Sunday, December 15, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ဖွင့်ပွဲ တက်ရောက်

No photo description available.
မကွေး ဒီဇင်ဘာ ၁၄
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားသည်။
မကွေးမြို့သို့ရောက်ရှိ
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော်အထူး လေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးတက္ကသိုလ်၌ ကျင်းပ သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လူငယ် ကိုယ်စားလှယ် လေးဦးတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဧည့်သည်တော်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ယဉ်ကျေးမှုအနုပညာ တက္ကသိုလ်နှင့် အနုပညာအထက်တန်းကျောင်းဆင်း ကျောင်းသား ကျောင်းသူ များက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က အမှတ်တရစကား ပြောကြားကြပြီး ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျေးဇူးတင်စကား ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် တက္ကသိုလ်၊ ကောလိပ်များမှ ထူးချွန်ကျောင်းသား ကျောင်းသူ များကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက The 5th South and Southeast Asia College Student Culture and Sports Week – Kunming(Yunan)ဘောလုံးပြိုင်ပွဲတွင် အသင်းအလိုက် ရပ်တည်မှုအဆင့်(၈) အကောင်းဆုံးတတိယဆုရရှိသည့် မန္တလေးတက္ကသိုလ်မှ မောင်သီဟအောင်၊ မောင်မျိုးကိုဦးနှင့် မောင်ကျော်ဇင်ဖြိုးတို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Ocean Opportunities, First Global Competition (Dubai) ပြိုင်ပွဲတွင် First Prize in Judges Award ဆု ရရှိသည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မောင်ဝင်းနိုင်ကျော်၊ Optimized Optical System Design of a Single – Led Backlight, 2019 GKS for ASEAN Countries Science and Engineering Students Program(Korea)တွင် Award of Excellence ဆုရရှိသည့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး)မှ မအေးနန္ဒာထွန်းနှင့် The 33rd China Adolescents Science and Technology Innovation Content (China)တွင် Third Place ဆုရရှိသည့် သတင်း အချက်အလက်နည်းပညာတက္ကသိုလ်မှ မဇင်နွယ်ထက်တို့ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ASEAN Makerthon 2019 (Malaysia)တွင် Best Prototype Award ဆုရရှိသည့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ မောင်ဝင်းထွန်း၊ မောင်မန်ဆစ်အိမ်နှင့် မောင်ဇင်ထက်အောင်တို့ကို လည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဖျော်ဖြေ
ထို့နောက် မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “သွေးချင်း များပီပီ” တေးသီချင်း၊ “လှသောအညာမြေ”တေးသီချင်းတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေ ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများနှင့် အတူ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများ နှင့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပူးပေါင်းစီစဉ် ကျင်းပ
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ လူငယ်ဆိုင်ရာဆွေးနွေးပွဲများ၊ အပန်းဖြေအားကစားပြိုင် ပွဲများ၊ သရုပ်ပြအားကစားနည်းများ၊ အသိပညာပေးအစီအစဉ်များ၊ မြန်မာ့အသံ ခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော်အဆိုတော်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော်မှ အဆိုရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများ၊ လူငယ် နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြခန်း၊ လူငယ်များအတွက် သိကောင်း စရာအချက်အလက်များ မေးမြန်းဖြေကြားခြင်း အစီအစဉ်များ၊ အခြေခံမျိုးဆက် ပွား ကျန်းမာရေး အသိပညာပေးဟောပြောပွဲများ၊ သားဆက်ခြားနည်းလမ်း အသိပညာပေးဟောပြောပွဲများ၊ ကျား/မ အခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာ စကားဝိုင်းများ၊ အမှတ်တရပစ္စည်းရောင်းချခြင်းများ၊
တိုင်းရင်းသားရိုးရာအကများ သရုပ်ပြကပြခြင်းနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ရည်ရွယ်ချက်များဖြင့်ကျင်းပ
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့”ဟူသည့်ဆောင်ပုဒ်နှင့် အညီ မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး နှင့် အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်း များဖြင့် တည်ဆောက်အကောင်အထည်ဖော်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး(မကွေး)သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြည်သူ့ဆေးရုံကြီး(မကွေး)အား ခုတင် ၅၀၀ ဆံ့ အဆင့်မြှင့်တင်ရန်အတွက် ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထောက်ပံ့ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတသည် ငါးထပ်တိုးချဲ့ဆောင်အား လှည့်လည်ကြည့်ရှုပြီး ပြည်သူ့ဆေးရုံကြီး(မကွေး)၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment