Friday, December 20, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ




Image may contain: 2 people, people sitting
နေပြည်တော် ဒီဇင်ဘာ ၁၉



ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် မှုခင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာထွန်းနှင့် DNA ဌာနမှူး ဒေါက်တာ ချစ်ပန်တို့က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ သံသယရှိသူများအား စစ်ဆေးဖော်ထုတ်ခဲ့မှု၊ သက်ရှိ၊ သက်မဲ့သက်သေခံများ ရှာဖွေစုစည်းခဲ့မှု၊ အမှု တည်ဆောက်မှု၊ တရားရုံးသို့ တရားစွဲဆို တင်ပြခဲ့မှုအခြေ အနေများကို ရှင်းလင်းပြောကြားကြသည်။
ရဲမှူးချုပ် စိုးနိုင်ဦးက အမှုစစ်အရာရှိအနေဖြင့် ခိုင်လုံ သည့် တရားလိုပြ သက်သေများ၊ သက်မဲ့အထောက်အထား သက်သေများ၊ သက်ဆိုင်ရာကျွမ်းကျင်သူများ၏ ထင်မြင် ချက်များနှင့် အမှုခိုင်မာအောင် တည်ဆောက်ပြီး ဥပဒေ အကြံပြုချက်တောင်းခံခဲ့ပါကြောင်း၊ ဥပဒေအကြံပြုချက် တောင်းခံရာတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲ ဆိုရန် အကြံပြုချက်နှင့်အညီ တရားစွဲတင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ တရားရုံးတွင်တရားလိုပြသက်သေနှင့် အထောက် အထားများ စစ်ဆေးဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် သံသယရှိသူကို တရားရှင်လွှတ်ခဲ့ ပါကြောင်း၊ တရားလိုဘက်က တင်သွင်းထားသည့် အရေး ကြီးသည့် လူသက်သေ ၇ ဦးနှင့် အရေးပါသည့် သက်မဲ့ သက်သေအထောက်အထားများ ကျန်ရှိနေဆဲဖြစ်ပါ ကြောင်း၊ တရားလိုဘက်က စုံစမ်းစစ်ဆေးမှု တင်ပြထား သည့် လူသက်သေ၊ သက်မဲ့သက်သေများအပေါ်တွင် ပြီးဆုံး အောင် စစ်ဆေးခြင်းပြုလုပ်ပြီးမှ စွဲချက်တင်သင့်၊ မတင် သင့်ဆိုသည့် ဥပဒေလမ်းကြောင်းကို မျှော်လင့်ထားပါ ကြောင်း၊ သို့သော် ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ တရား သူကြီးက တရားရှင်လွှတ်ခြင်း ဖြစ်ပေါ်လာသည့် အနေ အထားသည် စောလွန်းသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်က အမှုမှန်ပေါ်ပေါက်ရေးသည် ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရန် အလိုအရှိဆုံး အဖွဲ့သည်လည်း ရဲတပ်ဖွဲ့ဖြစ်ကြောင်း၊ မည်သူကမှ ကြိုးကိုင်ခြင်း၊ ထိန်းချုပ်ခြင်း လုံးဝမရှိကြောင်း၊ မှုခင်း တပ်ဖွဲ့စစ်ဆေးရာတွင်လည်း လွတ်လွတ်လပ်လပ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းအချက်ကို ရဲရဲဝင့်ဝင့် ပြောရဲ ပါကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲတင် သည့်အမှုတိုင်း အပြစ်ကျရမည်ဆိုသည့် သတ်မှတ်ချက် မရှိကြောင်း၊ အမှုတည်ဆောက်သည့်နေရာတွင် ရဲတပ်ဖွဲ့ အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီးအမှုကို တည်ဆောက် ခဲ့ပါကြောင်း၊ သက်ဆိုင်ရာတရားသူကြီးက ၎င်း၏ ဆင်ခြင် တုံတရားအရ စွဲချက်မတင်မီ လွှတ်သည့်အပိုင်းသည် တရားသူကြီး၏ အပိုင်းဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့သည် တရားစွဲတင်သည့် အပိုင်းဖြစ်ပါကြောင်း၊ တရားစီရင်သည့် အပိုင်း မဟုတ်သည့်အတွက်ကြောင့် တရားသူကြီး၏ စီရင်ဆုံးဖြတ်ချက်ကို ကြည့်ပြီးမှသာ ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်ပြီး ၎င်းက တရားရုံးသို့ သက်သေခံ တင်သွင်းရာတွင် မူရင်းဆေးစာကိုသာ တင်ထားကြောင်း၊ ဆေးစာပျောက်ဆုံးခြင်းမရှိ၍သာ မူရင်းတင်နိုင်ခြင်းဖြစ် ကြောင်း၊ တရားရုံးက မူရင်းမှသာ လက်ခံပါကြောင်း၊ မိတ္တူ ကို လက်မခံပါကြောင်း ပြောကြားသည်။
ရဲမှူးချုပ် စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲ လုပ်ရ သည့် အကြောင်းရင်းမှာ တရားရှင်လွှတ်ခြင်းဆိုသည့် အပေါ်တွင် ရဲတပ်ဖွဲ့က ပြန်ပြီးရှင်းလင်းသည့် ရည်ရွယ်ချက် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တရားသူကြီး၏ ဆင်ခြင်သုံးသပ်မှုအပေါ်တွင် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တရားလိုဘက်က တင်ပြလာသည်များကို အားလုံးစိစစ်ပြီးမှသာ တရား သူကြီး၏ ဆင်ခြင်သုံးသပ်မှုဖြင့် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ စီရင်ချက်မရသေးပါကြောင်း၊ တရားရုံး၏ စီရင်ချက်ရပါက တရားရုံး၏ စီရင်ချက်ကို လေ့လာပြီး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားသည်။
မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာထွန်းက တရားစွဲတင်ခြင်းလုပ်ငန်း မတိုင်ခင်ကတည်းက အမှုလမ်း ကြောင်းပေါ်တွင် ဖြစ်နိုင်ချေရှိသည့် လူများ အားလုံးကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် သက်မဲ့သက်သေအထောက်အထား၊ လူသက်သေများနှင့် တရားစွဲတင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တရားရုံးတွင် တရားလို အပါအဝင် လူသက်သေ ၂၇ ဦး တင်ထားပါကြောင်း၊ တရားလိုအပါအဝင် သက်သေ ၂၀ ကို စစ်ဆေးပြီးဖြစ် ကြောင်း၊ စစ်ဆေးရန် ၇ ဦး ကျန်ရှိပါသေးကြောင်း ထည့်သွင်းဖြေကြားသည်။ သတင်းစဉ်

No comments:

Post a Comment