Sunday, December 15, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မကွေးတက္ကသိုလ်တွင် ကျင်းပသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
ယနေ့ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကြွရောက်အားပေးကြတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှပညာရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါ စေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ယခုလို မကွေးတက္ကသိုလ်ပရိဝုဏ်ကြီးထဲမှာ လူငယ် လူရွယ်များစုံလင်စွာနဲ့ စည်စည်ကားကားတွေ့မြင်ရတဲ့ အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်မိပါတယ်လို့ ဦးစွာ ပြောကြားလိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ် ညှိနှိုင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(ရန်ကုန်)ကို ၂၀၁၇ ခုနှစ်မှာလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်(မန္တလေး)ကို ၂၀၁၈ ခုနှစ်မှာလည်းကောင်း စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ခဲ့ပါတယ်။ ထို့အတူ မကွေးမြို့တွင်လည်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။
ဒီပွဲတော်ကြီးမှာ စာပေဆိုင်ရာလှုပ်ရှားမှုတွေ၊ အနု ပညာဆိုင်ရာလှုပ်ရှားမှုတွေ၊ အားကစားဆိုင်ရာလှုပ်ရှားမှု တွေ၊ ဆန်းသစ်တီထွင်လှုပ်ရှားမှုတွေ၊ စကားဝိုင်းဆွေးနွေး ပွဲတွေ၊ ပြပွဲပြခန်းတွေ၊ စာအုပ်စျေးခင်းကြီးတွေစသဖြင့် စုံစုံလင်လင် ထည့်သွင်းစီစဉ်ထားတာဖြစ်သလို လူငယ် လူရွယ် ကျောင်းသား ကျောင်းသူတွေ၊ မိဘဆရာတွေ၊ စာပေဝါသနာရှင်တွေ၊ အနုပညာရှင်တွေ၊ IT ပညာရှင်တွေ အားလုံးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပါဝင် ဆင်နွှဲကြမှာဖြစ်တဲ့အတွက် မကွေးတက္ကသိုလ်ကြီးရဲ့ လှပ တဲ့ နိမိတ်ပုံတစ်ခုကို ဝိုင်းဝန်းဖော်ဆောင်ကြတဲ့ နေ့တစ် နေ့အဖြစ် မှတ်ယူနိုင်ကြမှာဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကြီးဟာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူငယ် လူရွယ်များကို အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ လူမှုကျင့်ဝတ်တန်ဖိုးတွေ မျှဝေပေးနိုင်ဖို့၊ အနာဂတ်မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင် ကောင်း၊ စိတ်ဓာတ်ကောင်းတွေနဲ့ အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ တာဖြစ်ပါတယ်။ ယနေ့မြန်မာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်း မှု(Peace)၊ လွတ်လပ်မှု (Freedom)နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development)ဆိုတဲ့ လူ့အခြေခံတန်ဖိုးများနဲ့ ဖန်တီး တည်ဆောက်လျက်ရှိရာ အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့ အစည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မည်သည့် နိုင်ငံတွင်မဆို လူငယ်များဟာ အဖိုးတန်ဆုံး အင်အား တစ်ရပ်အဖြစ် တည်ရှိပါတယ်။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား ရှိတဲ့ လူငယ်တွေပဲဖြစ်ပါတယ်။ ဒီလူငယ်များဟာ ကျွန်တော် တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမဖြတ် နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်သလို အနာဂတ် နိုင်ငံတော်ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို လက်ဆင့် ကမ်း အမွေရယူကြရမယ့်သူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့လက်ဝယ်မှာရှိပါတယ်။ လူငယ် များရဲ့ လေ့လာအားထုတ်မှု၊ အကြားအမြင်ဗဟုသုတ ကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှု၊ အများအကျိုးသယ်ပိုးလိုမှု၊ တက်ကြွလှုပ်ရှားမှုများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ပါ တယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် လူ့အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာလှပဖို့အတွက် လူငယ် တွေရဲ့စွမ်းပကားကို အဘက်ဘက်က မြှင့်တင်ပေးဖို့လိုအပ် တယ်ဆိုတာကိုလည်း အစဉ်အမြဲခံယူထားပါတယ်။ အဲသည်လိုလူငယ်တွေရဲ့ စွမ်းပကားကို တိုးတက်အောင် မြေတောင်မြှောက် ပျိုးထောင်ပေးနိုင်ဖို့အတွက် ယခုလို လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးတွေ စီစဉ်ကျင်းပပေး နေတာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့အညီ လူငယ်ရေးရာမူဝါဒတွေ ရေးဆွဲနိုင်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။ ယခုဆိုရင် လူငယ်တွေကိုယ်တိုင် လူငယ်ရေးရာ မူဝါဒတွေကို ပါဝင်ရေးဆွဲဆောင်ရွက်ခဲ့ကြသလို အတည် ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လူငယ်များကလည်း မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းအကောင်အထည်ဖော် ဆောင် ရွက်နေကြတာကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်နေရ ပါတယ်။ အဲဒီလို လူငယ်ရေးရာမူဝါဒတွေကို ရေးဆွဲဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ လူငယ်များက ပူးပေါင်းဖော်ဆောင် ကြိုးပမ်းလာကြမယ် လို့လည်း ယုံကြည်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ကြိုးပမ်း အားထုတ်မှု၊ နိုင်ငံတော်နဲ့အနာဂတ်မျိုးဆက်သစ်လူငယ် များ ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းမှုတွေအဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံ တိုင်းလိုလိုဟာ မိမိတို့ရဲ့ အနာဂတ်လူ့ဘောင်အတွက် လူငယ်မျိုးဆက်သစ်တွေကို အားပေးမြှင့်တင်ရင်း လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူငယ်ထုရဲ့စွမ်းပကားကို အနာဂတ် လူ့အဖွဲ့အစည်းများအတွက် အဓိကမောင်းနှင်အားအဖြစ် အပြည့်အဝယုံကြည်အားထားနေကြတာကို တွေ့မြင်ကြရ မှာဖြစ်ပါတယ်။ လူငယ်တွေဟာ သဘာဝအရ ရဲရင့်တယ်၊ တက်ကြွတယ်၊ လေ့လာစူးစမ်းတယ်၊ စွန့်စားလိုစိတ်ရှိ တယ်၊ နိုင်ငံရဲ့အရေးပါတဲ့ အပြောင်းအလဲတွေမှာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။
ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အဓိက အသက်သွေးကြောဖြစ်တဲ့ လူငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးကာ အလုပ်လုပ်နိုင်စွမ်း မြင့်မားလာရေးဆိုတဲ့မူကို ကိုင်စွဲထား ပါတယ်။ ဒါကြောင့်လည်း လူငယ်များ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ပေါ်ပေါက်ရေး၊ ကျန်းမာရေးအသိပညာ ပိုမိုရရှိရေး၊ မူးယစ်ဆေးဝါးပြဿနာ လျော့ကျရေး၊ အသိ ပညာဗဟုသုတတိုးပွားရေး၊ တီထွင်ဆန်းသစ်ဖန်တီးနိုင် စွမ်းအား မြှင့်တင်အားပေးရေးတို့ကို ကြိုးပမ်းဆောင်ရွက် လျက် ရှိပါတယ်။ ယခုဆိုရင် လူငယ်တွေရဲ့သဘောထား၊ လူငယ်တွေရဲ့အသံနဲ့ လူငယ်တွေရဲ့အကြံဉာဏ်ကို အခြေခံ ကျကျရယူပြီး လူငယ်ရေးရာမူဝါဒတွေကို ရေးဆွဲခဲ့ပြီးဖြစ် တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရအဖွဲ့များက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးတွေ ကျင်းပရာ မှာ လူငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆို တဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့အတွက် ရည်မှန်းလုပ်ဆောင်နေတာ ကို တွေ့မြင်ရပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ သာမက လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ အသိပညာမြင့်မားမှုတွေကလည်း အထူးအရေးပါတယ် ဆိုတာကို သတိပြုကြရမှာဖြစ်ပါတယ်။
အထူးသဖြင့် ကိုယ်ပိုင်အစွမ်းအစများနဲ့ မွေးဖွားလာ ကြတဲ့ လူငယ်လူရွယ်တွေကို ပြောင်းလဲနေတဲ့ ခေတ်နဲ့ အညီ လိုက်ပါနိုင်အောင်၊ အနာဂတ်ရဲ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်အောင်၊ အတတ်ပညာနဲ့ အသိပညာ တွေ လေ့ကျင့်သင်ကြားပေးကြရမှာဖြစ်သလို နိုင်ငံနဲ့ လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ် စတဲ့ စိတ် ပိုင်းဆိုင်ရာအရည်အသွေးတွေ မြင့်မားတိုးတက်လာ အောင်လည်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အလေးအနက်ထား မှာကြားလိုတဲ့ အချက်(၃)ချက်ရှိပါတယ်။
ပထမဆုံးအချက်မှာ-
ယနေ့(၂၁)ရာစုခေတ်ရေစီးကြောင်းမှာ လူငယ် လူရွယ်တွေအပေါ် သက်ရောက်လွှမ်းမိုးမှုရှိတဲ့ ရိုက်ခတ် မှုတွေကလည်း အများကြီးရှိနေပါတယ်။ ကမ္ဘာကြီးက ရပ်တန့်မနေဘဲ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လူငယ်တွေဟာ(၂၁)ရာစုရဲ့ စိန်ခေါ်မှုတွေကြားက အခွင့်အလမ်းတွေကို ရယူအသုံးချ နိုင်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင် ကိုယ်စီကိုယ်င အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဒုတိယအချက်မှာ-
ခေတ်မီတိုးတက်မှုတွေကြားမှာ လူငယ်တွေရဲ့ ရိုးသားမှု၊ လူငယ်တွေရဲ့ဖြူစင်မှု၊ အမှန်တရားကို မြတ်နိုး တတ်မှုနဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်ထား မှုတွေကို ဆက်လက်ထိန်းသိမ်းသွားကြဖို့ အထူးပဲအရေး ကြီးလှပါတယ်။ ဒီကနေ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့လူငယ်ထုရဲ့ လက်တစ်ကမ်းမှာ အမြဲရှိနေ တာကို သတိကြီးကြီးထားပြီး ရှောင်ကြဉ်နိုင်ကြဖို့၊ အချင်း ချင်း ရိုင်းပင်းကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
တတိယအချက်မှာ-
ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖက်ဒရယ်စနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် “ပြည်ထောင်စုစိတ်ဓာတ်၊ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံသားစိတ်ဓာတ်” တွေကို ငယ်ရွယ်စဉ်ကပဲ စတင်မွေးမြူပေးကြဖို့ မှာကြားလိုပါ တယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုများ အကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး “စုပေါင်း အင်အား” တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့လူငယ်တွေ အနေနဲ့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ရိုင်းပင်း ကူညီဖေးမမှု၊ အပြန်အလှန် စာနာထောက်ထားမှုတွေကို မြှင့်တင်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ယနေ့ကျင်းပပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲကြမယ့် လူငယ်များအနေနဲ့ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ရဲ့စွမ်းပကားများကို မပြတ်အားထုတ်မြှင့်တင်ကြပါ၊ အရည်အချင်းကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားကြပါ၊ အများအကျိုး သယ်ပိုးလိုစိတ်မွေးမြူကြပါ၊ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အခြေခံတဲ့ လူ့အသိုက်အဝန်းကြီး ဖြစ်လာအောင် ဝိုင်းဝန်းပုံဖော်တည်ဆောက်ကြပါ။ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ မြင့်မားသည်ထက်မြင့်မားပြီး ခံ့ညားထည်ဝါအောင် ကိုယ်စိတ်ခွန်အားအပြည့်နဲ့ ကူညီဆောင်ရွက်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment