Monday, December 16, 2019

စုပေါင်းညီညွတ်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်း

အယ်ဒီတာ့အာဘော်
-----------------------

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြီးမားဆုံးရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအားတရားစွဲဆိုမှုသည် ရခိုင်ပြည်နယ်၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော ပြဿနာအပေါ် စွဲဆိုခဲ့သောအမှုကိစ္စဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူ့အသိုက်အဝန်းတစ်ခု၏ ပြဿနာ သည် မတူကွဲပြားသောလူ့အသိုက်အဝန်းများအကြား နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော သိမ်မွေ့နက်နဲသည့် အစဉ်အဆက်ဖြစ်ခဲ့သော ပြဿနာဖြစ် သည်။ အဓိကမှာ ဆင်းရဲမွဲတေမှု၊ အသိအမြင်ဗဟုသုတနည်းပါးမှု၊ မတူ ကွဲပြားမှုများအကြား သွေးခွဲသပ်လျှို နှောင့်ယှက်မှု၊ ပြဋ္ဌာန်းထားသော ဥပဒေကို မလိုက်နာမှု၊ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ပြည်နယ်ဖြစ်မှု၊ နယ်စပ်ဒေသဖြစ်၍ လုံခြုံရေးအားနည်းမှု စသည့် အကြောင်း အမျိုးမျိုးတို့ကြောင့် ပြဿနာများဖြစ်ရသည်ဟု ဆိုရမည်ဖြစ် သည်။
သမိုင်းကြောင်းတစ်လျှောက် ပြဿနာအမျိုးမျိုး မည်သို့ပင်ဖြစ်ပွား ခဲ့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇ ပြဿနာမဖြစ်ပွားမီ နှင့် ပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဥပဒေချိုးဖောက်သူများကို အရေးယူရေး၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်လုပ်ကိုင်ခဲ့သည်မှာ ယနေ့ ထက်တိုင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းရွက် ရသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်နယ်အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စု စီမံကိန်း ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာရှိသည့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့် ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အကောင်အထည် ဖော်ခဲ့ရာ ခန့်မှန်းပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၄၉ ဘီလီယံခန့် စိတ်ဝင်စားမှုအဆိုပြုလွှာ ၃၀ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
မြစ်၊ချောင်းများပေါများသောရခိုင်ပြည်နယ်တွင် ကူးသန်းသွားလာမှု အဆင်ပြေရေးအတွက် ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် ဒါးလက်ချောင်း တံတား၊ မြေပုံ-မင်းပြားလမ်းပေါ်တွင် ကြပ်စင်တံတားတို့အား ယခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အပြင် ရာမောင်းကြိုးတံတားကြီးအား အဆင့်မြှင့်တင် ပြီး ဧရာဝတီနှင့်ရခိုင်ပြည်နယ် ဆက်သွယ်ပေးမည့် ဂွချောင်းတံတားကို တည်ဆောက်ပေးလျက်ရှိသည်။ ဒေသနေပြည်သူများ လူမှုဘဝမြင့်မား တိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အားရရှိရေးကို ယမန် နှစ် ဒီဇင်ဘာလတွင် မောင်တောနယ်သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၆ မြို့နယ်မှပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်ပြီဖြစ်သည်။ နိုင်ငံတော်ဓာတ်အားစနစ် ဖြန့်ဖြူးနိုင်ခြင်းမရှိသော မာန်အောင်မြို့နယ်၌ ဆိုလာ၊ ဒီဇယ်၊ စွမ်းအင်သိုလှောင်မှုဓာတ်အားပေး စက်ရုံစနစ် တည်ဆောက်ပေးလျက်ရှိရာ မကြာမီတွင် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ရေမြေသဘာဝနှင့်ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပေါများကြွယ်ဝသောပြည်နယ် ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓ ဘာသာ အမွေအနှစ် သာသနာရောင်ဝါ ထွန်းလင်းတောက်ပခဲ့သော ရခိုင် ပြည်နယ်တွင် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များနှင့် တည်ရှိဖြစ်ထွန်းနေသော ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့နိုင်အောင် ဒေသတည်ငြိမ်အေးချမ်းရေးသည် အရေးပါသည့်အချက်ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပြဿနာများ မည်သို့ပင် ရှိခဲ့သည်ဖြစ်စေ နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိရန်နှင့် အနာဂတ်တွင် သာယာလှပ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်လာစေရန်အတွက် အေးချမ်းတည်ငြိမ်ရေး ကို ရှေးရှုသည့် စုပေါင်းညီညွတ်သော စွမ်းအားများဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment