဒီလိုမေးခွန်း တွေ တက်လာတဲ့အခါမှာ တော်တော်များများကတော့ ဧရာဝတီတိုင်းကဆိုတော့လည်း ဒါအံ့အားသင့်စရာတော့ မဟုတ်ပါဘူး၊ စိုက်ပျိုးရေးနဲ့ဆိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့မေးခွန်းတွေ တော်တော်များလာတော့ ကျွန်မတို့ ပါလာတဲ့အထဲမှာဆိုရင် စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာ အောင်သူ ပါပါတယ်။ နောက်ပြီးတော့ ပြည်ထဲရေးဘက်က ဆိုရင် ဗိုလ်ချုပ်ကြီး ကျော်ဆွေ ပါတယ်။ နယ်စပ်ကနေ ပြီးတော့ ဗိုလ်ချုပ်ကြီး ရဲအောင် ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဝန်ကြီး ဦးမင်းသူ ပါပါတယ်။ နောက် သယံဇာတကနေပြီးတော့ ဝန်ကြီး ဦးအုန်းဝင်း ပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးက ဒေါက်တာ မြင့်ထွေး ပါပါတယ်။ ဆောက်လုပ်ရေးက ဦးဟန်ဇော်၊ လူကယ်ပြန်က ဒေါက်တာဝင်းမြတ်အေး ပါပါတယ်။ အစိုးရအဖွဲ့တစ်ဝက်လောက်တော့ ပါလာပါတယ်။ အားလုံး ကနေပြီးတော့ တာဝန်ကျေကျေနဲ့ တာဝန်သိသိနဲ့ ဖြေသင့် တာတွေကိုဖြေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ အခုစပြီး တော့ ဦးဇော်ဌေးကနေပြီးတော့ အခမ်းအနားမှူးအနေနဲ့ မေးခွန်းတွေကိုဖတ်ပြီးတော့ သင့်တော်တဲ့သူတွေက နေပြီးတော့ ဖြေပါ့မယ်၊ ဒီဟာတွေပြီးတဲ့အခါကျရင် မဲနှိုက်ပြီးတော့ ပရိသတ်ထဲက အချို့ကို မေးခွန်းလေးတွေ မေးပြီးဖြေခိုင်းပါ့မယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြား သည်။
စိစစ်ဆောင်ရွက်ပေးရန်မှာကြား
ယင်းနောက် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၉ ခုနှစ် ဧပြီလတွင် သွားရောက်ခဲ့သည့် ဧရာဝတီတိုင်း၊ မြောင်းမြခရီးစဉ်၌ လပွတ္တာသို့လာရောက်ရန် ဆိုင်းဘုတ်ကိုင်ဖိတ်ခေါ်ခဲ့သည့် လပွတ္တာမြို့ အဖြူရောင် ဧရာဝတီသဘာဝကယ်ဆယ်ရေးအဖွဲ့မှ ဦးခင်မောင်ဝင်းက လပွတ္တာမြို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက် သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားပြီး ကြိုတင်တင်ပြထားသည့် ညောင်လိန်းကျေးရွာအုပ်စု အလယ်ကုန်းကျေးရွာမှ ဦးအောင်သောင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးငွေပြန်ဆပ်ချိန် နောက်ကျနေခြင်းအပေါ် ဒဏ်တိုးများဖြေလျှော့ပေးရေး၊ ဘုရားလေးကုန်းကျေးရွာမှ ဦးစိုးဝင်းက စပါးစိုက်တောင်သူ များ စိုက်ပျိုးစရိတ်နှင့် ရောင်းချရစရိတ် ကွာခြားနေမှုအား နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးရေး၊ ပျဉ်ထောင်တွင်း ကျေးရွာမှ ဦးမင်းသူက လပွတ္တာနှင့် သင်္ဃန်းကြီးရေငန် တားတာ လမ်းသစ်ဖောက်လုပ်ပေးရေးနှင့် လပွတ္တာနှင့် သင်္ဃန်းကြီးကျေးရွာ ကားလမ်းဖောက်လုပ်ပေးရေး၊ ကုန်းကြီးကျေးရွာမှ ဦးတင်ဝင်းက သင်္ဃန်းကြီးကျေးရွာ အုပ်စုနှင့် ဆင်ခြေယာအုပ်စုအကြားရှိ ဆည်မြောင်းပတ်တာ များ ရေမလုံသည့်အတွက် ရေငန်များဝင်ရောက်နေမှုအပေါ် ပြုပြင်ဆောင်ရွက်ပေးရေး၊ လပွတ္တာမြို့နယ် အမှတ် ၄ ရပ်ကွက်မှ ဦးသိန်းအေးက ဆားကျင်းချောင်းကောနေမှုကို ပြန်လည်ဆောင်ရွက်ပေးရေး၊ အမှတ် ၃ ရပ်ကွက်မှ ဦးလှထူးက လပွတ္တာ ၃ မိုင်မြို့ ၃ ရပ်ကွက် လမ်း၊ ရေ၊ လျှပ်စစ်မီးရရှိရေး၊ ဂန့်အိတ်ကျေးရွာမှ ဦးစိုးသိန်းက ပျဉ်ထောင်ကွင်း-သပြုကုန်း- ဂန့်အိပ်ကျေးရွာချင်းဆက်ကျောက်ချောလမ်း(၅)မိုင်အား ကွန်ကရစ်လမ်း ဆောင်ရွက် ပေးရေး၊ အောက်ကုန်းကျေးရွာမှ ဦးသောင်းအေးက လပွတ္တာမှ သဲဖြူကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားအား ပြန်လည်ပြုပြင်ပေးရေး၊ အလယ်ကုန်း ကျေးရွာမှ ဒေါ်သန်းဌေးက အလယ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ငွေကြေးထောက်ပံ့ပေးရေး၊ ဂုန်ညှင်းတန်းကျေးရွာမှ ဦးတင်ဝင်းက သင်္ဃန်းကြီး ကျေးရွာနှင့် ဂုန်ညှင်းတန်းကျေးရွာကို ဆက်သွယ်ထားသည့် တာပေါင်လမ်းအား ကျောက်ချောလမ်းခင်းပေးရေး၊ ဆားချက်ကျေးရွာမှ ဒေါ်နော်ခူးက သိပ္ပံကုန်းကြီးကျေးရွာမှ ဆက်သွယ်ထားသည့် ရွာချင်းဆက် တံတားကြမ်းခင်းများပြုပြင်ဆောင်ရွက်ပေးရေး၊ သိပ္ပံကုန်းကြီးကျေးရွာ၌ ပညာရေးစာစစ်ဌာနဖွင့်လှစ်ပေးရေးနှင့် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရေး၊ လပွတ္တာမြို့ အမှတ် ၃ ရပ်ကွက်မှ ဦးလှထူးက ၃ မိုင်မြို့အား ရေနှင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရေး၊ ၃ မိုင်မြို့ ၂ ရပ်ကွက်မှ ဦးဇော်ဝင်းအောင် က လပွတ္တာ ၃ မိုင်မြို့နေ ပြည်သူများအသုံးပြုနေသည့် သောက်သုံးရေကန်အား ပြန်လည်ပြုပြင်ပေးရေးနှင့် ၃ မိုင်မြို့ မြို့စည်ပင်သာယာရေးကော်မတီဖွဲ့စည်းပေးရေးနှင့် လပွတ္တာ ၃ မိုင်မြို့၌ မူလတန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရေးမေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအတွင်းမှ မဲစနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျမေးမြန်းလာသည့် ဆားကျင်းကြီးကျေးရွာမှ ဦးဝင်းမြင့်ဦးက လပွတ္တာ-ဆားကျင်းကျေးရွာ ဆက်သွယ်ထားသည့်လမ်းအား ဆောင်ရွက်ပေးရေး၊ လပွတ္တာမြို့နယ် အမှတ် ၁ ရပ်ကွက်မှ ဦးမောင်ချိုက ရွှေကျွန်းသာကျေးရွာ၌ သိမ်းဆည်းလယ်ယာ မြေများ ပြန်လည်ရရှိရေး၊ အမှတ် ၈ ရပ်ကွက်မှ ဦးအောင်မြိုင် က အမှတ် ၈ ရပ်ကွက်အား မြို့ကွက်ဖော်ထုတ်ပေးရေး၊ ကွန်ကရစ်တံတားတည်ဆောက်ပေးရေးနှင့် လျှပ်စစ်မီး ရရှိရေး မေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအပြင်မှ မဲစနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျမေးမြန်းလာသည့် လပွတ္တာ ၃ မိုင်မြို့ ၄ ရပ်ကွက်မှ ဒေါ်မှေးက ကျူးကျော်တဲများအား နေရာချထားပေးရေး၊ လွှဇာကျေးရွာ မှ ဦးအောင်မိုးက ရွှေကျွန်းသာကျေးရွာ၌ သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လပွတ္တာ ၃ မိုင်မြို့ ၄ ရပ်ကွက်မှ ဒေါ်မြစန်းညွှန့်က အမှတ်(၄)ရပ်ကွက် လျှပ်စစ်မီးရရှိရေးမေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကဏ္ဍအလိုက်သက်ဆိုင်သည့်တိုင်းဒေသကြီးဝန်ကြီးများက ချက်ချင်းဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ရေရှည်ဆောင်ရွက် ပေးရမည့် အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမြန်စိစစ်ဆောင်ရွက် ပေးရမည့်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား စိစစ် ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လပွတ္တာ ပြည်သူများနှင့်တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လပွတ္တာပြည်သူများမှာ စည်းကမ်းရှိပါကြောင်း၊ လပွတ္တာ ပြည်သူများ တစ်နေ့ထက်တစ်နေ့ တိုးတက်ပါစေကြောင်း၊ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် လပွတ္တာမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာကြရာ ပုသိမ်မြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment