Wednesday, December 25, 2019

အယ်ဒီတာ့ အာဘော်
===========
ချစ်ခြင်းမေတ္တာ၌တည်ကြလော့ ...
Image may contain: text
“ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၌တည်ကြလော့။
ဧည့်သည်ဝတ်ပြုခြင်းအမှုကိုမမေ့မလျော့ကြနှင့်”
(ဟေဗြဲဩဝါဒစာ ၁၃။ အပိုဒ် ၁ ။)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အယူဝါဒအမျိုးမျိုး ယုံကြည် ကိုးကွယ်ရာ ဘာသာအဖုံဖုံတို့ရှိကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားသော နိုင်ငံတော်ဖြစ်သည့်အားလျော်စွာ ခရစ်နှစ်၂၀၁၉ ကုန်ဆုံး ကာ ၂၀၂၀ ပြည့်နှစ်ဆီသို့ ကူးပြောင်းတော့မည့် နောက်ဆုံးလကို ရောက်သည် နှင့် ခရစ်တော်မွေးဖွားရာနေ့ အမှတ်တရအဖြစ် ကျေးဇူးတော်ကိုချီးမွမ်းသော ဓမ္မတေးသံတို့ မြို့ပြကျေးလက်နေရာအနှံ့တွင် ဟိုမှာသည်မှာ ပျံ့လွင့်လာ သည်ကို ကြားရချေပြီ။
လောကဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံသူနိုင်ငံသားတို့၏ ဘ၀များငြိမ်းချမ်း သာယာမှုဟူသည် စိတ်သဘောထားမှန်ကန်ခြင်းတွင် အခြေပြုပေသည်။ တစ်ကိုယ်ကောင်းစိတ် အတ္တကိုပါးလျားလျော့ပါးအောင် ပြုလုပ်နိုင်လေလေ လူတစ်ဦးချင်း၏ ဘ၀တို့သည်လည်း ပိုမိုငြိမ်းချမ်းလာနိုင်လေလေ၊ ထိုမှတစ် ဆင့် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာမှုဆီသို့ ဦးတည်လာနိုင်လေလေဖြစ် ပေမည်။
“အကျဉ်းခံရသောသူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ်၍ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည်ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ်၍ ညှဉ်းဆဲခံရသောသူတို့ကိုအောက်မေ့ကြလော့...”
(ဟေဗြဲဩဝါဒစာ ၁၃။ အပိုဒ် ၃ ။)
ကမ္ဘာတစ်ဝန်း၌ လူမျိုးဘာသာယုံကြည်မှုတို့ မည်သို့ပင်မတူခြားနားစွာ ရှိကြစေကာမူ မေတ္တာတရားကိုအခြေပြုကြသည်သာချည်း။ လူတို့အချင်းချင်း ကြားရှိ စာနာနားလည်မှုတို့ ထုံမွမ်းလာသည့်အခါ ကမ္ဘာလောကကြီးသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်လာလိမ့်မည်သာတည်း။ သူတစ်ပါးထိခိုက် နစ်နာသည်ကို မိမိထိခိုက်နစ်နာသည်ကဲ့သို့ ခံစားနားလည်ခြင်းဖြင့် စာနာ အောက်မေ့နိုင်ခြင်းသည် လောကသားချင်းထားရှိသည့် မေတ္တာကရုဏာ တရားတို့၏ အခြေခံပင်ဖြစ်ချေမည်။
“သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ် ၍ ကိုယ်၌ရှိသောဥစ္စာနှင့်ရောင့်ရဲခြင်းရှိကြလော့...”
(ဟေဗြဲဩဝါဒစာ ၁၃။ အပိုဒ် ၅ ။)
လူ့ဘ၀သည် ရှည်လျားလှသည်မဟုတ်။ သည်လိုတိုတောင်းသည့် လူ့ဘ၀တွင် လူသားချင်း ချစ်ခင်ကြင်နာကြခြင်း၊ ကိုယ်ချင်းစာနာကရုဏာထား ခြင်း၊ တပ်မက်မှုကြီးမားလွန်းခြင်းမဖြစ်အောင် လောဘအလွန်အကျူး မဖြစ် အောင် ထိန်းချုပ်ခြင်းတို့သည်သာ အစစ်အမှန်သော ချမ်းသာတရားကို ရမည်ဟု ယုံကြည်ပါသည်။
တပ်မက်မှုများခြင်း လောဘလွန်ကျူးခြင်းက စိုးရိမ်ကြောင့်ကြမှု ကြောက်ရွံ့ထိတ်လန့်ရမှုတို့နှင့် ယှဉ်တွဲနေသည်မဟုတ်ပါလား။ ဓမ္မပဒ၊ ပိယဝဂ်လာ-
“တပ်မက်မှုကြောင့် စိုးရိမ်ရ။
တပ်မက်မှုကြောင့် ကြောက်ရွံ့ရ။
တပ်မက်မှုမှကင်းသောသူ
မစိုးရိမ်ရ။ မကြောက်ရ။” (ဓမ္မပဒ၊ မင်းသုဝဏ်)
လောဘနည်းပါးခြင်း၊ ဒေါသလျော့ပါးခြင်း၊ မောဟကင်းခြင်း တို့က စစ်မှန်သောသုခချမ်းသာကို ရလိမ့်မည်သာ။
မတူခြားနားသည့် အယူအဆဓလေ့တို့ဖြင့် ဖွဲ့စည်းရှင်သန်နေသည့် လောကသည် မတူခြားနားသည်များရှိနေကြမည်။ သို့သော်လည်း ထိုမတူ ခြားနားမှုများကို တစ်ဦးနှင့်တစ်ဦး နားလည်စာနာခြင်း သူတစ်ပါး၏ အယူ အတွေးတို့ကို လေးစားခြင်းစသည်တို့နှင့်တကွ တစ်ဦးနှင့်တစ်ဦး မေတ္တာပွား များ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် ခရစ္စမတ်ကာလမှသည် လာမည့်နှစ်သစ်ကို ငြိမ်းချမ်းစွာ ကြိုဆိုကြပါစို့။ ။

No comments:

Post a Comment