Wednesday, December 11, 2019

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 


 
အဂတိလိုက်စားမှုဟု ဆိုလိုက်သည်နှင့် ဤပြဿနာသည် မြန်မာ နိုင်ငံတစ်ခုတည်းမက ကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ် ရှုမြင် ကြပြီးသား ဖြစ်၏။ နိုင်ငံတကာတွင် ယင်းပြဿနာသည် နိုင်ငံ တိုးတက်ရေးအတွက်လည်းကောင်း၊ နိုင်ငံသားတို့အကြား တန်းတူညီမျှသည့် အခွင့်အရေးဆိုခြင်း ဆိုသည်ကိုလည်း ကောင်း အကြီးကျယ်ဆုံးသော အဟန့်အတား ဖြစ်နေစေသည့် အရာဖြစ်နေပေသည်။
ထို့ကြောင့်လည်း နိုင်ငံတကာမိသားစုတို့သည် အဂတိ ကင်းစင်သည့် လူမှုအဖွဲ့အစည်းတစ်ခု ပေါ်ထွန်းရေးကို မည်သို့ မည်ပုံ ညီညီညွတ်ညွတ် တည်ဆောက်ကြမည်နည်းဟူသော ကိစ္စကို ဝိုင်းဝန်းအဖြေရှာရန် ကြိုးပမ်းအားထုတ်နေကြခြင်း ဖြစ်ပေသည်။
ပကတိဘ၀များတွင် အဂတိလိုက်စားခြင်းက ကမ္ဘာ့နိုင်ငံများ အားလုံးကို အများဆုံး ပျက်စီးယိုယွင်းစေသည့် ပင်မပြဿနာကြီး ဖြစ်နေသည်မှာ ထင်ထင်ရှားရှားဖြစ်နေပေသည်။ စီးပွားရေး၊ လူမှုရေး မမျှတမှုများသည် နိုင်ငံရေးကဏ္ဍအတွင်းတွင်ပင် များစွာ ဝင်ရောက်လာနေပြီဖြစ်သည်ကို မြင်တွေ့နေကြရပြီဖြစ်ပါသည်။
ယင်းကဲ့သို့သော မညီမျှမှုများ၊ တန်းတူမဖြစ်မှုများက လူမှုဝန်းကျင်၏ အစွန်းရောက်မှုများကို ပေါက်ဖွားစေပြီး လူတို့၏ အတွင်း မကျေနပ်မှုများက မင်းမဲ့စရိုက်များဆီသို့ ကူးပြောင်း သွားသည်အထိ ဖြစ်စေသည်ဆိုခြင်းကိုလည်း နိုင်ငံတကာ အတွေ့ အကြုံများအရ တွေ့မြင်နေကြရပြီ ဖြစ်ပေသည်။
ထိုထိုသော အဂတိလိုက်စားမှုက ဖန်တီးထုတ်လုပ်လိုက်သည် တို့က နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ကျဆင်းစေခြင်းကို လည်းကောင်း၊ ပြည်သူတို့ ဆင်းရဲမွဲတေမှုနွံတွင်းကို နစ်သည်ထက် နစ်နေစေခြင်းကိုလည်းကောင်း ပေါက်ဖွားလာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်လည်း ဖြစ်ပါသည်။
အဂတိလိုက်စားမှု၏ အခြားသော ဆိုးရွားမှုတစ်ခုမှာ ပြည်သူ တို့အကြား သံသယများကို များပြားလာစေခြင်းဖြစ်ပေသည်။ ပြည်သူတို့အကြား သံသယများ တိုးပွားလာခြင်းမှာ လူမှုဆက်ဆံ ရေးနယ်ပယ်တွင် အထိခိုက်ဆုံး၊ အနာကျင်ရဆုံး အကြောင်း ခြင်းရာတစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့်ပင် အဂတိလိုက်စားမှု လျှော့ချနိုင်ရေး၊ အဂတိ လိုက်စားမှု အမြစ်ဖြုတ်တိုက်ဖျက်နိုင်ရေးဟူသည် ပြည်သူတို့ ပါဝင်သော လူထုအခြေပြု နည်းလမ်းများမပါဝင်ဘဲ မဖြစ်နိုင်။ မြန်မာနိုင်ငံအနေဖြင့်မူ မူလဘူတ ယဉ်ကျေးမှုအခြေခံတရား များက ဖြူစင်ရိုးသားခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်းကို အထူး အလေးထားသည့် ထုံးတမ်းများပေါ်တွင် အခြေပြုပါသည်။
သို့သော်လည်း တရားမျှတမှုမရှိသည့် ကာလများကို ဖြတ်သန်းလာရသည်မှာ ကြာမြင့်သည်နှင့်အမျှ ရိုးသားဖြူစင်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်းတို့၏ တန်ဖိုးထက် ငွေကြေး လာဘ်လာဘ ကြွယ်၀ပြည့်စုံခြင်းတန်ဖိုးက အရေးပါလာသည့် အားလျော်စွာ ဖြောင့်မတ်ခြင်း၊ သီလလုံခြင်းကို အမှုမဲ့ အမှတ်မဲ့ ပြုလာကြသည့် လူမှုဝန်းကျင် ဖြစ်လာလေသည်။
ရုံးတစ်ရုံးသို့သွားကာ လုပ်ရိုးလုပ်စဉ်လုပ်ငန်းတစ်ခုအတွက် ဝန်ထမ်းဖြစ်သူကို တံစိုးလက်ဆောင်ပေးရသည်ဆိုခြင်းမှာ မထူးဆန်းလှသော လုပ်ငန်း၊ သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်း ဖြစ်လာသည်အထိပင်။
လက်တွေ့ဘ၀တွင် နိုင်ငံတစ်ခုလုံးအနေဖြင့် သို့မဟုတ် ပြည်သူလူထုအားလုံးအနေဖြင့် ရေရှည်တိုးတက်မှုရရေးသည် အဂတိကင်းစင်ရေးနှင့် အများဆုံး ပတ်သက်စပ်ဆိုင်နေသည်ပဲ ဖြစ်ပါသည်။
အမှန်တကယ် ပြည်သူလူထု တိုးတက်ဖွံ့ဖြိုးမှုကို လိုလား သည်ဆိုပါမူ အဂတိကင်းစင်ရေး၊ အဂတိပပျောက်ရေးကို အုပ်ချုပ် ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် အတူ ပြည်သူလူထုအပေါင်း ညီညီညွတ်ညွတ်ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ၉ ဒီဇင်ဘာ၊ ၂၀၁၉ နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုလိုက်ပါကြောင်း။ ။

No comments:

Post a Comment