Tuesday, December 24, 2019

ပြည်တွင်းထွက်သီးနှံကို အားပေးပါ

အယ်ဒီတာ့အာဘော်
--------------------------



မြို့တော်ကြီးများနှင့် လူစည်ကားရာနေရာများတွင် အသီးအနှံရောင်းချသော အရောင်းဆိုင်တို့၌ နိုင်ငံခြားဖြစ် သီးနှံမျိုးစုံတို့မှာ ဈေးကွက်တွင် ရောင်းအား ကောင်း၊ ရောင်းပန်းလှပြီး နေ့စဉ်အလုပ်ဖြစ်နေသည်ကို တွေ့ရသည်။

နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများကို မက်မောကြသော မြန်မာတို့အဖို့ ပြည်ပမှတင်သွင်းသော အသီးအနှံအပင်များကိုလည်း နှစ်ခြိုက်ကြသည်မှာ အလေ့အထသဘောပင်ဖြစ်နေ၍ ထူးထူးဆန်းဆန်းမဟုတ်ပေ။ နိုင်ငံခြားဖြစ် အသီးအနှံအပင်တို့မှာ မြန်မာများမက်မောလောက်စရာ ထင်ရလောက်အောင် အရောင်အသွေးစုံလင် ဖွံ့ထွားလှပပါသည်။ အသီးအနှံအပင်များကို မည်သို့ စီမံဖန်တီးထားသည်ကို မသိရသော်လည်း ခံတွင်းတွေ့ချိုမြိန်တင့်တယ်ဟန် မက်မောဖွယ်ရှိ၍ စားသုံးသူများအဖို့ ကျေနပ်ဖွယ်ဖြစ်သည်။

နိုင်ငံခြားယဉ်ကျေးမှုစီးကြောင်းများနှင့် အလေ့အထဖြစ်နေသော မြန်မာနိုင်ငံအဖို့ နိုင်ငံခြားပစ္စည်းကိုမက်မောသည်မှာ အဆန်းတကြယ် မဟုတ်တော့သည့်အခါ၌ ပြည်တွင်းက အရည်အသွေးမမီသဖြင့် စက်မှု ထုတ်ကုန်၊ နည်းပညာထုတ်ကုန်တို့ကို ပြည်ပကိုအားကိုးရသည်မှာ လက်ခံ နိုင်ဖွယ် အကြောင်းရှိသည်။ ပြည်တွင်း၌ စိုက်နိုင်၊ ပျိုးနိုင်သော မြေလည်း ရှိသည်။ လုပ်နိုင်၊ ကိုင်နိုင်သော လုပ်အားလည်းရှိပါလျက် အများတန်းတူ ဈေးကွက်မဝင်နိုင်သည်မှာ အံ့သြစရာဖြစ်နေသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းအကြောင်းရင်းကို ခန့်မှန်းကြည့်မည်ဆိုပါက စိုက်နိုင်၊ ပျိုးနိုင်သော မြေဆီသြဇာကောင်းများရှိသော်လည်း၊ စိုက်ပျိုးလုပ်ကိုင် နိုင်သည့် လူ့အရင်းအမြစ်များရှိသော်လည်း နည်းပညာနှင့် အရင်းအနှီး မပြည့်စုံမှုကြောင့် တန်ဖိုးမြင့်စိုက်ပျိုးထုတ်ကုန်များ မထုတ်လုပ်နိုင်ဘဲ နိုင်ငံခြားအမည်ခံရောင်းပန်းလှသော အသီးအနှံအပင်များ အလုပ်ဖြစ်ကြ ခြင်းဟု တွက်ဆရမည်ဖြစ်သည်။ အခြားအကြောင်းတစ်ချက်မှာ ပြည်တွင်းမှ သီးနှံများ ဖွံ့ထွားအောင်မြင်ရေးအတွက် ဓာတုပစ္စည်းများအသုံးပြုကြသော ကြောင့် တစ်ကြိမ်သာဖွံ့ထွားပြီး နောက်တစ်ကြိမ်တွင် အသီးအနှံဆုတ်ပြန် သဖြင့် ငွေကုန်ကြေးကျသံသရာတွင် လည်နေရသည့်အပြင် ကျန်းမာရေးနှင့် မညီသောအသီးအနှံဖြစ်ခြင်းလည်း အကြောင်းရှိဟန်တူသည်။

ပြည်ပမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို မည်သည့်နည်း ဖြင့် ထုတ်လုပ်သည်မသိသော်လည်း အရည်အသွေးစံချိန်စံညွှန်း မြင့်မားသည့် ထုတ်ကုန်များဖြစ်အောင် ထုတ်လုပ်နိုင်သည်မှာ တစ်ပန်းသာသည့် အချက် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အရေးတကြီးလိုအပ်ချက်ဖြစ်သည့် အစားအစာ ဘေးကင်းလုံခြုံရေး၊ အရည်အသွေးမြင့်မားရေးကို အလေးထားလာသော အခါ မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ်သီးနှံ၊ အရည်အသွေးမြင့် သီးနှံများ ကို နည်းလမ်းရှာဖွေလုပ်ကိုင်လာကြသည်။
မြန်မာနိုင်ငံ စိုက်ပျိုးထုတ်ကုန်ဈေးကွက်အဖို့ တန်းတူနီးပါးသင့်တင့် လျောက်ပတ်သည့် အရည်အသွေးရရှိလျှင်ပင် အလုပ်ဖြစ်နိုင်သည်ဖြစ်၍ ရေရှည်တည်တံ့သည့် လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေပြီး လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဈေးကွက်ရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေး နည်းပညာများ ခေတ်နှင့်အညီရရှိနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအခါ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိအမှတ်ပြု လက်မှတ်ရရှိအောင် သီးနှံအလိုက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများအားလုံးပါဝင်သည့် စိုက်ပျိုးရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အင်းခေါင်းကျေးရွာ ဟဲဟိုး ဥယျာဉ်ခြံ၌ ကျင်းပနေသည်ကို တွေ့ရသည်။



သို့ဖြစ်ရာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည့် အချိန်အခါ တွင် စိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည့် ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်သော စိုက်ပျိုးရေးစုံညီပွဲတော် မှနေ၍ ပြည်တွင်းမှ စားသုံးသူပြည်သူများအတွက် နှစ်သက်ဖွယ်ရာ အသီး အနှံများ တိုးတက်ဖြစ်ထွန်းလာနိုင်ဖွယ်ရှိရာ ဈေးနှုန်းသင့်တင့်ပြီး ကျန်းမာရေး နှင့်ညီညွတ်သော ပြည်တွင်းဖြစ်သီးနှံများကို ပိုမိုအားပေးလာကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

No comments:

Post a Comment