Tuesday, December 17, 2019

အစိုးရများ၏ သရုပ်သကန်

အယ်ဒီတာ့အာဘော်
------------------------

ယနေ့ကမ္ဘာရှိ ခေတ်ပေါ်အစိုးရအများစုသည် လစ်ဘရယ်ဒီမိုကရေစီကို အခြေခံကြသည်။ ဉာဏ်အလင်းခေတ် (Renaissance) ခေတ်အတွေးအခေါ် များ၏ လွှမ်းမိုးမှုက ၁၈ ရာစုနှစ် နှောင်းပိုင်းတွင် ပြင်သစ်တော်လှန်ရေးနှင့် အမေရိကန်တော်လှန်ရေးတို့ဖြစ်ပေါ်လာစေခဲ့သည်။ ထိုတော်လှန်ရေးနှစ်ခုမှ လစ်ဘရယ်ဝါဒအတွေးအခေါ်ကို မွေးဖွားပေးခဲ့ပြီး ဉာဏ်အလင်းခေတ်ပညာ ရှင်များ၏ အတွေးအခေါ်များကို အစိုးရတစ်ခု တည်ဆောက်ရာတွင် စတင် ကျင့်သုံးနိုင်ခဲ့သည်။
ဒီမိုကရေစီအစိုးရများကို ရွေးကောက်ပွဲများက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုရွေးကောက်ခံ ကိုယ်စားလှယ်များကလည်း အခြေခံဥပဒေကအပ်နှင်းထားသော အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံများအတွက် လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြု၍ လုပ်ကိုင် ကြခြင်းဖြစ်သည်။
ဉာဏ်အလင်းခေတ် တွေးခေါ်ပညာရှင် သောမတ်စ်ဟော့ဘ်စ် (၁၅၈၈-၁၆၇၉) က “အစိုးရဆိုသည်မှာ အုပ်ချုပ်ခံများ၏ သဘောတူညီမှုအရသာ ဖြစ်ရမည်” ဆိုသော နာမည်ကျော်စကားရပ်ကို စတင်ရေးသားခဲ့သည်။ နောက်ပိုင်းတွင် တွေးခေါ်ပညာရှင် ဂျွန်လော့ခ်(၁၆၃၂-၁၇၀၄)က အစိုးရ တစ်ရပ်ကို အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု ပါလီမန်နှင့် တရားရုံးတို့ ပေါင်းစပ် ဖွဲ့စည်းရမည်ဆိုသော အယူအဆကို တင်ပြခဲ့ခြင်းဖြစ်ပေသည်။
အမေရိကန်နိုင်ငံ စတင်ထူထောင်သော ပုဂ္ဂိုလ်ကြီးများအပေါ် ၎င်း အယူအဆများက များစွာလွှမ်းမိုးခဲ့သည်။ ထို့ကြောင့် အမေရိကန် ဒီမိုကရေစီ ၏ အခြေခံအချက်များတွင် အစိုးရမှာ ပြည်သူများနှင့် သဘောတူညီချက် တစ်ခုသာဖြစ်ကြောင်း၊ သူ၏တာဝန်များကို ကျေပွန်အောင် မလုပ်ဆောင်နိုင် ပါက ၎င်းကို (မဲဆန္ဒဖြင့်) ဖြုတ်ချနိုင်ကြောင်း၊ အစိုးရ၏တာဝန်မှာ နိုင်ငံသား များ၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို ကာကွယ်ပေးရန်အတွက် တည်ရှိခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သော နိုင်ငံသားတစ်ယောက်သည် ဂျူရီလူကြီး အပြည့်အစုံရှိသော တရားရုံးက စီရင်ပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် နိုင်ငံသားတစ်ယောက်၏နေအိမ်သို့ ရှာဖွေရန် ဝရမ်း မပါဘဲ ရှာဖွေခွင့်မရှိကြောင်း ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အလယ်ခေတ်နှောင်းပိုင်း ဥရောပတွင်ပေါ်ထွက်လာသော အမျိုးသားအစိုးရ များ၏ တူညီသောအယူအဆမှာ လူ့အဖွဲ့အစည်း၏တည်ငြိမ်မှုကို ကာကွယ် ရန်နှင့် အမိန့်အာဏာများ ခိုင်မာစေရန်အတွက် အစိုးရတည်ရှိခြင်းဖြစ် သည်။ ယနေ့ခေတ်အစိုးရများမှာ အဆိုပါအယူအဆနှင့် များစွာကွဲလွဲလာ ခဲ့ပြီဖြစ်သည်။
အမေရိကန်သမ္မတ အီဘရာဟင်လင်ကွန်း၏ နာမည်ကျော် ဂတ်တီ စဘတ်မိန့်ခွန်းတွင် ပြည်သူတို့အတွက်၊ ပြည်သူတို့ကိုယ်တိုင် ရွေးချယ်သော၊ ပြည်သူ့အစိုးရဆိုသော စကားလုံးကို သုံးစွဲခဲ့သည်။
လူ့အဖွဲ့အစည်း၏ အခြေခံအယူအဆမှာ လူသားအားလုံးသည် တန်းတူညီမျှစွာ ဖန်တီးထား ခြင်းဖြစ်သည်။ အားလုံးတွင် ထာဝရပြောင်းလဲခြင်းမရှိသော အခွင့်အရေးများ အပ်နှင်းထားခြင်းခံရသည် စသောသက်သေပြရန်မလိုသည့် အမှန်တရားများ ပါဝင်နေပါသည်။ ၎င်းအပြင် အစိုးရတစ်ရပ်၏အာဏာမှာ အုပ်ချုပ်ခံ ပြည်သူ များ၏ သဘောဆန္ဒမှလာခြင်းဖြစ်ပြီး အစိုးရ၏တာဝန်မှာလည်း အဆိုပါအခွင့်အရေးများကိုကာကွယ်ပေးရန်ပင် ဖြစ်ပေသည်။ ခေတ်ပေါ် ဒီမိုကရေစီ အစိုးရများတွင် အာဏာသုံးရပ်ကြား အပြန်အလှန်ထိန်းကျောင်းခြင်းကို အခြေခံမူအဖြစ်ကျင့်သုံးကြခြင်းကြောင့် ဒီမိုကရေစီ၏အခြေခံအဓိပ္ပာယ်မှာ ပြည်သူလူထု၏ မိမိဘာသာ အုပ်ချုပ်ခြင်းဟူသော အဓိပ္ပာယ်ပင်ဖြစ်ကြောင်း တင်ပြရပေသည်။

No comments:

Post a Comment