Saturday, December 21, 2019

ရပ်ရွာငြိမ်းချမ်းမှ တိုင်းပြည်ငြိမ်းချမ်းမည်

အယ်ဒီတာ့အာဘော်
------------------------

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်သို့ လာရောက်ရခြင်းအကြောင်းကို ပြောကြားခဲ့သည်။
ဒေသခံပြည်သူများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား ရာ၌ မိမိတို့နိုင်ငံတစ်နိုင်ငံလုံးသည် မိမိတို့၏ ပြည်ထောင်စုဖြစ်ကြောင်း၊အေးချမ်းနေသည့် နေရာများ၊ မအေးချမ်းသည့် နေရာများသည်လည်း မိမိတို့၏ ပြည်ထောင်စုဖြစ်ကြောင်း၊ မအေးချမ်းသည့်နေရာများကို မိမိတို့ပို၍ ဂရုစိုက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ပက ဘာလုပ် လုပ်၊ ဘာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ မိမိတို့၏ နိုင်ငံအတွင်းမှာ ပြဿနာဖြစ်လျှင် မိမိတို့ကိုယ်တိုင်ဖြေရှင်းဖို့ တာဝန်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထိုကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း အဆင်မပြေလျှင် တစ်နိုင်ငံလုံးကိုထိပါးပြီး ထိုသို့ထိသည်ဆိုသည့် စိတ်ဓာတ်လည်းထားရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ထိုစိတ်ဓာတ်မျိုးကို ရခိုင်ပြည်နယ်ကဲ့သို့ တည်ငြိမ်မှုရှိသင့်သလောက် မရှိသည့်နေရာများတွင် ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက်ချင်းက ထိုစိတ်ဓာတ်မျိုးထားရန် အသိပေးခဲ့ သည်။ "ငါ့ထိမှ ထိတာမဟုတ်ဘူး။ အခြားသူတွေထိရင်လည်း ငါ့ကိုထိတယ်။ ငါတို့မြေပေါ်မှာနေတဲ့ အေးအတူပူအမျှ၊ တစ်လှေတည်းစီးတဲ့သူတွေထဲက တစ်ယောက်ထိရင် ငါတို့အားလုံးကို ထိတယ်" ဟူသည့် စိတ်ဓာတ်များ ထားရှိဖို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။
ရခိုင်ပြည်နယ်သည် ပဋိပက္ခပြဿနာများကြောင့် ဆယ်စုနှစ်ပေါင်း များစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့သည်။ ထိုသို့နောက်ကျ ကျန်ခဲ့ သောကြောင့် နိုင်ငံတော်အစိုးရက အထူးဂရုစိုက်ဆောင်ရွက်ပေးနေသည်။ ပြည်သူ့အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်မှ ကြည့်ရှုခြင်းမဟုတ်ဘဲ ၂၀၁၆ ခုနှစ် နိုင်ငံ့တာဝန်ယူစဉ်ကတည်းက ရခိုင် ပြည်နယ် ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ပေးသည်ကို မလိုလားမရှုဆိတ်သောကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ပြီး မြန်မာ နိုင်ငံကို ဖိအားပေးအောင်၊ အမြင်စောင်းအောင် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာရာ ရခိုင်ပြည်နယ်ဒေသအချို့တည်ငြိမ်မှုပျက်ပြား ခဲ့ရသည်။ တည်ငြိမ်အေးချမ်းမှုအားနည်းသော ရခိုင်ပြည်နယ်ကို အစိုးရက အထူးဂရုစိုက်အလေးပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို လုပ် ဆောင်ပေးနေသည်။ ဒေသတစ်ခု မတည်ငြိမ်လျှင် တစ်နိုင်ငံလုံး မတည်ငြိမ် သကဲ့သို့၊ ဒေသတစ်ခု မငြိမ်းချမ်းလျှင် တစ်နိုင်ငံလုံး မငြိမ်းချမ်းသကဲ့သို့၊ ဒေသတစ်ခု မဖွံ့ဖြိုးလျှင် တစ်နိုင်ငံလုံး မဖွံ့ဖြိုးသကဲ့သို့ စိတ်ထားပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေး ထားဆောင်ရွက်နေရာ မိမိတို့ဒေသထိခိုက်မည့် အရေးကိစ္စမှန်သမျှ ထိခိုက်မှုမရှိအောင် ရှောင်ရှားကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်ကို နိုင်ငံတော်အစိုးရက အထူးအလေးပေးပြီး ဒေသဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ဒေသတစ်ခုဖွံ့ဖြိုးမှ တိုင်းပြည်တစ်ခုလုံးဖွံ့ဖြိုးမည်ဖြစ်ရာ မိမိတိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးလျှင် မိမိရေ၊ မြေကို ချစ်မြတ်နိုး လျှင် ဒီရေ၊ ဒီမြေ၊ ဒီနိုင်ငံအား ထိပါးမည့် မည်သည့်ကိစ္စကိုမဆို ရှောင်ရှားပြီး တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းရေးအတွက် မိမိဒေသ တည်ငြိမ် အေးချမ်းရေးတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment