Thursday, December 26, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ပိတ်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်







ရန်ကုန် ဒီဇင်ဘာ ၂၅


ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းဝင်း အတွင်း၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်းတို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်ဇနီး၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စိန့်မေရီ ကာသီဒြယ်ကျောင်းထိုင်ဆရာတော် ဖာသာ အက်ကနက်စ် မြင့်စိုးက အဖွင့်ဆုတောင်းပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မွေးနေ့တော် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆုတောင်းကောင်းချီးပေး
ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာ တော်ရဆရာ မန်းပါမာစတန်က အထူးဆုတောင်းကောင်းချီးပေးသည်။
ဆက်လက်၍ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ခရစ္စမတ် သတင်း ကောင်းမျှဝေသည်။
ထို့နောက် ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးပက်ထရစ်လူနီက ကျေးဇူးတင် စကားပြောကြားပြီး ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ လက်ထောက်ဆရာတော်ကြီး ဂျွန်စော ယောဟန်က ကောင်းချီးပေးသည်။
အောင်မြင်စွာပိတ်သိမ်း
ယင်းနောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ အောင်မြင်စွာ ပိတ်သိမ်းကြောင်း ကြေညာသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးတို့သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ဇနီး၊ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်ကောင်စီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ ဘုရားကျောင်း ဝင်းအတွင်း၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော် ၂၀၁၉ ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက် ညအထိ ရန်ကုန်မြို့ မြို့တော် ခန်းမအနီး(မဟာဗန္ဓုလပန်းခြံရှေ့)နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
သတင်းစဉ်

No comments:

Post a Comment