Friday, December 20, 2019

မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့် မူဝါဒများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးရမည်




Image may contain: 3 people, people sitting, people standing, table and indoor
နေပြည်တော် ဒီဇင်ဘာ ၁၉ 



အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီ ( MSME Agency ) ၏ ပထမအကြိမ် နှစ်ပတ်လည် ညီလာခံနှင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟို MSME အေဂျင်စီနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများ၏ ပူးပေါင်းပံ့ပိုးမှုအခြေအနေ များအား မိတ်ဆက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Parkroyal Hotel ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးစိုးဝင်း၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးသောင်းထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးသာဦး၊ ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်းနှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် အေဂျင်စီအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ အေဂျင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ MSME လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် MSME အေဂျင်စီ၏ ပထမအကြိမ် နှစ်ပတ်လည်ညီလာခံကျင်းပရာတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေးဆွဲခဲ့သည့် ဒေသဆိုင်ရာ MSME Action Plan များကို မိတ်ဆက်ခြင်း၊ ပြန်လည် သုံးသပ် ဆွေးနွေးခြင်း၊ ဗဟိုအေဂျင်စီနှင့် ဒေသဆိုင်ရာအေဂျင်စီများ၏ ပူးပေါင်း ဆောင်ရွက်မှုများ၊ အောင်မြင်မှုများ၊ အခက်အခဲများနှင့်လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြမှာ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ ဒေသတစ်ခုချင်းစီတွင် MSME များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ Action Plan တစ်ခုချင်းရေးဆွဲရသည့် အကြောင်းရင်းမှာ ဒေသတစ်ခု နှင့်တစ်ခု အားသာချက်နှင့်အားနည်းချက်များ မတူညီခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကွဲပြားခြင်းတို့ကြောင့် ဒေသအချင်းချင်းချိတ်ဆက်မှုနှင့် အရင်းအမြစ်များအပေါ် အခြေခံ၍ ရေးဆွဲရခြင်း ဖြစ်ပါကြောင်း။
အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်
မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များအတွင်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ တိုးတက် ပြောင်းလဲမှုများအပေါ် အခြေခံ၍ “အာဆီယံဒေသတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်း စဉ် (၂၀၁၆-၂၀၂၅)” နှင့် (၆)လအတွင်း ရေးဆွဲထားသည့် Action Plan များကို မြန်မာနိုင်ငံမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါပြောင်းလဲနေသော အလေ့အကျင့်ကောင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတစ်ဝန်းလုံး ကျယ်ကျယ် ပြန့်ပြန့် သိရှိအသုံးပြုလာရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အတွေးအခေါ်များ ပြောင်းလဲလာသကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင်လည်း နည်းပညာများ၊ အတွေး အခေါ်ပြောင်းလဲမှုများ၊ ယှဉ်ပြိုင်မှုမဟာဗျူဟာများနှင့် အလုပ်အကိုင်ကျွမ်းကျင်မှု ဆိုင်ရာ စိန်ခေါ်မှုများပါ တစ်ပါတည်း ပါလာပါကြောင်း။
အဆိုပါပြောင်းလဲမှုများကို မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ သတိပြုမိစေရန်နှင့် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်အကောင်အထည်ဖော်နိုင်ရေး အတွက် “စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(OECD)”၏ ၂၀၁၈ ခုနှစ် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဆိုင်ရာ မူဝါဒညွှန်းကိန်းများတွင် တိုင်းတာမှု စံနှုန်းသတ်မှတ်ချက် နယ်ပယ်(၈)ခုကို သတ်မှတ်ခဲ့ပြီး မူဝါဒနှင့် အကောင်အထည်ဖော်မှုများကို နိုင်ငံတစ်ခုချင်းစီအပေါ် သုံးသပ်ခဲ့ပါကြောင်း။
ဒီဂျစ်တယ်စီးပွားရေးစနစ်ဖြစ်လာရေး
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် MSME မူဝါဒနှင့် အာဆီယံမဟာဗျူဟာ Action Plan များတွင် “ဒေသတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံ ကျသည့်အချက်များ” ကိုသာ အဓိကထားဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်များပြားလာရေးအတွက် ဒေသအသီးသီး၌ Action Plan များ ရေးဆွဲချိန်တွင် “ OECD ၏ တိုင်းတာမှုစံနှုန်းသတ်မှတ်ချက်နယ်ပယ် (၈)ခု ” နှင့် “ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြောင်းလဲကြိုးစားနေသည့် ဒီဂျစ်တယ်စီးပွားရေး စနစ်ဖြစ်လာရေး ” တို့ကိုလည်း အသိပညာပေးကာ ထည့်သွင်းဆွေးနွေးခဲ့ကြပါကြောင်း။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး “ ဗဟိုကော်မတီ ” နှင့် “ လုပ်ငန်းကော်မတီ ” တို့၏ ဦးဆောင်မှုဖြင့် “ MSME Agency ” နှင့် “ ဒေသဆိုင်ရာ MSME Agency ” တို့ပူးပေါင်း၍ Action Plan များ ရေးဆွဲသည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ အားလုံးပါဝင်နိုင်သည့် အခွင့်အရေးရရှိသည့် အပြင် အားသာချက်၊ အားနည်းချက်နှင့် မဟာဗျူဟာတို့အပေါ် အခြေခံ၍ ဒေသတွင်း MSME များဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းရေးဆွဲခဲ့ကြပါကြောင်း။
ပြုပြင်ပြောင်းလဲပေးရမည်
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် “ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (၂၀၂၀) အစီရင်ခံစာ” တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ရရှိသည့် အဆင့်(၁၇၁)မှ အဆင့်(၆)ဆင့် တိုးတက်လာခဲ့သည့်အပြင် “ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် တိုးတက်မှုအကောင်းဆုံးနိုင်ငံ (၂၀)စာရင်း ” တွင်လည်း ပါဝင်ခဲ့ပါကြောင်း။ မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးရမည်ဖြစ်ပါကြောင်း။ လက်တွေ့အကောင်အထည်ဖော်မှု ( Implementation ) အပိုင်းတွင်လည်း ခေတ်မီ နည်းပညာသုံး စီးပွားရေးလုပ်ငန်းများ (Smart Business) ဖြစ်လာစေရန် အတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ “ရေးဆွဲခဲ့ပြီးတဲ့ Action Plan” တွေအပေါ်မှာ ပါဝင်သက်ဆိုင်တဲ့အသင်းအဖွဲ့များ၊ ဌာနများ၊ အေဂျင်စီများ၏ စိတ်ဝင်စားမှုအခြေအနေ၊ အကောင်အထည်ဖော်မှုအခြေအနေ၊ ပြည်ထောင်စု အစိုးရနှင့် ဒေသဆိုင်ရာအစိုးရများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ များကို ပြန်လည်သုံးသပ်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါ ကြောင်း။
ညီလာခံမှရရှိသည့် ရလဒ်များမှတစ်ဆင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ ရှေ့ဆက်ဆောင်ရွက်ရမည့် အခန်းကဏ္ဍ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းသိရှိလာနိုင်ပြီး လိုအပ်ချက်များကို ပြင်ဆင်ကာ အကောင်းဆုံးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းကော်မတီ၊ MSME အေဂျင်စီနှင့် အထောက်အကူ ပြုအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာ အေဂျင်စီအဖွဲ့ဝင်များမှ Action Plan တွင်ပါရှိသည့် စီမံကိန်းများကို ထိရောက်စွာပူးပေါင်းဆောင်ရွက်သွားကြ ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ “ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ” ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းတို့က “ပထမအကြိမ် နှစ်ပတ်လည်ညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ ” နှင့် “ MSME Action Plan Launching ဆိုင်ရာကိစ္စရပ်များ ” ကို ရှင်းလင်းပြောကြားကြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ယင်းနောက် “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန” ဒုတိယဝန်ကြီး ဦးအောင်ထူး ၊ “စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန”မှ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း တို့က အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက် က “ MSME Application ” နှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေး သည်။
ထို့နောက် “ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရေး ” ၊ “ အဖွဲ့အစည်းများဆိုင်ရာ အထောက်အကူပြု မူဘောင် ဖြေလျှော့ပေးရေး ” နှင့် “ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME Action Plan များကို လက်ရှိ အကောင်အထည်ဖော်ဆောင်မှုအခြေအနေများ” အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ “ MSME အေဂျင်စီ၏ ပထမအကြိမ် နှစ်ပတ်လည်ညီလာခံနှင့် ဒေသဆိုင်ရာ MSME Action Plan များအား မိတ်ဆက်ခြင်းအခမ်းအနား ” ကို ဒီဇင်ဘာ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment