Tuesday, December 31, 2019

ရန်ကုန်နှင့် မန္တလေး၌ မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ဝန်ထမ်းများ နားရက်မယူ အထူးဝန်ဆောင်မှုပေးခြင်းကြောင့် ပြည်သူများ အချိန်မီယာဉ်သက်တမ်းတိုနိုင်




Image may contain: 1 person, tree, car, plant and outdoor
နေပြည်တော် ဒီဇင်ဘာ ၃၀



၂၀၁၉ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလ နောက်ဆုံး ရက်သတ္တပတ်များအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေး တိုင်းဒေသကြီးရုံးများ၌ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်လိုသည့်ယာဉ်များ ပုံမှန်ထက် သုံး၊ လေးဆ ပိုမိုများပြားခဲ့သည့်အတွက် ၎င်းရုံးများမှ ဝန်ထမ်းများ အနေဖြင့် အစိုးရရုံးပိတ်ရက်များကို နားရက်မယူဘဲ အချိန်ပို ဆင်း၍ အထူးဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် ထိုသို့ အပင်ပန်းခံကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်း လာရောက်ဆောင်ရွက်သူပြည်သူများ အချိန်မီ ယာဉ် သက်တမ်းတိုးနိုင်ပြီး အဆင်ပြေချောမွေ့ခဲ့ကြောင်း သိရှိ ရသည်။
ပုံမှန်အားဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည့်ယာဉ်များသာ လကုန်ရက်မတိုင်မီ သက်တမ်းတိုးလာရောက် ဆောင်ရွက်လေ့ရှိကြသော် လည်း လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အမည်ပေါက်မှန်ကန်သော ယာဉ်များကိုသာ နှစ်လဲ မှတ်ပုံတင်သက်တမ်းတိုး လက်ခံဆောင်ရွက်ပေးတော့ မည်ဖြစ်ရာ အမည်ပေါက်မမှန်သောယာဉ်များ၊ ပြည်တွင်း အခွန်ရုံးများ၌ အခွန်မဆောင်လိုသော ယာဉ်များကပါ ယခုလကုန်အတွင်း အချိန်မီသက်တမ်းတိုးနိုင်ရန် စုပြုံ ကြိုးပမ်းကြသည့်အတွက် ယခုနှစ်၌ ပုံမှန်ထက် သုံး၊ လေးဆ ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပုံမှန် လုပ်ထုံးလုပ်နည်း အရ မှတ်ပုံတင်သက်တမ်းကုန်ဆုံးမည့် ရက်မှ ရက်ပေါင်း ၉၀ ကြိုတင်၍ သက်တမ်းတိုးခွင့်ပြုထား သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း သက်တမ်းကုန်ဆုံးမည့် ယာဉ်အများစု သည် ယခု ဒီဇင်ဘာလအတွင်း သက်တမ်းတိုးခွင့်ရှိနေ ခြင်းဖြစ်သည်။
ပုံမှန်ထက်ပိုမိုများပြား
“ဒီဇင်ဘာ ၁၆ ၊ ၁၇ လောက်ကတည်းက ရန်ကုန်နဲ့ မန္တလေးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး တွေမှာ သက်တမ်းတိုးယာဉ်တွေ ပုံမှန်ထက် ပိုမိုများပြား လာခဲ့ပါတယ်။ များလာတာကလည်း ယာဉ်ပိုင်ရှင်တွေ အနေနဲ့ လာမယ့်နှစ်ဆန်းကစပြီး အမည်ပေါက်မှန်မှသာ သက်တမ်းတိုး ဆောင်ရွက်ခွင့်ရှိတော့မှာ ဖြစ်တဲ့အတွက် အဲဒါကို လွတ်အောင် ဒီဇင်ဘာလကုန်ပိုင်းတွေမှာ စုပြုံ တိုးလာခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လာသမျှပြည်သူတွေကို အဆင်ပြေချောမွေ့အောင်၊ ပြီးစီးအောင် လက်ခံဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ရုံးချုပ်အနေနဲ့ ယာဉ်တွေ ပုံမှန်ထက်များ လာတဲ့အခြေအနေကို နေ့စဉ်သုံးသပ်နေပြီး အချိန်နဲ့ တစ်ပြေးညီ စီမံခန့်ခွဲဆောင်ရွက်ပေးခဲ့ပါတယ်။ ရုံးချုပ်နဲ့ ဝန်မပိတဲ့ရုံးတွေက ယာဉ်စစ်အင်ဂျင်နီယာဝန်ထမ်းတွေကို ထုတ်နုတ်ပြီး မနိုင်မနင်းဖြစ်နေတဲ့ရုံးတွေကို အချိန်မီဖြန့်ခွဲ တွဲဖက်တာဝန်ပေးခဲ့ပါတယ်။ ယာဉ်စစ်ရာမှာ မူလက ပုံမှန် လေးလိုင်း၊ ငါးလိုင်းနဲ့ စစ်ရာကနေ ခုနစ်လိုင်း၊ ရှစ်လိုင်း စသည်ဖြင့် တိုးစစ်နိုင်အောင်လုပ်ပေးခဲ့ပါတယ်။ ပုံမှန် မနက် ၈ နာရီမှ ရုံးဝင်းတံခါးဖွင့်ပေးပြီး ဝင်ခွင့်ပြုရာကနေ ရုံး အလိုက် မနက် ၅ နာရီ၊ ၆ နာရီကတည်းက ရုံးဝင်းတံခါး ဖွင့်ပေး၊ ယာဉ်တွေကို ဝင်ရောက်စေခဲ့ပြီး ရုံးအလိုက် မနက် ၆ နာရီ၊ ၇ နာရီခွဲလောက်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းအားလုံးစနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ညနေပိုင်းကျတော့လည်း ဝန်ထမ်းတွေ ည ၇ နာရီ၊ ၈ နာရီ၊ ၈ နာရီခွဲလောက်အထိ Wheel Tax ထုတ်ပေးတာ၊ Owner Book ထုတ်ပေးတာတွေ ပြီးပြတ် အောင် အပင်ပန်းခံဆောင်ရွက်ပေးခဲ့ပါတယ်။ ဘာပဲ ပြောပြော ဝန်ထမ်းတွေအနေနဲ့ လာရောက်ဆောင်ရွက်တဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူရပါတယ်” ဟု ရုံးချုပ်ယာဉ်မှတ်ပုံတင် ဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။
မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများအနေဖြင့် ဒီဇင်ဘာ ၂၃ ၊ ၂၄ ရက်များ၌ ညနေပိုင်း အချိန်ပိုဆင်းဆောင်ရွက်ပေးခဲ့သည့်အပြင် ရုံးပိတ်ရက် ဒီဇင်ဘာ ၂၆ ရက်တွင် ရုံးသို့ ကြိုတင်လာရောက်တန်းစီ စောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်များ လေး၊ ငါးရာ ခန့်အထိ များပြားနေကြောင်း တွေ့ရှိရသည့်အတွက် ၎င်းနေ့လယ်ပိုင်းမှစတင်၍ ချက်ချင်းရုံးဖွင့်ပြီး ယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင်လည်း ယာဉ်စီးရေများပြား သည့်အတွက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ရက် အစိုးရရုံးပိတ်ရက်များ ကိုပါ အနားမယူဘဲ လက်ခံသက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး သုံးရုံးအနေဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် ယာဉ်စီးရေပေါင်း ၁၃၀၀ နီးပါး၊ ဒီဇင်ဘာ ၂၄ ရက်တွင် ယာဉ်ပေါင်း ၁၂၀၀ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၆ ရက်တွင် ယာဉ်ပေါင်း ၈၀၀ ကျော်၊ ဒီဇင်ဘာ ၂၇ ရက် တွင် ၁၃၀၀ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၈ ရက်တွင် ယာဉ်ပေါင်း ၉၀၀ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၉ ရက် တွင် ယာဉ်ပေါင်း ၈၀၀ ကျော် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ဒီဇင်ဘာ ၃၀ ရက်တွင်မူ ယာဉ်စီးရေ ၄၂၈ စီးသာ ရှိသဖြင့် ညနေရုံးချိန်အတွင်း အပြီးသတ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။
ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ငါးရုံး၌လည်း ဒီဇင်ဘာ ၁၈ ရက်ဝန်းကျင်မှစ၍ ညနေပိုင်း ဆက်တိုက် အချိန်ပိုအလုပ်ဆင်းဆောင်ရွက်ပေးခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက်၌ ယာဉ်စီးရေအဆမတန် များပြားခဲ့ သည့်အတွက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ရက် အစိုးရရုံးပိတ်ရက်များ ကို အနားမယူဘဲ ယာဉ်များလက်ခံသက်တမ်းတိုး ဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ငါးရုံးအနေဖြင့် ဒီဇင်ဘာ ၂၃ ရက် တွင် ယာဉ်ပေါင်း ၄၂၀၀ ကျော်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ယာဉ်ပေါင်း ၄၁၀၀ ကျော်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ယာဉ် ပေါင်း ၅၉၀၀ နီးပါး၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၈ ရက်တွင် ယာဉ်ပေါင်း ၃၇၀၀ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၉ ရက် တွင် ယာဉ်ပေါင်း ၁၉၀၀ နီးပါး လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ သည်။ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၀ ရက်တွင်မူ ယာဉ်စုစုပေါင်း ၁၄၇၃ စီးသာ လာရောက်ခဲ့သည့်အတွက် နိုင်နိုင်နင်းနင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရုံးချိန်အတွင်း မှတ်ပုံတင်လုပ်ငန်းများအားလုံး ပြီးစီးခဲ့ကြောင်း သိရသည်။
ပြည်သူတွေလွယ်ကူအဆင်ပြေစေဖို့
“အဓိကကတော့ အခွန်ယဉ်ကျေးမှုမထွန်းကားသေး တဲ့ ပြဿနာပါပဲ။ ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့က ကိုယ်စီမံခန့်ခွဲကြီးကြပ်ရ တဲ့၊ ကိုယ်မှတ်ပုံတင်ထားတဲ့ယာဉ်တွေကို ပိုင်ရှင် အမည်ပေါက်မှန်ကန်စေချင်တာ၊ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေနဲ့ အချိန်ကိုက် အံဝင်ခွင်ကျဖြစ်စေချင်တာဖြစ်ပါတယ်။ ယာဉ်တွေ အမည်ပေါက်မမှန်ရင် ရှေ့မှာ ပြဿနာတွေ အများကြီးရှိတယ်။ ဒါကြောင့် ယာဉ်တိုင်း ပိုင်ရှင်အမည်ပေါက်မှန်အောင် တွန်းအားပေးဆောင်ရွက် နေရတာဖြစ်ပါတယ်။ ဌာနက ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ နေရာမှာ အခွန်ကိစ္စက လာနွှယ်နေတဲ့အနေအထားပါ။ ပိုင်ရှင်အမည် ပေါက်ပြောင်းတာက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုပ်ထုံးလုပ်နည်းအရ ဘာမှ မကုန်ကျပါဘူး။ ငွေကျပ်ငါးထောင်ပဲ သွင်းရတာပါ။ ကျန်တာကတော့ ပြည်တွင်းအခွန်ရဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးတွေမှာက လာရောက်လုပ်ငန်းဆောင်ရွက်တဲ့ ပြည်သူတွေ အဆင်ပြေ သက်သာစေဖို့ အခြားဌာနတွေကို လက်ခံပေးထားရတာ တွေရှိတယ်။ အာမခံရှိတယ်၊ ဘီးခွန်ကောက်တဲ့ စည်ပင်ရှိတယ်၊ ယာဉ်ထိန်းရဲယာဉ်မှု စစ်ရှိတယ်။ နောက် အခု ပြည်တွင်းအခွန်ပေါ့။ ဒီဌာနတွေ ရဲ့ လုပ်ငန်းတွေပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအလုပ်မှာ လာဆက်နွှယ်ပတ်သက်နေတဲ့အတွက် လိုသည်ထက် ပိုကြန့်ကြာနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဌာနတွေ ဖြစ်တဲ့အတွက်၊ ပြည်သူတွေ လွယ်ကူ အဆင်ပြေစေဖို့အတွက် လက်ခံပူးပေါင်းဆောင်ရွက်ပေး ရမှာပါပဲ။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကိစ္စသက်သက်ဆိုရင် အချိန်တိုအတွင်း သက်သောင့် သက်သာနဲ့ ပြီးစီးအောင် အလေးထားဝန်ဆောင်မှုပေးနေ ပါတယ်။ ဒါကို ပြည်သူတွေ ခွဲခြားသိမြင်နားလည်စေချင် ပါတယ်” ဟု ဦးသိန်းထွဋ်က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများကို ၂၀၁၁ ခုနှစ်မှ စတင်ဖြေလျှော့ ခွင့်ပြုပေးခဲ့ရာ ထိုအချိန်မှစ၍ မော်တော်ယာဉ်စီးရေသည် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပြီး မော်တော်ယာဉ်စီးရေ တိုးတက်လာသည့်နှင့်အမျှ ယာဉ်ကြောကျပ်တည်းမှုများ၊ ယာဉ်တိုက်ခိုက်မှုများ၊ ယာဉ်တိုက်ခိုက်မှုကြောင့် သေကျေ ပျက်စီးဒဏ်ရာရမှုများလည်း တိုးပွားခံစားလာခဲ့ရခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး မှတ်ပုံတင်ယာဉ်စီးရေသည် ၂၀၁၂ ခုနှစ် နှစ်ဆန်း၌ ၂ ဒသမ ၃ သန်းသာရှိခဲ့ရာမှ ယခု အချိန်တွင် ၇ ဒသမ ၃ သန်းကျော်အထိ ရှစ်နှစ်တာကာလ အတွင်း စုစုပေါင်း သုံးဆကျော် တိုးတက်လာခြင်းဖြစ်သည်။ မှတ်ပုံတင်ယာဉ်စီးရေ သုံးဆကျော် တိုးတက်လာသော် လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး များ၏ အကျယ်အဝန်း၊ အဆောက်အဦနှင့် ဝန်ထမ်း အင်အားမှာ ၂၀၁၁ ခုနှစ် အခြေအနေဝန်းကျင်သာ မပြောင်း မလဲ ရှိနေသဖြင့် ယခုကဲ့သို့ ဝန်နှင့်အားမမျှဖြစ်ရကြောင်း၊ သို့သော် ဌာနနှင့် ဝန်ထမ်းများအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ ပြင်ဆင်တိုးချဲ့နိုင်ရေးတင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရေရှည်အတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်း(Vehicle Inspection)ကို ပုဂ္ဂလိကကဏ္ဍမှ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ပြီးယာဉ်များ၏ ကြံ့ခိုင်မှုကို Multi Stage Test Lane များဖြင့် အသုံးပြု စစ်ဆေးသွားစေမည်ဖြစ်ကြောင်း၊ Vehicle Inspection ကို ပုဂ္ဂလိကကဏ္ဍ လုပ်ကိုင်ခွင့်ပြု နိုင်ရေးအတွက် ယခု ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအတည်ပြုပြီးချိန်တွင် ဆက်လက်ထုတ်ပြန် မည့် နည်းဥပဒေများ၌ ထည့်သွင်းပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဌာန၏ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေး ခြင်းဆိုင်ရာများကို Online Services ဖြင့် ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ယာဉ် စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင် ဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် တည် ဆောက်ခြင်း စီမံကိန်းကို KOICA ၏ ထောက်ပံ့ငွေ (ODA Grant) ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် လျက်ရှိရာ Record Of Discussion (ROD) ကို မကြာမီ နှစ်ဖက် လက်မှတ်ရေးထိုးရန်ရှိကြောင်း၊ RFID စနစ် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍လည်း Consultant Agency အနေဖြင့် Feasibility Study ဆောင်ရွက်လျက်ရှိပြီး မကြာမီ တင်ဒါလုပ်ငန်းစဉ်များ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ရုပ်ရှင်/ရုပ်သံအနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ




Image may contain: 3 people, crowd, wedding and indoor
ရန်ကုန် ဒီဇင်ဘာ ၃၀



ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ရုပ်ရှင်/ ရုပ်သံအနုပညာရှင် များ၊ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သူများအသင်းမှ တာဝန်ရှိ သူများ၊ ရုပ်ရှင်/ရုပ်သံ အနုပညာရှင် များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
မိတ်ဖက်အဖွဲ့အစည်းများဖြစ်
တွေ့ဆုံပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့် အမှာစကားပြောကြားရာတွင် ရုပ်ရှင် အဖွဲ့အစည်းများ၊ ရုပ်သံအဖွဲ့အစည်း များ၊ ရုပ်ရှင်လောကသားများ၊ ရုပ်မြင် သံကြား လောကသားများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ အကြား ရင်းနှီးချစ်ခင်ရန်၊ ရင်းနှီးကျွမ်းဝင်ရန် အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါကြောင်း။
လူမှုရေးကိစ္စများကူညီရန်
မိတ်ဖက် အဖွဲ့အစည်းများဟု ဆိုရာတွင် မိမိအနေဖြင့် မိတ်ဖက် အဖွဲ့အစည်းအကြောင်း ရှင်းပြလိုပါ ကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီး ဌာန၏ မိတ်ဖက်အဖွဲ့အစည်းများမှာ စာပေစာနယ်ဇင်း၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည်တို့ ဖြစ်ပါ ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် အသင်းအဖွဲ့များ ထူထောင် ရာတွင် အလုပ်အကိုင် ရည်ရွယ်ချက် တူညီသူများ စုပေါင်းပြီး တူညီသော အကျိုးစီးပွားကို ကာကွယ်ရန် ထူထောင်တာမျိုးရှိပါကြောင်း၊ ဥပမာ အနေဖြင့် အနုပညာမူပိုင်ခွင့် ကာကွယ်ရန် တစ်ဦးတစ်ယောက် တည်း လုပ်၍မရဘဲ စုဖွဲ့ပြီးလုပ်ရပါ ကြောင်း၊ တော်တော်များများ အနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ လုပ်ငန်းတူအချင်းချင်း သာရေးနာရေးကိစ္စများ၊ လူမှုရေး ကိစ္စများကူညီရန် အဝန်းအဝိုင်းတစ်ခု ထူထောင်ခြင်းဖြစ်ပါကြောင်း။
ချိတ်ဆက်ဆောင်ရွက်ရ
မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် ချိတ်ဆက်ဆောင်ရွက် ရပါကြောင်း၊ ရုပ်ရှင်လောကသားများဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်လောက သားများ အကျိုးစီးပွားကာကွယ်နိုင် ရန်အတွက် အသင်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စာပေ စာနယ်ဇင်း၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင် သံကြား စသည့်လောကသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရွှေတောင် ကြားလမ်းတွင်ရှိသည့် ရုပ်ရှင်ခြံဝင်းကို ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း။
ပီပီပြင်ပြင်ဆောင်ရွက်ရန်လို
မိမိတို့ရုပ်ရှင်သည် နိုင်ငံတကာ တွင် ထိုးဖောက်နိုင်မည့် အနေအထား တွင် ရှိနေပါကြောင်း၊ ထိုးဖောက်နိုင် မည်ဟုလည်း မိမိအနေဖြင့် ယုံကြည် ပါကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့်လည်း ယနေ့အချိန်အခါ သည် ရုပ်ရှင်နှစ် ၁၀၀ ပြည့်နှင့် ကြုံကြိုက်ရသည့် အချိန်အခါကောင်း ဖြစ်ပါကြောင်း၊ အင်မတန်မှ ဝမ်းသာ စရာ ကောင်းပါကြောင်း၊ ရုပ်ရှင်နှစ် ၁၀၀ ပြည့်အား ပီပီပြင်ပြင်ဆောင်ရွက် ရန်လိုပါကြောင်း၊ မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်အစည်း အရုံး၊ ရုပ်ရှင်လောကသားများနှင့် အတူ ရုပ်ရှင်နှစ် ၁၀၀ ပြည့်ကို ဆင်နွှဲ ရန် စိတ်အားထက်သန်လျက်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက စည်သူ ဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီ ထွန်းလွင်နှင့် မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး တို့က အမှာစကား ပြောကြား ကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
သတင်းစဉ်

နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



Image may contain: 3 people, indoor
ရန်ကုန် ဒီဇင်ဘာ ၃၀ 



နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လိုအပ်ချက်များဖြည့်ဆည်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဌာနဖြစ်သည့် အတွက် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဌာနအလိုက်ဆောင်ရွက်ထားမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ် ဓာတ်အားဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အနာဂတ်လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်ဟု အားလုံးသိရှိထားပြီး ဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
စီမံဆောင်ရွက်ထားပြီးဖြစ်
လျှပ်စစ်သုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ထုတ်လုပ်မှုကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်၍ သတ်မှတ်ရက်များတွင် အချိန်မီလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းဓာတ်အားလိုအပ်ချက်မှာ ၄၂၀၀ မဂ္ဂါဝပ် ခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အောင် ထုတ်လုပ်မှုအပိုင်းတွင်လည်း အချိန်တိုကာလအတွင်း မိမိတို့ လိုအပ်သည့် ဓာတ်အားပြည့်မီစေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် ထွက်ရှိလာ မည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့မှာလည်း အရေးပါလျက်ရှိပါကြောင်း။
ကြိုတင်ဆောင်ရွက် ထားရန်လို
ထို့အပြင် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုအပိုင်းတွင် မမျှော်မှန်းနိုင်သော ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများ၏ ထုတ်လုပ်မှုအပိုင်းကို ရေအားလျှပ်စစ်အပါအဝင် Generation Mix ဖြင့် ဖြည့်စွက်မောင်းနှင်ပေးရန် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ပို့လွှတ်မှုအပိုင်းကိုလည်း သတ်မှတ် Planned, Shutdown အပြင် မမျှော်မှန်းနိုင်သောကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်မီပြုပြင်နိုင်ရန် အရန်စက်များ၊ ပိုက်လိုင်းများ၊ လူ၊ ယန္တရားများကို အသင့်စုဖွဲ့ထားရန် လိုအပ် ကြောင်း၊ နွေရာသီကာလတွင် ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်း ကဏ္ဍသည်လည်း အရေးကြီးသဖြင့် ကြိုတင်၍ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများ ကို ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လိုင်းသန့်ရှင်းရေးပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားရန်လိုအပ်ကြောင်း။
အလေးထားဆောင်ရွက်
သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများ အနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ် နိုင်ရန် စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပို့လွှတ်မှု/ဖြန့်ဖြူးမှုအပိုင်းတို့ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် ရရှိသည့် အချိန်၊ ရရှိသည့်ဘဏ္ဍာငွေမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ အနေဖြင့် ပြည်သူလူထုသိရှိအောင် ချပြရှင်းလင်းရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် Customer Ser-vices ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပိုင်းတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့်လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အား ပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မည့်အစီအမံများ၊ တိုးတက်သုံးစွဲလာမည့် ဝန်အားအခြေအနေ၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက် သွားမည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး အတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများက ခရိုင်အလိုက် အဆင့် မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း၊ ဆောင်ရွက်နေမှု၊ ဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်



Image may contain: 1 person, sitting, wedding, table and indoor
နေပြည်တော် ဒီဇင်ဘာ ၃၀



ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
မျှော်မှန်းဆောင်ရွက်
အစည်းအဝေးတွင် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် သီးနှံပြောင်းလဲ စိုက်ပျိုးခွင့်တင်ပြလာခြင်းကို အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှု ထိခိုက်မှုမရှိပါက စိစစ်ပြီး ဥပဒေနှင့် အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ ဆန်စပါးစိုက်ပျိုးသော ဧရိယာ နှင့် အထွက်နှုန်းအခြေအနေအရ ပြည်တွင်းစားသုံးဖူလုံမှုအပြင် ၄၀ ရာခိုင်နှုန်း ပိုလျှံမှုရှိနေသော်လည်း ရေရှည်တွင် တိုးပွားလာမည့်လူဦးရေ နှင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေး အတွက် မျှော်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
ယခုအစည်းအဝေးတွင် တင်ပြ မည့် နိုင်ငံနှင့် တစ်ဝန်း တောင်သူ လယ်သမားများအပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များ၊ ဌာန ဆိုင်ရာများ၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာမှု ကိစ္စရပ်များအပေါ် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး စွမ်းအားကိုလည်း တစ်ဖက်တစ်လမ်း မှ မထိခိုက်စေရေးကို သတိပြုပြီး နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု ၏ အကျိုးကို ရှေးရှု၍ အနည်းဆုံး လိုအပ်သည့် ပမာဏကို ခွင့်ပြုပေးနိုင် ရေး၊ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးအချိန်မီပေးချေရန် ကိစ္စရပ် များအတွက် ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့ဝင်များက တည်ဆဲ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် နိုင်ငံတော်စီမံကိန်း များတွင် ပါဝင်သွားသည့်လယ်ယာမြေ များအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံ တင်ပြပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်း စာတွဲများကို ရှင်းလင်းတင်ပြ ကြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး ကြသည်။
စိစစ်ခွင့်ပြုပေးလျက်ရှိ
လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားလာသော လုပ်ငန်းများတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးအခြေအနေ၊ အလုပ် သမားများရရှိနိုင်မှု၊ မြို့ရွာနှင့် ထိစပ် နိုင်မှု၊ သုံးစွဲရေ ရရှိနိုင်မှု စသည့် အချက်များအပေါ် အခြေခံကာ ဖြစ် မြောက်နိုင်မှု အခြေအနေအပေါ် မူတည်၍ စိစစ်ခွင့်ပြုပေးလျက်ရှိသည့် နည်းတူ နိုင်ငံ၏ ထုတ်ကုန်စွမ်းအား တိုးတက်ရေး အခြေခံအဆောက်အဦ များဖြစ်သည့် စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးလုပ်ငန်း များအတွက် လယ်ယာမြေကို အခြား နည်းအသုံးပြုခွင့် တင်ပြတောင်းခံ လာမှုများအပေါ် နိုင်ငံတော်၏ စားနပ် ရိက္ခာဖူလုံရေး အမျိုးသားအကျိုး စီးပွားနှင့် သက်ဆိုင်သည့် လယ်ယာမြေ မလျော့ပါးရေးကို အလေးထားစိစစ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များ ရှင်းလင်း




Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၃၀



ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
ရှင်းလင်းတင်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းအစီအစဉ်သစ်များကို အစပျိုး စတင်ဆောင်ရွက်ခြင်းနှင့် ယခင်ရှိပြီး လုပ်ငန်းများ ကို အစမှထပ်မံဆောင်ရွက်ခြင်းတို့ကို ပြုလုပ် မည်မဟုတ်ဘဲ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များ၊ အစီအစဉ်များကိုသာ လိုအပ်သလို အနည်းငယ် ပြုပြင်မွမ်းမံပြီး ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စောစီးစွာအကောင်အထည် ဖော် ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။
ထို့ကြောင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေ လျာထားသတ်မှတ်မှုများ၊ ပြောင်းလဲလာသည့် ယေဘုယျလုပ်ငန်းအစီအစဉ် (13th General Program of Work, 2019 - 2023) များ၊ ဦးစားပေး မဟာဗျူဟာပန်းတိုင်များ၊ စီမံချက်လုပ်ငန်းစဉ်များ၊ ရည်မှန်းလျာထားချက်များနှင့် ရန်ပုံငွေအဆိုပြု တောင်းခံရန်အချက်များ စသည်တို့ကို ခြုံငုံသိရှိ နားလည်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးစီမံချက် များ၏ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက် ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးစားပေးစီမံချက် လုပ်ငန်းစဉ်များနှင့် လမ်းကြောင်းတူ ကိုက်ညီမှု ရှိစေရေး၊ လုပ်ငန်းများ ထပ်မနေစေရေးတို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများ၊ တာဝန်ရှိသူများနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသော ရန်ပုံငွေများကို နိုင်ငံအတွက် အကျိုးရှိ ထိရောက်စွာ၊ အလေအလွင့်နည်းပါးစွာဖြင့် အသုံးချဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Technical Officer Dr. Mohammad Shahjahan,Technical Officer Dr.Rahman နှင့် ဒေါ်လှလှအေးတို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၃) ကြိမ်မြောက် ယေဘုယျလုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေစီမံ ခန့်ခွဲမှုမူဘောင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့် အကြောင်းအရာအချက်အလက် များ၊ ယခုအချိန်အထိ အတည်ပြုထားရှိပြီးသော လုပ်ငန်းအစီအစဉ်များနှင့် ရရှိနိုင်သော ရန်ပုံငွေ အခြေအနေများ၊ လုပ်ငန်းစဉ်များကို အားဖြည့် ဆောင်ရွက်မည့်အစီအစဉ်များ စသည်တို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန် မြို့ ဆေးသုတေသနဦးစီးဌာန၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားရှိမှုများကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သုတေသနညီလာခံ ကျင်းပမှုကို လူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် အကျိုးရှိ ထိရောက်စွာ စီစဉ်ကျင်းပနိုင်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
သတင်းစဉ်

နှစ်ဟောင်းကို သင်ခန်းစာယူ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ယနေ့သည်ကား ကမ္ဘာသုံးပြက္ခဒိန်အရ ခရစ်နှစ် ၂၀၁၉ ခုနှစ်၏ နောက်ဆုံး နေ့ရက်ဖြစ်သည်။ မနက်ဖြန်တွင် ပြက္ခဒိန်အသစ်နှင့် ၂၀၂၀ နှစ်သစ် စတော့မည်။ မိမိတို့နေထိုင်ရှင်သန်ရာ မြေကမ္ဘာနှင့် နေ၊ လတို့၏ ပုံမှန်လှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် နေ့ညရာသီစက်ဝန်းတို့ကို ပိုင်းခြားသတ်မှတ်ကာ နေ့၊ ရက်၊ လ၊ နှစ် စသည်ဖြင့် မှတ်သားခေါ်ဝေါ် နေကြသော်လည်း အချိန်ကာလဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း အပိုင်းအခြားမရှိသည့်အရာသာဖြစ်သည်။ လူသားတို့ကမူ မိမိတို့ရှင်သန် ဖြတ်သန်းခဲ့ပြီးသည့် အချိန်ကာလကို အတိတ်ဟူ၍ လည်းကောင်း၊ ဖြတ်သန်းနေဆဲအချိန်ကာလကို ပစ္စုပ္ပန်ဟူ၍လည်းကောင်း၊ မဖြတ်သန်း ရသေးသည့်ကာလကို အနာဂတ်ဟူ၍လည်းကောင်း မိမိတို့၏ အတွေ့ အကြုံများနှင့်ယှဉ်ကာ အချိန်ကို ခွဲခြားသတ်မှတ်နေကြခြင်းပင် ဖြစ်သည်။
‌မိမိတို့ဖြတ်သန်းခဲ့ပြီးသည့် တစ်နှစ်တာကာလအတွင်းကို ပြန်ပြောင်း ကြည့်လျှင် အကောင်းနှင့်အဆိုးတို့ ရောပြွမ်းနေသည်ကို တွေ့ရမည်။ မိမိကိုယ်တိုင်နှင့်တကွ မိမိရှင်သန်ကျင်လည်ရာပတ်ဝန်းကျင်တို့အကြား အပြန်အလှန် အမှီသဟဲပြုမှု၊ တုံ့လှယ်မှုများတွင်လည်း အကောင်းနှင့် အဆိုးတို့ ရောထွေးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရှေးပညာရှိ သူတော်‌ကောင်းတို့ကမူ လူအဖြစ်ကို ရရှိလာသူတိုင်း မိမိအကျိုးထက် လောကအကျိုးကို ဦးစားပေးရန် တိုက်တွန်းခဲ့ကြသည်။ ကိုယ်ကျိုးစီးပွား အတွက် အားမထုတ်မီ မိမိတို့၏ ကိုယ်နှုတ်နှလုံးကိုကောင်းအောင် ပြုပြင်ကြရန်၊ လူဖြစ်ရုံ မည်ကာမတ္တမျှဖြင့် မနေကြဘဲ လူကောင်း ဖြစ်လာအောင် မိမိကိုယ်ကိုယ်တည်ဆောက်ကြရန်၊ ဉာဏ်ပညာနှင့် သစ္စာတရားတို့ကို ရှာဖွေကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
ထို့အပြင် ကောင်းဆိုးနှစ်တန် လောကဓံတို့ကို တွေ့ကြုံကြရသည် အခါ မတုန်မလှုပ်ဘဲခံယူနိုင်ကြရန်လည်း လိုအပ်လှသည်။ ၃၈ ဖြာ မင်္ဂလာတရားတော်တွင် “ဖုဋ္ဌဿလောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္ပတိ” လောကဓံတရားတို့နှင့် တွေ့ကြုံသော်လည်း စိတ်မတုန်လှုပ်ခြင်းကို မင်္ဂလာတစ်ပါးဟူ၍ သတ်မှတ်ထားသည်။ ပုထုဇဉ်တို့၏ သဘာဝ လောက ၏ ဓမ္မဖြစ်သော စီးပွားဥစ္စာတို့ တိုးပွားရရှိလာခြင်း၊ မိတ်ဆွေအပေါင်း အသင်းများနှင့် အခြံအရံများစွာ ရရှိလာခြင်း၊ အောင်မြင်မှုများနှင့် ဂုဏ်ပြုချီးမွမ်းမှုများကို ရရှိလာခြင်းတို့ရှိနိုင်သလို စီးပွားပျက်၊ ဥစ္စာဓန ဆုံးရှုံး၊ ဆွေမျိုး မိတ်သင်္ဂဟမိသားစုများ ပျက်စီးပြိုကွဲမှုကြုံ၊ ရှုံးနိမ့်ကျဆုံး မှုနှင့် ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းတို့နှင့် ရင်ဆိုင်ရခြင်းတို့ကိုလည်း ကြုံတွေ့ နိုင်သည်သာဖြစ်သည်။ ကောင်းသည့်လောကဓံကို တွေ့ကြုံရခိုက်တွင် ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် တုန်လှုပ်ကြသလို ဆိုးသည့်လောကဓံများနှင့်တွေ့ကြုံရသည့်အခါတွင်လည်း ဝမ်းနည်းပူဆွေးစိတ်ဖြင့် တုန်လှုပ် တတ်ကြသည့် လူ့သဘာဝကို သတိတမန်ဉာဏ်မြေကတုတ်ဖြင့် ဆင်ခြင် ကာ ပကတိတုန်လှုပ်ခြင်း အလျှင်းမရှိဘဲ ခံယူနိုင်ကြခြင်းသည်လည်း လူကောင်းသူကောင်းတို့၏ စရိုက်လက္ခဏာများပင်ဖြစ်သည်။
ဖြတ်သန်းခဲ့ပြီးသည့် နေ့ဟောင်း၊ ရက်ဟောင်း၊ လဟောင်း၊ နှစ်ဟောင်းတို့မှာ ပြန်မလာနိုင်တော့သည့် အတိတ်ကာလတို့ ဖြစ်သွား ခဲ့ပြီ။ ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသည့်ကာလများအတွင်း မိမိဘာတွေလုပ်နိုင်ခဲ့ပြီလဲ၊ မိမိကိုယ်တိုင်အတွက် မိမိ၏ ပတ်ဝန်းကျင် နှင့် မိမိ၏ လူ့အဖွဲ့အစည်းအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိ၏အဖွဲ့ အစည်းတွင် မိမိ၏ အခန်းကဏ္ဍက ဘာလဲစသည်ဖြင့် ပြန်လည်ဆန်းစစ် ပါက ရောက်ဆဲ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တို့ကို သတ်မှတ်နိုင်လိမ့်မည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့်မူ အတိတ်ကာလကို ဖြတ်သန်းခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အမှားအယွင်း များနှင့် အားနည်းချက်များကို သင်ခန်းစာယူပြုပြင်ကာ ရှေ့ဆက်ရမည့် ဘဝခရီးအတွက် အားသစ်အင်သစ်များဖြင့် လျှောက်လှမ်းနိုင်ကြပါ စေကြောင်း။ ။

Monday, December 30, 2019

အယ်ဒီတာ့ အာဘော်
================
ငြိမ်းချမ်းမှ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့
Image may contain: text
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရမီ နှစ်အနည်း ငယ်ခန့်မှစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့လေပြီ။ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့လက်အောက်ခံ ဖြစ်ခဲ့ရခြင်းသည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ် စစ်တလင်း ဖြစ်ခဲ့ရခြင်းသည်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းရာမှစ၍ နိုင်ငံရေး အယူအဆများ ကွဲပြားလာခြင်းသည်လည်းကောင်း၊ ကိုလိုနီခေတ်က ဖန်တီး ခဲ့သည့် သွေးခွဲမှုအမျိုးမျိုး၊ ပြဿနာအဖုံဖုံသည်လည်းကောင်း ပြည်တွင်း မငြိမ်းချမ်းမှု သန္ဓေတည်ရန် အကြောင်းရင်းများပင် ဖြစ်သည်။
လွတ်လပ်ရေးရရှိစကာလက စစ်ဘေးစစ်ဒဏ်ကြောင့် နာလန်ထစ လူမမာကဲ့သို့ရှိနေစဉ် တိုင်းပြည်ကို ပြန်လည်ပြုစုပျိုးထောင်ရမည့်အစား ပြည်တွင်းသောင်းကျန်းမှု၊ နိုင်ငံရေးအင်အားစုများအတွင်းမှ ပြင်းထန်သော ပဋိပက္ခဒဏ်ရာဒဏ်ချက်များကြောင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးကို အရာထင်အောင် မလုပ်နိုင်ခဲ့ပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးခေတ်ဦးမှစတင်၍ နိုင်ငံကိုအုပ်ချုပ်လာခဲ့သော အစိုးရအဆက်ဆက်တို့သည် ပြည်တွင်း မငြိမ်းချမ်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခမျိုးစုံတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းခဲ့ရသည်။ ပြည်တွင်းမငြိမ်းချမ်းမှု သက်ဆိုးရှည်နေရခြင်း အကြောင်း အမျိုးမျိုးရှိသည့်အနက် ပြည်ပစွက်ဖက်မှုသည်လည်း အရေးကြီးသည့် အချက်ဖြစ်သည်ကိုလည်း သတိမူရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြည်တွင်းမငြိမ်းချမ်းမှုပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာအနှောင့်အယှက်ဖြစ်စေသည်မှာ ငြင်းပယ်၍ မရနိုင်ပေ။ ပြည်တွင်းမငြိမ်းချမ်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခများ မည်သို့ ပေါ်ပေါက်လာသည်၊ မည်သို့ဆက်လက်ရပ်တည်ကြသည်ဆိုသည့် ဖြစ်စဉ် များကို လေ့လာမည်ဆိုလျှင် ပြည်တွင်းမငြိမ်းချမ်းမှုပြဿနာကို ဖြေရှင်းရန် တစ်စုံတစ်ရာအကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်သော ပြည်တွင်းမငြိမ်းချမ်းမှုကို အဆုံးသတ်စေရန်မှာလည်း အစိုးရ တစ်ဖွဲ့တည်းသော်လည်းကောင်း၊ တပ်မတော်တစ်ရပ်တည်းအနေဖြင့် သော်လည်းကောင်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကပါ သဘောပေါက်နားလည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှသာ ငြိမ်းချမ်းရေးခရီး နီးနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်လျှင် တစ်တိုင်းပြည်လုံးဖွံ့ဖြိုးရေးကို မလုပ်ဆောင်နိုင်ဘဲ ရှေ့မတက်နိုင်သည့် ဒုံရင်းဘဝဖြင့် သူတစ်ပါးနိုင်ငံများနောက် ဆက်လက် ရောက်ရှိနေမည်ဖြစ်သည်။
ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသောအချက် ဖြစ်၍ နိုင်ငံတော်အစိုးရက အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးကို အလေးထားလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းများတွင် ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ဖြင့် နားလည်မှုပေးခြင်း၊ သည်းခံခြင်း၊ ယုံကြည်ခြင်းတို့ကိုအခြေခံ၍ ဆွေးနွေးအဖြေရှာနေဆဲဖြစ်သည်။ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးကို သုံးသပ်ကြည့်မည်ဆိုပါက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးမရမီ သန္ဓေတည်ကာလ၊ လွတ်လပ်ရေးရပြီးဖြေရှင်းချိန်ကာလ၊ ပြိုလဲကျဆုံးလာသောကာလနှင့် အသွင်ပြောင်းလဲရပ်တည်ရှင်သန်လာသောကာလဟူ၍ တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုမရရှိသေးခြင်းသည် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရသော ကြောင့် ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းသည် ယုံကြည်ချက် သက်သက်သာမဟုတ်တော့ဘဲ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ စီးပွားရေးအရ ပယောဂမျိုးစုံတို့ ရောထွေနေခြင်းကြောင့် ဆက်လက်ဖြစ်တည်နေသည်ကို သတိမူဆင်ခြင်ပြီး မိမိနိုင်ငံနှင့် မိမိလူမျိုး ရေရှည်အကျိုးစီးပွားအတွက် လက်နက်ကိုင်နည်းလမ်းများအစား နိုင်ငံတော်ကဖော်ဆောင်နေသည့် တိုင်းရင်းသားလူမျိုးများအားလုံးအကျိုးစီးပွားကိုရှေးရှုသည့် အစီအမံများ တွင် ပါဝင်လုပ်ဆောင်ကြရမည်ဖြစ်သည်။
နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်နေခြင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှု ထိခိုက်စေခြင်းတို့ ကြာရှည်နေခြင်းသည် နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ယိမ်းယိုင်အားနည်း လျော့ရဲ စေသောအချက်များဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်အသိုက်အဝန်း တွင်မဆို စည်းလုံးညီညွတ်မှု ကိုယ်ခံအားမတောင့်တင်းပါက တိုင်းပြည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအား ထိပါးခြိမ်းခြောက်မှုရှိလာပြီး အန္တရာယ်များဖြစ်လာနိုင်သည်ကို တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများအားလုံး သတိမူရမည်ဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး စည်းလုံးညီညွတ်မှုကို မြဲမြံခိုင်ခံ့အောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

ရာသီဥတုအပြောင်းအလဲနှင့်အညီ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



 
ရာသီဥတုအပြောင်းအလဲက မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ် လာသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်များမှ သွေဖည်လာသည့်အခါ ပြောင်းလဲ လာသည့် ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်တွင်လည်း အလုပ်ဖြစ်မည့် သီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးကြရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ ယခင်အတိုင်း သမားရိုးကျစိုက်ပျိုးနည်းပုံစံများအစား ပုံစံသစ်၊ နည်းပညာ သစ်များကို ကျင့်သုံးကြရတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် မိုးရာသီတွင် ပုံမှန်ထက် မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး နိုင်ငံတစ်ဝန်းတွင်ရှိသည့် ဆည်များကို ရေအဝင်နည်းခဲ့သည့်အလျောက် ယခုဆောင်းနှင့် နွေတို့တွင် သီးနှံစိုက်ပျိုးမှုပုံစံများ ပြောင်းလဲသွားရမည် ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ များက တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်နေကြသည်ကို သတင်းများတွင် တွေ့မြင်နေရသည်။ အထူးသဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင်ရှိသည့် ဆည်များ၌ ရေဝင်ရောက်မှု နည်းပါးခဲ့ရာ လာမည့် နွေသီးနှံစိုက်ပျိုးရာသီတွင် ပုံမှန်သမားရိုးကျ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်နိုင်ကြောင်းနှင့် ရေမြေဒေသ နှင့်ကိုက်ညီသင့်တော်သည့် ဈေးကွက်ဝင်သီးနှံကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ဆည်ရေသောက်ဧရိယာများအတွင်းရှိ သီးနှံ စိုက်တောင်သူများအနေဖြင့် ဆည်ရေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းရေး၊ အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ရေးနှင့်အတူ သီးနှံပုံစံပြောင်းလဲရေး၊ သီးနှံအမျိုးအစားရွေးချယ်ရေး၊ စိုက်ပျိုးနည်း စနစ်များနှင့် ပြုစုစောင့်ရှောက်မှုများစသည့် လိုအပ်ချက်များအတွက် မိမိတို့နှင့် နီးစပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနရုံးများနှင့် ဆက်သွယ်နိုင်ကြောင်းနှင့် တောင်သူများ ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန်အတွက် သက်ဆိုင်ရာဌာနများ သို့ မှာကြားထားရာ ဒေသအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူများ၏ အခက်အခဲများကို လက်တွေ့ကျကျ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ကြလိမ့်မည်ဟု ယုံကြည်မိသည်။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် မိမိတို့သည်လည်း မဖြစ်မနေ ရင်ဆိုင်ရမည်သာဖြစ်သည်။ အပြောင်းအလဲပြုလုပ်ရာတွင် စိုးရိမ်ပူပန်မှုတို့ ရှိကောင်းရှိမည်ဖြစ် သော်လည်း တောင်သူအချင်းချင်း၊ တောင်သူနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည် နှင့်အမျှ အခက်အခဲနှင့် စိုးရိမ်ပူပန်မှုတို့ကို ကျော်လွှားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တောင်သူများ အများဆုံးစိုက်ပျိုးကြသည့် သီးနှံများဖြစ် သည့် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကို စိုက်ပျိုးကြရာတွင် လက်ရှိ အခြေအနေအရ ရာသီဥတုဒဏ်ခံနိုင်ပြီး ရေလိုအပ်ချက်နည်းသည့်မျိုးများ၊ သက်တမ်းတိုသည့်မျိုးများကို ရွေးချယ်ကြရန် အကြံပြုထားပြီး ဒေသ အလိုက် ကိုက်ညီသည့် သီးနှံပုံစံနှင့် သီးနှံအမျိုးအစားတို့ကို ရွေးချယ် စိုက်ပျိုးသွားကြရန် ပညာရှင်များက တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
ဥပမာအားဖြင့် ဆည်ရေအခြေအနေပေးသော ဒေသများတွင် စပါး ကို အခြေခံ၍ မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်းသီးနှံပုံစံ၊ ဆည်ရေ မလုံလောက်ပါက စပါးအပြီးတွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ (သို့မဟုတ်) သက်တမ်းတို စပါးသီးနှံပုံစံ၊ မိုးကောင်းသောက်လယ်များတွင် သက်တမ်းတိုစပါး အပြီး နှမ်း၊ ပဲစင်းငုံ/ မြေပဲသီးနှံပုံစံတို့ကို စိုက်ပျိုး ရန်အတွက် ပညာရှင်များက အကြံပြုထားသည်။ မိမိတို့နိုင်ငံ၏ အဓိက စားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးကို စိုက်ပျိုးခြင်းနှင့်အတူ ဈေးကွက်ဝင် သီးနှံများကို သီးနှံပုံစံရွေးချယ်ကာ စိုက်ပျိုးရာသီတစ်နှစ်အတွင်း တစ်နေရာတည်း၌ပင် သီးနှံနှစ်ကြိမ်မှ သုံးကြိမ်ပုံစံချ စိုက်ပျိုးခြင်းဖြင့် စိုက်စွမ်းအားမြှင့်တင်ကာ ပြောင်းလဲလာသည့် ရာသီဥတုကို ရင်ဆိုင် နိုင်ကြပါစေကြောင်း။ ။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး စာသင်ကျောင်းများတွင် ဘောလုံးအားကစားနှင့် ပိုမိုထိတွေ့ကစားခွင့်ရရှိရေးအစီအစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်




Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၂၉



စာသင်ကျောင်းများတွင် ဘောလုံးအားကစားနှင့် ပိုမိုထိတွေ့ကစားခွင့်ရရှိရေး (FIFA football for schools) အစီအစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
အစည်းအဝေးတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဘောလုံးအားကစား ကို ထိတွေ့ကစားရန် အခွင့်အလမ်း ပိုမိုရရှိမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ Football for schools အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဘောလုံး အားကစားနည်းသည် မြန်မာတစ်နိုင်ငံ လုံးက စိတ်ပါဝင်စားသော၊ အထူး အားပေးသော အားကစားနည်းတစ်ရပ် ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ဘောလုံး အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် ဘောလုံး အားကစားနှင့် ပိုမိုထိတွေ့ကစားခွင့်ရရှိရေးနှင့် ဘောလုံးပြိုင်ပွဲများ ပိုမို ကျင်းပနိုင်ရေးတို့အတွက် ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့နှင့် လက်တွဲပြီး လမ်းပြ မြေပုံနှင့် လုပ်ငန်းမူဘောင်များ ချမှတ် ကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးသင်ရိုး ညွှန်းတမ်းအသစ်အရ အားကစားနှင့် ကာယပညာဘာသာ ရပ်ကို ကျောင်းသား၊ ကျောင်းသူတိုင်း သင်ယူရမည်ဖြစ်ပြီး လတ်တလော အချိန်သည် အကူးအပြောင်းကာလ ဖြစ်၍ အတန်းတိုင်း ဆောင်ရွက်နိုင် ခြင်း မရှိသေးပါကြောင်း၊ Football for schools အစီအစဉ် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီး ဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ခင်မာထွေး၊ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် တို့က မြန်မာနိုင်ငံ ဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးရေးအတွက် ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နေအိမ်၌ ကျင်းပသည့် ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲ တက်ရောက်




Image may contain: 9 people, people smiling, people standing and indoor
နေပြည်တော် ဒီဇင်ဘာ ၂၉



ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏နေအိမ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်ကြသည်။
နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့ ၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သိက္ခာတော်ရဆရာတော်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက် ကြသည်။
အထူးဆုတောင်းမေတ္တာပို့သ
နေ့လယ်စာစားပွဲတွင် နေပြည်တော်ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးက ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံသူနိုင်ငံသားများအတွက် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာရရှိစေရန် အထူးဆုတောင်းမေတ္တာပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ခရစ္စမတ်အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသူများက ခရစ္စမတ်ဓမ္မတေးသီချင်းကို သီဆို၍ ဂုဏ်တော်ချီးမွမ်းကြသည်။
ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးလဇက်က ကျေးဇူးတော်ချီးမွမ်းပြီး ဆုတောင်းမေတ္တာပို့သသည်။
နေ့လယ်စာကို အတူတကွသုံးဆောင်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တက်ရောက်လာကြသူများသည် နေ့လယ်စာကို အတူတကွ သုံးဆောင် ကြသည်။
နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ မိသားစုဝင် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ သတင်းစဉ်

Sunday, December 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး




Image may contain: 2 people, people sitting and indoor
နေပြည်တော် ဒီဇင်ဘာ ၂၈



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အမှုဆောင်အဖွဲ့နှင့် ယနေ့နံနက်ပိုင်း တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး သည်။
ဂီတလောကတိုးတက်ရေးဆွေးနွေး
တွေ့ဆုံစဉ် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေး၊ ဂီတလောကသားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနှင့် ဂီတလောကစည်းလုံးညီညွတ်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ သတင်းစဉ်

မြန်မာဂန္ထဝင် အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ (၄၊ ၅၊ ၆)စာအုပ်များ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ




Image may contain: 17 people, people smiling, people standing and indoor
ရန်ကုန် ဒီဇင်ဘာ ၂၈



ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စီစဉ်ထုတ်ဝေမည့် မြန်မာဂန္ထဝင် အတွဲ(၁၀၀)စာစဉ်ဝတ္ထုရှည် အတွဲ (၄၊ ၅၊ ၆) စာအုပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာဂန္ထဝင် အတွဲ(၁၀၀) စာစဉ် ထုတ်ဝေရေးကော်မတီဝင်များ၊ စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သောပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင်သည့် စာရေးဆရာကြီးများ၏မိသားစုဝင်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကား ပြောကြားသည်။
မိတ်ဆက်စကားပြောကြား
ယင်းနောက် မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ်ထုတ်ဝေရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ဝတ္ထုရှည်အတွဲ(၄၊ ၅၊ ၆) နှင့်ပတ်သက်၍ စာစဉ်မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာအုပ်(၃)အုပ်တွင် စာစဉ်မိတ်ဆက်နိဒါန်းရေးပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေး ခဲ့ကြသည့် ပညာရှင်ကြီးများအတွက် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ရာ ပညာရှင် ကြီးများကိုယ်စား ဆရာဦးမော်လင်း(မိုးဇံ)က လက်ခံရယူသည်။
ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဝတ္ထုရှည် အတွဲ(၄) “တပင်ရွှေထီး” စာအုပ်ရေးသားသူဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မူပိုင်ခွင့်ဆက်ခံသူ တူဖြစ်သူ ဆရာဦးမြင့်ဦး(မောင်သင်းခိုင်-ပျဉ်းမနား)၊ ဝတ္ထုရှည် အတွဲ (၅)တွင် ပါဝင်သည့် “နားခံတော်”စာအုပ်ရေးသားသူ ဆရာကြီးရွှေစကြာ ဦးစိုးမြင့်၏ မူပိုင်ခွင့်ဆက်ခံသူကိုယ်စား ဆရာဦးကြည်ဝင်း(လောကအမွန်)နှင့် ဝတ္ထုရှည်အတွဲ(၅)တွင် ပါဝင် သည့် “ကောလိပ်ကျောင်းသား” စာအုပ်ရေးသားသူ ဆရာကြီးဇဝန၏ မူပိုင်ခွင့်ဆက်ခံသူများကိုယ်စား ဆရာကြီးဇဝန၏သမီးများ အား မူပိုင်ခွင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။
မူပိုင်ခွင့်ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝတ္ထုရှည်အတွဲ (၆)တွင် ပါဝင်သည့် “တို့မေမေ” စာအုပ်ရေးသားသူ ဆရာကြီးမဟာဆွေ၏ မူပိုင်ခွင့် ထိန်းသိမ်းရေးအဖွဲ့ဝင် ဆရာမ မဝိုင်း(ကံ့ကော်ဝတ်ရည်စာပေတိုက်)နှင့် ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “ပန်းသာမစာဥ” စာအုပ်ရေးသားသူ ဆရာကြီးသခင်ဘသောင်း၏ မူပိုင်ခွင့်ဆက်ခံသူ သမီးဖြစ်သူ ဒေါ်သစ်သစ် သောင်းအား မူပိုင်ခွင့်ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာဂန္ထဝင်အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ(၄)တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသည့် “တပင်ရွှေထီး”(၁၉၂၄)၊ စာစဉ်ဝတ္ထုရှည် အတွဲ (၅) တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး ရွှေစကြာ ဦးစိုးမြင့်ရေးသားသည့် “နားခံတော်” စာအုပ်(၁၉၃၂)နှင့် ဇဝန၏ “ကောလိပ်ကျောင်းသား” စာအုပ်(၁၉၃၇)၊ ဝတ္ထုရှည် အတွဲ(၆)တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး မဟာဆွေရေးသားသည့် “တို့မေမေ” (၁၉၃၆)နှင့် သခင်ဘသောင်း၏ “ပန်းသာမစာဥ” စာအုပ်(၁၉၃၆)တို့ ပါဝင် သည်။ သတင်းစဉ်

(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



Image may contain: one or more people, crowd, table and indoor
ရန်ကုန် ဒီဇင်ဘာ ၂၈



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မ သဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်
ဆက်လက်၍ အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိ သူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းမောင်က ဓမ္မာသန ပလ္လင်တော်များနှင့် ကနက္ကဒဏ်ထီးဖြူတော်များကို အဘိသေကမန္တန်တော်ဖြင့် ဘိသိက်သွန်း၍ ပလ္လင်တော်များထက်သို့ သာသနာ့အာဇာနည်များအား ပင့်လျှောက်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နဝကမ္မ အလှူငွေများ ဆက်ကပ်
မွန်းလွဲပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော် ကြီး၌ (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ၊ အာဂုံပြန်ဆိုနေသည့် သာသနာ့အာဇာနည်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၉၄၈ ခုနှစ်က စတင်ပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၇၂)ကြိမ်အထိ ကျင်းပနိုင်ခဲ့ ပြီးဖြစ်ကြောင်း၊ သက်တမ်း (၇၂) ကြိမ်အတွင်း ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုခြင်း နှင့် သဘောရေးဖြေစာမေးပွဲ အပြည့်အစုံ ပြီးစီးအောင်မြင်သော သာသနာ့ အာဇာနည် အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးကို ယနေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်အထိ ၃၃ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး ယနေ့ အာဂုံပြန်စာမေးပွဲတွင် သာသနာ့ အာဇာနည် ၆၃ ပါး ကြွရောက် အာဂုံပြန်ဆိုကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ ဝန်ထမ်းများအားလုံး အစိုးရ၏အုပ်ချုပ်ရေးယန္တရား တည်ငြိမ် ခိုင်မာအောင်၊ ထိရောက်ပျံ့နှံ့အောင် သစ္စာရှိရှိတာဝန်ထမ်းဆောင်



Image may contain: 1 person, sitting, standing, crowd, table and indoor
နေပြည်တော် ဒီဇင်ဘာ ၂၈



ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရဝန်ထမ်းများ နှင့် ဝန်ထမ်းဟောင်းများ တက်ရောက်ကြ သည်။
အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက် တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ထူထောင်ရာတွင် လိုက်လျောညီထွေ ဖြစ်အောင် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် လိုအပ် လာပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအဖွဲ့ရုံး နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဌာန(၂)ခုလုံးကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်တွင် ထည့်သွင်းဖွဲ့စည်းခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းပြီးသာယာ၀ပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုဖြစ်လာရန် ဖော်ဆောင်ရာတွင် “မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)”ကို မူဘောင် တစ်ခုအဖြစ် ထားရှိဆောင်ရွက်ကြရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း MSDP စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်း ချက်ထား အကောင်အထည်ဖော်နေခြင်း ဖြစ်ပါကြောင်း။
အဆိုပါ MSDP စီမံကိန်း၏ မဏ္ဍိုင်ကြီး(၃)ရပ်အနက် မဏ္ဍိုင်(၁)၏ ရည်မှန်းချက်တစ်ခု ဖြစ်သည့် ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance)ကို ဖော်ဆောင်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင် ပြောင်းလဲရေးမူဘောင် (၂၀၁၉) ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၃)ရပ်၊ နယ်ပယ်(၆)ခု၊ အသေးစိတ်လုပ်ငန်းစဉ်များ နှင့် အချိန်မူဘောင်များ ရေးဆွဲသတ်မှတ် အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း။
ယင်းပြုပြင်ပြောင်းလဲရေး မူဘောင် (၂၀၁၉)ပါ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်း ဝန်ကြီးဌာနအကြံပေး အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ဟောင်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သကဲ့သို့ အဓိက တာဝန်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအားလုံးကလည်း အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မိမိအနေဖြင့် အလေးအနက် တိုက်တွန်း ပါကြောင်း။
ရေတို/ရေရှည်စီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်နေ
ယခုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)နှစ်ပြည့် နှစ်ပတ်လည် ရောက်သည့်အချိန်တွင် အသွင်သဏ္ဌာန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း မျှော်မှန်းထားသကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဓိကကျသည့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ်ချက်ဆိုင်ရာ ပြန်လည်ဆန်းစစ်သုံးသပ်ရေးအဖွဲ့ (RRU-Regulatory Review Unit) နှင့် အုပ်ချုပ် စီမံပြုပြင်ပြောင်းလဲရေးအဖွဲ့ (MRU-Mana-gerial Reform Unit) အဖွဲ့များ ဖွဲ့စည်းကာ ရေတို/ရေရှည်စီမံကိန်းများ ရေးဆွဲချမှတ်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်နေသည်ကို အသိပေး ပြောကြားလိုပါ ကြောင်း။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေးမူဘောင် (၂၀၁၉)အရ ၂၀၁၉ ခုနှစ်အကုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များထဲက One State One Township စီမံကိန်းများကို တချို့မြို့နယ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ ကျန်မြို့နယ်များတွင်လည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
ထို့ပြင် ပြည်သူနှင့်အတူ (Together with the People)ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မြို့နယ်အလိုက် ပြည်သူကိုဗဟိုပြု ဆောင်ရွက် မည့် Town Hall Meeting များကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် အကောင်အထည် ဖော် ဆောင်ရွက်သည့်အခါတွင် အဓိက တာဝန်ရှိသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများကတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြပြီး ဝန်ကြီးချုပ်များ၏ ကြီးကြပ်ပါဝင်မှု များနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထူးချွန်သည့် သင်တန်းသားဝန်ထမ်းများ ဂုဏ်ပြုဆု ချီးမြှင့်ခံရ
ယနေ့ အခမ်းအနားတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (IDA-Institute of Development Administration) များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရ ဝန်ထမ်းများကို ဆုချီးမြှင့်သွားမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ ဆုများချီးမြှင့်ခြင်းသည် ဝန်ထမ်းများ၏ ကြိုးစားမှု၊ အရည်အသွေး ပြည့်ဝမှုအပေါ် ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ တစ်ဦးချင်းကြိုးစားမှု၊ အရည်အသွေးပြည့်ဝ မှုမှသည် အဖွဲ့အစည်းအလိုက် စွမ်းဆောင် ရည် ပြည့်ဝလာရန်အတွက် ရည်ရွယ်ပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းပင် ဖြစ်ပါ ကြောင်း၊ သင်တန်းများတွင် ထူးချွန်သည့် သင်တန်းသားဝန်ထမ်းများသည် ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ခံရရုံသာမက ရာထူးတိုးမြှင့် ရေးတွင်လည်း အချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။
အပြောင်းအရွှေ့ကိစ္စရပ်များတွင် မူဝါဒအသစ် ချမှတ်ဆောင်ရွက်နေ
မိမိတို့ဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာန များ၏ ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပွင့်လင်းမြင်သာမှုရှိရှိ မျှမျှတတ တတ်နိုင်သမျှ ကြိုးစား၍ ဆောင်ရွက်ပေး နေသည့်အပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ အပြောင်းအရွှေ့ ကိစ္စရပ်များတွင် မူဝါဒအသစ်ချမှတ်၍ ဆောင်ရွက်နေပြီး ယင်းပြောင်းရွှေ့ရေးမူဝါဒ များနှင့်အညီ ပွင့်လင်းမြင်သာမှုရှိအောင် ဝန်ကြီးဌာန Website ၊ ဦးစီးဌာန Website များပေါ်တွင် လွှင့်တင်နိုင်ရေး စတင်ဆောင် ရွက်နေပြီဖြစ်ပါကြောင်း။
ဝန်ထမ်းများအားလုံးသည် နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား တည်ငြိမ် ခိုင်မာအောင်၊ ထိရောက်ပျံ့နှံ့အောင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြရန် လိုပါကြောင်း၊
ပြည်သူအပေါ် သစ္စာရှိရန်၊ ပြည်သူတင်မြှောက်ထားသည့် အစိုးရအပေါ် သစ္စာရှိရန်နှင့် မိမိ၏ ဝန်ထမ်းအဖွဲ့အစည်း အပေါ် တွင် သစ္စာရှိစွာ တာဝန်ထမ်းဆာင်ကြခြင်းအားဖြင့် မိမိတို့၏ နိုင်ငံ့ဝန်ထမ်းဘဝကို တန်ဖိုးထားဂုဏ်ယူကြစေ လိုကြောင်း ပြောကြားလိုပါကြောင်း။
စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် တာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်
မိမိတို့ဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်က စတင်ပြီး အသွင်သစ်၊ အမြင်သစ်၊ မျှော်မှန်းချက်အသစ်များဖြင့် ပြည်သူများအတွက် အကျိုးရှိမည့် အလွယ်တကူသိမြင် နိုင်သည့် အပြောင်းအလဲများကို ဖန်တီးပေးရန် အခွင့် အလမ်းများကို စတင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မကြာခင် ရောက်ရှိလာမည့် ၂၀၂၀ နှစ်သစ်တွင်လည်း ပြည်သူ့ အကျိုးကို ထမ်းဆောင်နိုင်သည့် ပြည်သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဖြစ်လာရန် အစိုးရအဖွဲ့ရေးရာ ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါ ဝန်ကြီး ရုံးနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဓာတ် ခွန်အားအပြည့်ဖြင့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင် နိုင်ရန် တိုက်တွန်းပါကြောင်း၊ အပြုသဘောဆောင်သည့် အရွေ့တစ်ခုကို အစပြုပြီးဖြစ်သည့်အတွက် ရေရှည် စဉ်ဆက်မပြတ် စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်သွားစေ လိုကြောင်း ပြောကြားသည်။
စံပြသင်တန်းသား ဆုရဝန်ထမ်းများအား
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အုပ်ချုပ် ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (မင်္ဂလာဒုံ)၌ ဖွင့်လှစ် ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်းများတွင် ပထမဆုနှင့် ဒုတိယဆု ရရှိခဲ့ကြသူများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ် ခဲ့သည့် သင်တန်းများတွင် စံပြသင်တန်းသား ဆုများ ရရှိခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်မြင့်က အုပ်ချုပ် ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (မင်္ဂလာဒုံ) ၌ ဖွင့်လှစ် ခဲ့သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိနှင့် မြို့အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား ရေးသင်တန်းနှင့် စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင် ဝင်သင်တန်းများတွင် ပထမဆုနှင့် ဒုတိယဆုရရှိခဲ့ကြသူ များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် ထူးချွန်ဆု ရရှိကြသူများနှင့် လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ အကြံပေး အဖွဲ့ဝင်များ၊ ဝန်ထမ်းဟောင်းများနှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ခေတ်အဆက်ဆက် အုပ်ချုပ်ရေး
ပြုပြင်ပြောင်းလဲမှု မှတ်တမ်းကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မှတ်တမ်း Video နှင့် One State One Township စီမံကိန်းဆောင်ရွက်မှု မှတ်တမ်း မှတ်တမ်း Video တို့ကို ကြည့်ရှုကြသည်။
သတင်းစဉ်

အတိတ်သမိုင်းကို သင်ခန်းစာယူ လွတ်လပ်ရေးကို ထိန်းသိမ်းလက်ဆင့်ကမ်း


မြန်မာ့အလင်းအယ်ဒီတာအာဘော်



သတ္တလောကတွင် ခွန်အားကြီးသူကသာ နောက်ဆုံးတွင် ရှင်သန် ကျန်ရစ်နိုင်သည်ဟူသော အယူအဆတစ်ရပ်ရှိသည်။ အစာကွင်းဆက် အရ အကောင်သေးကို အကောင်ငယ်က စား၊ အကောင်ငယ်ကို အကောင်လတ်က စား ၊ အကောင်လတ်ကို အကောင်ကြီးက စားနှင့် နောက်ဆုံးတွင် အကောင်အကြီးဆုံးကသာ ကျန်ရစ်သည်ဟူသော ရှုထောင့်မှ ယူဆကြခြင်းဖြစ်သည်။ သို့ရာတွင် ပြောင်းလဲလာသည့် သဘာဝပတ်ဝန်းကျင်ကြီးနှင့် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲ နိုင်ခြင်းမရှိသောကြောင့် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ကမ္ဘာ မြေပေါ်တွင် ရှင်သန်ကျက်စားခဲ့ကြဖူးသည့် ဒိုင်နိုဆောကဲ့သို့သော သတ္တဝါကြီးများရှိခဲ့ဖူးကြောင်း အထောက်အထားများ တွေ့လာကြရသည့် အခါ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပတ်ဝန်းကျင်ပြောင်းလဲမှုတွင် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲနိုင်ရေးသည်လည်း အရေးပါ သည်ကို တွေ့ရှိလာကြရပြန်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာပါကလည်း ဆိုခဲ့ပါ သဘောတရားများကို အထင်အရှားတွေ့ရမည်ဖြစ်သည်။ ၁၈၈၅ ခုနှစ် ဆောင်းရာသီတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ကို နန်းချကာ ရေခြားမြေခြားရှိ မြို့ငယ်ကလေးတစ်မြို့ဆီသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းမခံရမီကာလအထိ မြန်မာနိုင်ငံသည် လယ်ယာ စီးပွားရေးကို အခြေခံသည့် မြေရှင်ပဒေသရာဇ်နိုင်ငံ တစ်နိုင်ငံသာ ဖြစ်ခဲ့သည်။ တစ်ကမ္ဘာလုံးအနေဖြင့်ကြည့်လျှင် မြန်မာနိုင်ငံတစ်နိုင်ငံ တည်းသာမဟုတ်၊ အရင်းရှင်စီးပွားရေးစနစ် ရှင်သန်ကြီးထွားနေပြီ ဖြစ်သည့် အနောက်ဥရောပနိုင်ငံတချို့မှလွဲ၍ ကျန်နိုင်ငံများ၊ အထူးသဖြင့် အာရှနှင့် အာဖရိကနိုင်ငံများစွာတို့မှာလည်း မြေရှင်ပဒေသရာဇ်စနစ် ထဲမှာပင် နေမြဲအတိုင်းရှိနေကြဆဲ။ ကမ္ဘာပေါ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနေပြီး ယင်းအပြောင်းအလဲများက မိမိတို့အပေါ် မည်သို့ အကျိုးသက်ရောက်လာနိုင်သည်ကို သိမြင်နိုင်စွမ်းမရှိကြဘဲ မိမိတို့ သည်သာ ကမ္ဘာကြီး၏ ဗဟိုအချက်အချာတွင် နေထိုင်ကြပြီး တန်ခိုး အင်အားအကြီးဆုံးဟူ၍ ယုံကြည်သူများကလည်း ယုံကြည် နေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အင်းဝခေတ်တွင် နိုင်ငံခြားသားတို့ ကုန်သည် များ၊ သာသနာပြုများအဖြစ် စတင်ရောက်ရှိလာကြပြီး ၎င်းတို့ထံမှ တစ်ဆင့် ကမ္ဘာကြီးအကြောင်းကို တစေ့တစောင်း သိရှိခဲ့ကြရသော်လည်း အနာဂတ်ကာလအထိ မျှော်တွေးနိုင်မှုအားနည်းခဲ့ကြသည်။ ထို့နောက် တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်တွင် ပြည်ပစွက်ဖက်မှုများနှင့် ဆက်လက်ကြုံတွေ့ခဲ့ရကာ မြန်မာနိုင်ငံနှင့် အနီးဆုံး နယ်မြေချင်းရော ယဉ်ကျေးမှုချင်းပါ ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံကြီးမှာ နယ်ချဲ့တို့၏ ကျွန်ပြုသိမ်းပိုက်မှုကိုခံရပြီးနောက် မိမိတို့မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ ခြိမ်းခြောက်ခံလာခဲ့ရခြင်းဖြစ်သည်။ ဆက်လက်၍ မြန်မာ့မြေပေါ်ကို ကျူးကျော်စစ်များ တစ်ကြိမ်ပြီးတစ်ကြိမ် ဆင်နွှဲ လာသည့် အချိန်ကျသည့် အခါမှ စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည့်တိုင်အောင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်း အထွေ‌ထွေအားနည်းချက်များ ရှိခဲ့သည့်အနက် အဆိုးရွားဆုံးမှာကား အချင်းချင်းစိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ပျက်ပြားနေခဲ့ခြင်းပင်ဖြစ်သည်။
အတိတ်သမိုင်းကို လေ့လာခြင်းသည် အကောင်းအဆိုးတို့ကို သင်ခန်းစာယူရန်အတွက် ဖြစ်သည်။ သမိုင်းကို သင်ခန်းစာယူပြီး နိုင်ငံ၏ အနာဂတ်ကို မှန်မှန်ကန်ကန် တည်ဆောက်နိုင်ရန်အတွက် ဖြစ်သည်။ နိုင်ငံတွင် စည်းလုံးညီညွတ်မှုအားကောင်းသည့် ကာလတိုင်းတွင် အဘက်ဘက်မှ အင်အားတောင့်တင်းခိုင်မာခဲ့ပြီး ပတ်ဝန်းကျင်နိုင်ငံ များကပါ လေးစားခန့်ညားခဲ့ရသည်ကို အတိတ်သမိုင်းတွင် လေ့လာ တွေ့ရှိ နိုင်သကဲ့သို့ စည်းလုံးညီညွတ်မှုပြိုကွဲသည့်အခါတိုင်း ကျူးကျော် စော်ကားခံရသည်များ၊ တန်ခိုးဩဇာမှေးမှိန်ခဲ့ရသည်များကိုလည်း တွေ့ရှိနိုင်သည်။ ကမ္ဘာတစ်ခွင်၌ ပြောင်းလဲလာနေသည့် ခေတ်ပြိုင် အခြေအနေများ၊ ကမ္ဘာ့မြင်ကွင်းများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး လိုက်လျောညီထွေစွာ ရှင်သန်ရပ်တည်နိုင်သည့် အမြော်အမြင်များဖြင့် နိုင်ငံကို တည်ဆောက်ကြရန်လည်း လိုအပ်သည်။
ပြည်တွင်းစည်းလုံးညီညွတ်မှုများ အားနည်းသည့်အခါ သွေးခွဲ သပ်လျှိုမှုများစွာတို့ ပေါ်ပေါက်လာခြင်းကိုလည်းကောင်း၊ စည်းလုံး ညီညွတ်မှု ပြိုကွဲသွားသည့်အခါတွင်မူ အချုပ်အခြာအာဏာနှင့်တကွ နယ်မြေပိုင်နက်တို့ လက်လွှတ်ဆုံးရှုံးရပြီး ကျူးကျော်လာသူတို့၏ ခြေဖဝါးအောက်တွင် အောက်တန်းစားနိုင်ငံသားများအဖြစ် နေထိုင် ခဲ့ကြရသည်ကိုလည်းကောင်း သမိုင်းသင်ခန်းစာတို့ကို ပြန်လည် သတိရကာ မိမိတို့ ဘိုးဘွားမိဘများ သွေးချွေးတို့ကိုစတေး၍ စည်းလုံး ညီညွတ်စွာ ပြန်လည်ရယူထားရသည့် လွတ်လပ်ရေးကို မိမိတို့ပခုံးပြောင်း တာဝန်ယူကြရသည့် အချိန်တွင်လည်း စည်းလုံးညီညွတ်စွာ ဆက်လက် ထိန်းသိမ်းရင်း အနာဂတ်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းကြရမည် ဖြစ်ပါကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီး မစ္စစ် အခိအဲအာဘေး SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်




Image may contain: 1 person, standing and child
ရန်ကုန် ဒီဇင်ဘာ ၂၈



SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်(တောင်ပိုင်း)ရပ်ကွက် ရှိ စီမံကိန်းဝင်းအတွင်း ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဇနီး မစ္စစ် အခိအဲအာဘေးတို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ၊ SHIN RAI COMPANY LIMITED မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြား ရာတွင် “ဒီနေ့ ကျွန်မတို့ဟာ ကျောင်းတစ်ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတစ်ကျောင်း ပန္နက်ရိုက်တာတင်မကပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ပန္နက်ရိုက်တာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာဆိုရင် အသက် မွေးဝမ်းကျောင်းပညာ၊ နည်းပညာစနစ်တွေ အင်မတန်မှ လိုအပ်နေပါတယ်။ ကျွန်မတို့ နိုင်ငံတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာပါ။ တစ်ကမ္ဘာလုံးက အခု ဘယ်လိုမြင်လာ ကြသလဲဆိုတော့ ပညာသင်တယ်ဆိုတာ တက္ကသိုလ်ဘွဲ့ရရုံ အတွက် သက်သက်လုပ်တာမဟုတ်ဘူး။ တက္ကသိုလ်ဘွဲ့ တွေရပြီးတော့ အလုပ်မရတဲ့ ကျောင်းသူ ကျောင်းသားများ၊ လူငယ်များဟာ တစ်ကမ္ဘာလုံးမှာ ရှိနေကြပါတယ်။ ဒါကြောင့်မို့ သင်တဲ့ပညာနဲ့ ရှိနေတဲ့အလုပ်နဲ့ တိုက်ဆိုင် အောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲဆိုတာ အများကြီး စဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ကို အင်မတန်မှခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းပညာရေး ကျောင်းများ၊ ပညာသင်ဌာနများနဲ့ ဆောက်တည်သွားမယ် လို့ ကျွန်မတို့ ဒီလိုပဲ ဆုံးဖြတ်ပါတယ်။
ပညာရေးစနစ်လိုအပ်ချက်များနေ
ဒီလိုဆုံးဖြတ်တဲ့နေရာမှာ ကျွန်မတို့က အားသာချက် ဘာတစ်ခုရှိလဲဆိုတော့ တစ်နည်းအားဖြင့်ဆိုရင် ဖွံ့ဖြိုးရေး နောက်ကျနေတာ ကျွန်မတို့ရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအရှိန်ရှေ့မှာရောက်နေတဲ့ နိုင်ငံတွေဟာဆိုရင် တက္ကသိုလ်ပညာရေးစနစ်ကို သိပ်ပြီးအားပေးခဲ့တဲ့အခါ ကျတော့ အခုမှနည်းပညာအားပေးတဲ့စနစ်ကို ပြောင်းလဲ ဖို့ဟာ ဒီလောက်မလွယ်ပါဘူး။ ကျွန်မတို့ကတော့ ပညာရေး စနစ်မှာ အင်မတန်လိုအပ်ချက်တွေ များနေတဲ့အခါကျတော့ တစ်ခါတည်း မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးသွားလို့ ရပါတယ်။ နည်းပညာဆိုတာလည်းပညာပါပဲ။ အသက် မွေးဝမ်းကျောင်း ပညာဆိုတာလည်းပညာပါပဲ။ ကျွန်မ ခဏခဏပြောပါတယ်။ ပညာဆိုတာ ကျွန်မတို့ ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်း မြှင့်တင်ပေးတာ။ ဒါပညာပေးတာပါပဲ။
အင်မတန်မှအားပေးနေ
ဘဝမှာ ရင်ဆိုင်ရမယ့်အရည်အချင်းတွေ စိန်ခေါ်မှု တွေကို ရင်မဆိုင်နိုင်ခဲ့ဘူးဆိုရင် သင်ထားတဲ့ပညာတွေဟာ တကယ်တော့ စာအုပ်ထဲမှာပဲရှိပြီး ကိုယ့်ရဲ့ဘ၀အတွက် အကျိုးမဖြစ်ပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်လည်း အကျိုးမဖြစ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ကနေပြီးတော့ အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာသင်ကြား တဲ့စနစ်တွေကို အင်မတန်မှအားပေးနေတာပါ။ ကမ္ဘာ ပေါ်မှာ အတိုးတက်ဆုံး အဖွံ့ဖြိုးဆုံးနိုင်ငံတွေတချို့မှာဆိုရင် တက္ကသိုလ်ပညာရေးစနစ်နဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်နှစ်ခုစလုံးမှာ ယှဉ်ပြိုင်ပြီးတော့သွားနေပါ တယ်။ ဘယ်ဟာက ပိုမြင့်သလဲ၊ ဘယ်ဟာကပိုနိမ့်သလဲ ပြောလို့မရပါဘူး။ နောက်ပြီးတော့ ပြည်သူ ပြည်သားများ၊ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသူ ကျောင်းသား မိဘများကပါ အသက်မွေးဝမ်းကျောင်းပညာရေး၊ နည်းပညာသင်ရေးစနစ်တွေကို အင်မတန်မှ လေးစားတယ်။ အားပေးတယ်။ နောက်ပြီးတော့ ယုံကြည်မှုရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ နောက်ဆုံးကျတော့ ဘဝမှာရပ်တည်ရေး အတွက် တက္ကသိုလ်ပညာရေးစနစ်နည်းတူ တန်ဖိုးရှိလို့ပဲ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့လူငယ်များနဲ့ လူငယ်များရဲ့ မိဘများကို လည်း အားပေးချင်ပါတယ်။ ဒီလိုခိုင်ခိုင်မာမာနဲ့ရတဲ့ပညာနဲ့ ရှိတဲ့အလုပ်နဲ့ စပ်ဟပ်စေမယ့်စနစ်တစ်ခု ထူထောင်နေ တဲ့အချိန်မှာ ဝိုင်းဝန်းပြီးအားပေးကြပါ။ အားပေးတာလည်း တွေ့ရပါတယ်။ အဲဒါအတွက်လည်း အင်မတန်မှ ဝမ်းသာ ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တော်တော်များများဟာ အခုဆိုရင် တက္ကသိုလ်ပညာရေးကိုသာ ဦးတည်တာမဟုတ် ဘဲနဲ့ အသက်မွေးဝမ်းကျောင်းပညာရေးဘက်ကို သွားချင် လာတာကိုမြင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာ သင်ပြီးတာနဲ့ အလုပ်လိုချင်ကြတယ်။ ဒါလည်း မှန်ကန်တဲ့ ရပ်တည်ချက်ပဲ။ ပညာသင်ပြီးတာနဲ့ ကိုယ့်ဟာကိုယ် ကိုယ့်ရဲ့အစွမ်းအစပေါ်မှာ ရပ်တည်ချင်ကြတယ်။ ကိုယ့်ရဲ့ မိဘတွေကို ပြန်ပြီးကျေးဇူးဆပ်ချင်ကြတယ်။ ကိုယ့်ရဲ့ မိသားစုကို ပြန်ပြီးကူညီချင်ကြတယ်။ ဒါကြောင့်မို့ ပညာ ရေးပြီးတာနဲ့ အလုပ်ရဖို့ဆိုတာ အင်မတန်မှ အရေးကြီး လာပါတယ်။ အဲဒါကိုလည်း အင်မတန်မှ အားထားလာကြ ပါတယ်။ ဒါကိုလည်း ကျွန်မတို့ သိပ်ပြီးဝမ်းသာတယ်။ ဒီဟာတွေကိုလည်းဆက်ပြီး ကျွန်မတို့ အားပေးချင် ပါတယ်။
အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်
ဒီနေ့မှာဆိုရင် ဒီပန္နက်တင်မင်္ဂလာအခမ်းအနားကို လာပြီးအားပေးတဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စစ် အခိ အဲအာဘေးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဂျပန်နိုင်ငံဟာလည်း နည်းပညာအသက် မွေးဝမ်းကျောင်းပညာစနစ်ကို အားပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်မတို့ အာရှ ဘက်မှာ ဂျပန်ဟာ အဖွံ့ဖြိုးဆုံးလို့ပြောရင် မမှားပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့က ဒီလိုပညာရေးစနစ်တွေကို လက်တွေ့ကျကျဝိုင်းဝန်းပြီး ကူညီအားပေးပံ့ပိုးတဲ့ မိတ်ဆွေ များအားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေကောင်း မိတ်ဆွေစစ်ပီသစွာနဲ့ ကျွန်မတို့ရဲ့လိုအပ်ချက်တွေကို သေသေချာချာလေ့လာပြီးတော့ ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာပဲဖြစ်ဖြစ် တခြားနိုင်ငံ မှာပဲဖြစ်ဖြစ် ဒီလိုဝိုင်းဝန်းပြီးတော့ ပြင်ပကနေ ကူညီတဲ့ အလှူရှင်တွေ ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့ ကူညီတဲ့နေရာမှာ ကိုယ့်အမြင်နဲ့ကိုယ် ကူညီသွားတာကို တွေ့ရပါတယ်။ တချို့ကျတော့ ကိုယ့်အမြင်မဟုတ်ဘဲနဲ့ တကယ့်ကို ကူညီချင်တဲ့နိုင်ငံရဲ့ လိုအပ်ချက်တွေကို လေ့လာတာကိုတွေ့ရပါတယ်။ အဲဒါကသာ တကယ့် တန်ဖိုးရှိတာပါ။ နှစ်ခုစလုံးကတော့ စေတနာပေါ့။ ဒါပေမယ့် စေတနာရဲ့ တန်ဖိုးချင်းတောင်မတူပါဘူး။ လိုအပ်တဲ့နေရာ ကို ဖြည့်ဆည်းပေးတဲ့စေတနာဟာ မလိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့ စေတနာနဲ့ယှဉ်လို့မရပါဘူး။ ဒါကြောင့်မို့ အခု ကျွန်မတို့ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်မတို့ ပြောတာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အခု လက်ရှိ လိုအပ်ချက်တင်မဟုတ်ဘူး။ အနာဂတ် ကိုပါ ဝိုင်းဝန်းပြီး ကူညီဆောက်တည်ပေးရာ ရောက်ပါ တယ်။
သင်ခန်းစာယူရတယ်
ကျွန်မတို့နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် ဆောက်တည်တယ်ဆိုရင် ကြိုပြီးတော့ မြင်တတ်မှ သာလျှင် ဒီလို အောင်အောင်မြင်မြင်နဲ့ ဆောက်တည်နိုင် မှာပါ။ ကျွန်မကတော့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ တွေကို လေ့လာရတယ်။ အဲဒီကနေ သင်ခန်းစာယူရ တယ်။ ဒါပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြဲထပ်တူထပ်မျှ တော့ မရှိပါဘူး။ ကွာခြားချက်လေးတွေတော့ရှိပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေကို ကျွန်မ တို့ဟာ ကျွန်မတို့ လေ့လာရမယ်။ စဉ်းစားရမယ်။ ဆုံးဖြတ် ရမယ်။ သတ္တိရှိရှိနဲ့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးရမယ်။
လိုအပ်ချက်တစ်ခုဖြစ်
ကျွန်မစောစောကပြောသလို ကျွန်မတို့က ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးတွေလည်း ခံစား ရတယ်။ ဆိုးကျိုးလည်းရှိတာပဲ။ ကျွန်မတို့က ဘာကို ဆောင်ရမယ်။ ဘာကိုရှောင်ရမယ်ဆိုတာ ပိုပြီးတော့ သိနိုင် ပါတယ်။ ကျွန်မတို့အစိုးရဟာဆိုရင် မူအရကို အသက် မွေးဝမ်းကျောင်းပညာရေးစနစ်ကို အားပေးနေပါတယ်။ ဒီတော့ အသက်မွေးဝမ်းကျောင်းပညာရေးစနစ်ကို အားပေး တဲ့အခါမှာ အစိုးရဘက်ကတင် မဟုတ်ဘူး။ ပုဂ္ဂလိကဘက်နဲ့ တခြား ပြင်ပအလှူရှင်တွေဘက်ကလည်း ဝိုင်းဝန်းပြီး တော့ ကူညီမစပေးတာဟာ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အစိုးရဘက်ကချည်းပဲ ဖြည့်ဆည်းပေးမယ်ဆိုရင် လိုအပ်တဲ့ဖြည့်ဆည်းပေးမှု တွေကို အချိန်ယူပြီး အကောင်အထည်ဖော်ရမှာပါ။ အချိန် ဆိုတာလည်း သိပ်စောင့်လို့မဖြစ်ပါဘူး။ တခြားနိုင်ငံ တွေက ရှေ့ရောက်နေတဲ့အခါမှာ ကျွန်မတို့က နောက်ကနေ လိုက်မီဖို့ဆိုတာ ပိုပြီးတော့ကြိုးစားရမယ်။ ပိုပြီးတော့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်သွားရမှာ ဖြစ်ပါ တယ်။
လူငယ်ပိုင်းကများနေ
အခုလို အခမ်းအနားတစ်ခုမှာဆိုရင် ပြည်သူပြည်သား တွေဟာ တညီတညွတ်တည်း တက်တက်ကြွကြွနဲ့ အားပေး တာကို တွေ့ရတဲ့အတွက် ကျွန်မအင်မတန်မှ ဝမ်းသာ ပါတယ်။ နောက်တစ်ခု သတိထားမိတာက ကျွန်မတို့ ခရီးသွားတဲ့အခါမှာ ကြိုဆိုနေတဲ့ ပြည်သူပြည်သားတွေ ထဲမှာ ကျောင်းသားလူငယ်တွေအများကြီးကို တွေ့ရပါ တယ်။ ကျောင်းသားလူငယ်တွေ အများကြီးတွေ့ရတဲ့ အတွက် တစ်ခုကတော့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရ ဆိုရင် လူငယ်ပိုင်းကများနေတယ်။ လူငယ်ပိုင်းရာခိုင်နှုန်း များတာလည်းပါပါတယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေက ပညာလိုလားတယ်။ ပညာကို တန်ဖိုးထားတယ်ဆိုတာ ပြနေတာပါ။ အဲဒါကို ကျွန်မ သိပ်ပြီးသဘောကျတယ်။ ပညာကို လိုလားတန်ဖိုးထားတဲ့နိုင်ငံတစ်ခုက မုချမသွေတိုးတက်မှာပါ။ ကျွန်မတို့ အခက် အခဲတွေရင်ဆိုင်ရမယ်။ ဒီအခက်အခဲတွေကို ကျော်လွှား ဖို့အတွက် ကျွန်မတို့ ကြိုးစားရမယ်။ အပင်ပန်းခံရမယ်။ ဒါပေမယ့် ပညာကို မြတ်နိုးတယ်။ တန်ဖိုးထားတယ် ဆိုကတည်းကိုက ကျွန်မတို့ဟာ အားသာချက်ကြီးတစ်ခု ရှိနေပါပြီ။
ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက ပညာကို လေးစား တာ တန်ဖိုးထားတာဟာ ကျွန်မတို့ရဲ့ အစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းကကို ပညာတတ်ဖို့၊ ပညာ ကို လေးစားဖို့ အနန္တောအနန္တငါးပါးထဲမှာ မိဘဆရာဆိုပြီး ဆရာသမားများဟာပါတယ်။ ဆရာသမားများကို ကျွန်မ တို့က အနန္တောအနန္တငါးပါး ဆပ်လို့မကုန်တဲ့ ကျေးဇူးရှင် တွေလို့ သတ်မှတ်ရတဲ့အကြောင်းရင်းကတော့ ကျွန်မ တို့ကို ပညာပေးတဲ့ ပုဂ္ဂိုလ်တွေမို့ပါ။ မေတ္တာကမ္မဋ္ဌာန်း ထိုင်မယ်ဆိုရင် စစချင်း ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးတဲ့ အခါမှာ ကျေးဇူးရှင်များကို မေတ္တာပို့ရပါတယ်။ ကျေးဇူး ရှင်တွေကို မေတ္တာပို့တယ်ဆိုတာ ဆရာသမားတွေ ပါပါ တယ်။ ဒီဟာကို ဘာကြောင့်ရှင်းပြရလဲဆိုရင် ဒီလို မေတ္တာဘာဝနာပွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို မေတ္တာ ပို့ရတယ်ဆိုတာ အားလုံးနားလည်ပါတယ်။ ကိုယ်စိတ်ချမ်း သာချင်သလို သူများတွေလည်း စိတ်ချမ်းသာချင်မှာပဲဆိုတာ နားလည်အောင်လို့ ပထမဆုံး ကိုယ့်ကိုယ်ကိုမေတ္တာပို့ပြီး ဒုတိယဘာဖြစ်လို့ ကျေးဇူးရှင်များ ဆရာသမားများ အပါအဝင် မေတ္တာပို့သလဲလို့မေးရရင် ကျွန်မတို့ရဲ့ ဆရာသမားတွေကို တန်ဖိုးထားတယ်။ ကျွန်မတို့ ဆရာ သမားတွေရဲ့ ကျေးဇူးတွေကို ဘယ်လောက်အသိအမှတ်ပြု လဲဆိုတာကို ပြသတာပါပဲ။ ကိုယ့်ကျေးဇူးရှင်တွေကို မေတ္တာပို့ရတာ အင်မတန်လွယ်ပါတယ်။ တစ်ခါတလေ နှလုံးသွင်းလိုက်ရင် ကိုယ်ဘယ်လို ကျေးဇူးပြုခဲ့တာလဲ။ ကိုယ့်ဆရာသမားတွေဟာ ကိုယ့်ကိုဘယ်လို ကျေးဇူးပြုခဲ့ သလဲဆိုတာ စဉ်းစားလို့ကို မကုန်နိုင်ပါဘူး။ စဉ်းစားလို့ကို မဆုံးနိုင်ပါဘူး။
ယဉ်ကျေးမှုတစ်ခုဖြစ်
အခုထက်ထိ ကျွန်မတို့နိုင်ငံရဲ့ အင်မတန်မှ ချစ်စရာ ကောင်းတဲ့ အလေ့အထလေးတစ်ခုက ဆရာကန်တော့ပွဲ လုပ်တာပါ။ ဆရာကန်တော့ပွဲတွေကို နှစ်တိုင်းနှစ်တိုင်း လုပ်တာဟာ ကျွန်မတို့ရဲ့ အင်မတန်မှကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ ပညာကိုပူဇော်တာပါ။ ဆရာတွေကို ကန်တော့တယ်ဆိုတာ ပညာကိုပူဇော်တာပဲ။ ကျွန်မတို့ကို ပညာသင်ပေးခဲ့တဲ့ ဆရာသမားတွေကို ပူဇော်တာပဲဖြစ်ပါတယ်။ အခုဆိုရင် ကျွန်မတို့ကို ပညာ ပေးတဲ့အထဲမှာ ဆရာသမားတွေအပြင် ကျွန်မတို့ရဲ့ ပညာ ဌာနများ၊ ပညာရေးနဲ့ပတ်သက်တဲ့ကျောင်းများ၊ အဆောက် အအုံများကို ဆောက်နိုင်ဖို့အတွက် ရှင်သန်အောင် တည်ဆောက်ပေးကြတဲ့ ပုဂ္ဂိုလ်များအားလုံးဟာလည်း ကျွန်မတို့ရဲ့ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ အားလုံးဟာ ကျွန်မတို့ကို ပညာပေးတာပါ။ ပညာပေးတဲ့ နေရာမှာ ဝိုင်းဝန်းပြီးကူညီသူတွေဖြစ်ပါတယ်။ အခု ပန္နက်ရိုက်ပွဲကို ကျွန်မတို့လာပြီးဖွင့်ရတာ ပါဝင်ရတဲ့ဟာ တစ်နည်းအားဖြင့် နောင်လာမယ့်မျိုးဆက်တွေကို ကျေးဇူး ပြုမယ့်သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ လာတာဖြစ်ပါ တယ်။ အဲဒီအတွက်လည်း ကျွန်မအင်မတန်မှ ဝမ်းသာ ဂုဏ်ယူပါတယ်။
ကျွန်မ အခုစီးပွားရေးနဲ့ ပညာရေးစနစ်ဆက်စပ်မှု လေးကိုတော့ ပြောချင်ပါတယ်။ အဲဒီဟာက အထူးသဖြင့် နည်းပညာ အသက်မွေးဝမ်းကျောင်းပညာစနစ်နဲ့ဆိုရင် အင်မတန်မှ နီးစပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး စနစ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ချိတ်ဆက်ပြီး တော့လုပ်မှ အောင်မြင်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးအရ လိုအပ်တဲ့ပညာတွေကို ပညာရေးစနစ် ဘက်ကနေ ဖွံ့ဖြိုးအောင်ပံ့ပိုးပေးမှ စီးပွားရေးလုပ်ငန်း တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အောင်မြင်နိုင် မှာ ဖြစ်ပါတယ်။
နည်းပညာတွေ အများကြီးလိုအပ်
ကျွန်မတို့နိုင်ငံဟာဆိုရင် အခုထက်ထိ လယ်ယာ စိုက်ပျိုးခြင်းကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သို့သော်ငြားလည်း လယ်ယာစိုက်ပျိုးခြင်းက ဟိုးအရင်က တည်းက နှစ်ရာထောင်နဲ့ချီတဲ့ အချိန်အခါကတည်းက စပြီးတော့ ကျွန်မတို့နိုင်ငံမှာ ထွန်းကားခဲ့တဲ့စနစ်ပါ။ ဒါပေ မယ့် ဒီစနစ်ကို ခုခေတ်နဲ့ကိုက်ညီအောင် အခုခေတ် စီးပွား ရေးစနစ်နဲ့ကိုက်ညီအောင် လုပ်ဖို့ဆိုရင် နည်းပညာတွေ အများကြီး လိုအပ်ပါတယ်။ နည်းပညာတွေနဲ့ ပံ့ပိုးပြီးတော့ ကျွန်မတို့ အရင်တုန်းကတည်းကသုံးခဲ့တဲ့ အားကိုးခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးနည်းစနစ်တွေ ပိုပြီးတော့ ထွန်းကား အောင်၊ ပိုပြီးတော့ ဖွံ့ဖြိုးအောင် ကျွန်မတို့လုပ်နိုင်ပါ တယ်။ ဒါကြောင့်မို့ အခုနည်းပညာ တက္ကသိုလ်မှာ၊ SHIN RAI ကနေဖွင့်မယ် ကျောင်းမှာဆိုရင် နည်းပညာတွေ သင်ပေးပါမယ်ဆိုလို့ ကျွန်မဝမ်းသာပါတယ်။
နောက်ပြီး နိုင်ငံခြားဘာသာစကားတွေ သင်ပေးမယ် ဆိုတာကလည်း ကျွန်မတို့ရဲ့ကမ္ဘာကြီးကို အင်မတန်မှ ကျယ်ပြန့်သွားစေပါတယ်။ ကျွန်မတို့နိုင်ငံတစ်ခုလုံးတင် မဟုတ်ဘဲနဲ့ ကမ္ဘာကြီးနဲ့ဆက်သွယ်နိုင်မယ့် အခြေအနေ ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ နည်းပညာခေတ်နဲ့
ကိုက်ညီတဲ့ နည်းပညာတွေကို သင်ပေးမယ်ဆိုလို့ ကျွန်မ တို့ အင်မတန်မှဝမ်းသာတယ်။ ဒါကျွန်မတို့ လိုအပ်ချက် တွေပဲ။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေး ကျွန်မခန့်မှန်း ရတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေ များနဲ့ အခုချိန်မှာ မိတ်ဆွေမဖြစ်သေးပေမယ့် နောင် မိတ်ဆွေဖြစ်မယ့်ပုဂ္ဂိုလ်များနဲ့ ပေါင်းသင်းဆက်ဆံရေး တွေကိုလည်း သင်ပေးတယ်ဆိုတာလည်း ကျွန်မ ဝမ်းသာ ပါတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးဆိုတာ ကျောင်းကပဲသင်ပေးလို့ မရပါဘူး။ တကယ်တော့ မိဘ တွေကနေစပြီး သင်ပေးရမှာပါ။ ဒါကိုယ့်ရဲ့ မိဘအသိုင်း ဝိုင်းကနေပြီးတော့ စတင်ပြီးတက်လာမှ ကျောင်းကနေ ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ဖွံ့ဖြိုးရေး
ကျွန်မကို မိတ်ဆွေတစ်ယောက်က ပြောပါတယ်။ ကျောင်းတွေမှာ စိတ်ဓာတ်ရေးရာနဲ့ဆိုင်တဲ့ ဘာသာရပ် တွေပိုပြီးသင်ပေးပါ။ စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက်ကို ပိုပြီး တော့ အဓိကထားပြီး လုပ်ဆောင်ပေးပါလို့ပြောတော့ ကျွန်မတို့လည်း ကြိုးစားနေပါတယ်လို့ ပြောခဲ့ပါတယ်။ ဥပမာဆိုရင် အခုပြည်သူ့နီတိကို ပြန်ပြီးသင်ပါပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းက အားလုံးပြည်သူ့နီတိသင်ရတယ်။ နောက်နှစ်ပေါင်းများစွာ ပြည်သူ့နီတိမသင်တော့ဘူး။ တစ်ခါတလေ ကျွန်မစဉ်းစားတယ်။ သင်ဖို့မလိုလို့ မသင် တာလား။ ပြည်သူတွေ သိပ်တတ်သွားမှာစိုးလို့ မသင်တာ လား။ ပြည်သူ့နီတိကိုမသင်တာ တော်တော်ကြာသွား တယ်။ အခုကျတော့ ပြန်ပြီးပြည်သူ့နီတိကိုသင်ပါပြီ။ ပြည်သူ့နီတိသင်ရတဲ့အကြောင်းရင်းကတော့ ပြည်သူတိုင်း ပြည်သူတိုင်းမှာ ကိုယ်ရဲ့ရပိုင်ခွင့်တွေရှိသလို တာဝန်တွေ လည်းရှိတယ်ဆိုတာ အခြေခံအားဖြင့် ဒါကိုသင်ပေးတာ ပါပဲ။
တာဝန်နဲ့ အခွင့်အရေး အမြဲဒွန်တွဲနေ
ဥပမာဆိုရင် ကျောင်းကောင်းတွေက ကလေးတွေမှာအခွင့်အရေးတွေရှိပါတယ်။ ဒီလိုကျောင်းကောင်းကြီးမှာ ပညာသင်နိုင်ဖို့အခွင့်အရေးတွေအများကြီးရှိသလို ဒီလို ကျောင်းမျိုးကို သန့်သန့်ပြန့်ပြန့်နဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းသွားဖို့လည်း တာဝန်ရှိပါတယ်။ ဒီလိုကျောင်း တွေမှာ တက်ရတဲ့အခွင့်အရေးကိုသုံးပြီးတော့ ပညာ ရအောင် ကြိုးစားဖို့လည်းတာဝန်ရှိပါတယ်။ တာဝန်နဲ့ အခွင့်အရေးအမြဲ ဒွန်တွဲနေတယ်ဆိုတာကို အခြေခံ အားဖြင့် ပြည်သူ့နီတိကနေ တိုင်းပြည်တစ်ပြည်လုံးအတွက် သင်ပေးလိုက်တာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးဆိုတာ နောက်ဆုံးတော့ ဒါပါပဲ။ အပေးအယူအပေါ်မှာ အခြေခံပါ တယ်။ အပေးအယူမျှတမှ မှန်ကန်တဲ့လူမှု ဆက်ဆံရေးလို့ ကျွန်မတို့ပြောလို့ရမှာပါ။ ဒါကြောင့်မို့ ဒီကျောင်းကနေ ပြီးတော့ ပေါင်းသင်းဆက်ဆံရေးတွေပါ သင်ပေးမယ်ဆိုလို့ ကျွန်မအင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ ပြည်တွင်း တွင်မဟုတ်ဘူး။ ပြည်ပနိုင်ငံတွေနဲ့လည်း မှန်ကန်တဲ့ အပေးအယူတွေလုပ်နိုင်ဖို့ သင်ပေးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီမျှော်လင့်တဲ့အတိုင်းလည်း ဖြစ်ပေါ် လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။
တစ်နိုင်ငံလုံးရဲ့ တိုးတက်ရေး
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် အခုအခမ်းအနားကို တက်ရောက်လာတဲ့အခါမှာ ပညာရေးဝန်ကြီးဌာနတင် မဟုတ်ဘူး။ ကျန်းမာရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ပညာရေးဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာ ပြတာ ပါ။ ပညာရေးဆိုတာ ကျန်းမာရေးရော ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါ ဆက်စပ်နေတယ်။ ဒီဟာတွေအားလုံး စုပေါင်းရင် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးရဲ့ တိုးတက်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်လာတဲ့ မိတ်ဆွေတွေ အားလုံးကို၊ ဧည့်သည်တော်တွေအားလုံးကို ထပ်လောင်းပြီး ကျေးဇူးတင်တယ်လို့ ပြောကြားရင်း ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်မတို့နိုင်ငံရဲ့ ပညာထွန်းကား ရေးအတွက် ဝိုင်းဝန်းပြီး ဆက်လက်ကူညီကြပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ”ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ဆောက်လုပ်မည့်မြေနေရာတွင် ပန္နက်တင်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဂျပန်သံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာ သူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အမှတ်တရသစ်ပင်စိုက်ပျိုး
ဆက်လက်၍ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း အခမ်း အနားကို ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သရက်ပင်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဇနီးက ချယ်ရီပင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကံ့ကော်ပင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကံ့ကော်ပင်နှင့် SHIN RAI ကုမ္ပဏီမှ Mr. Yoshie က ချယ်ရီပင်တို့ကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးကြသည်။
သီးခြားတွေ့ဆုံဆွေးနွေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီးတို့သည်နားနေဆောင်၌ သီးခြားတွေ့ဆုံဆွေးနွေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ SHIN RAI INTERNATIONAL VOCATIONAL INSTITUTE စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် လေးဒေါင့်ကန် (တောင်ပိုင်း)ရပ်ကွက်ရှိ ကွင်းအမှတ်(၁၁၀၂ A)၊ တော်ခရားကွင်း-ဦးပိုင်အမှတ် (၃၃/၃၉+၄၀) မြေဧရိယာ (၂၃ဒသမ၅)ဧကပေါ်တွင် Phase -1 ၊ Phase-2 ၊ Phase -3 အပိုင်း သုံးပိုင်းခွဲကာ အကောင်အထည်ဖော်တည်ဆောက်သွား မည်ဖြစ်ပြီး စီမံကိန်း ကနဦးအနေဖြင့် Phase -1 ကို ၂၀၂၀ ပြည့်နှစ်အစပိုင်းမှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပညာသင်စေလွှတ်သွားမည်
သင်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆရာဆရာမ များအား ဖင်လန်နိုင်ငံသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကျောင်းတွင် တက်ရောက်သင်ယူကြမည့် ကျောင်းသားများကိုလည်း ဖင်လန်နိုင်ငံမှ Certificate ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကျောင်းသို့ တက်ရောက်ရန် ကျောင်းသားများလက်ခံရာတွင် တိုင်းရင်း သားဒေသများမှ ကျောင်းသားများကို ဦးစားပေးခေါ်ယူ သွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသားများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

အနာဂတ်ကို ပုံဖော်ထုဆစ်ပေးကြစို့

အယ်ဒီတာ့အာဘော်
-----------------------

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ကိုင်ရာ၌ စိန်ခေါ်မှုများ၊ အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မျှော်မှန်းထားသည့် ရည်မှန်းချက်အတိုင်းဖြစ်လာရန်အတွက် စိန်ခေါ်မှုနှင့် အခက်အခဲများကြားမှ အခွင့်အလမ်းနှင့် တိုးတက်မှုများကို ရယူနိုင်ရန်လိုအပ်သည်။
မျက်မှောက်ကမ္ဘာကြီးတွင် ခေတ်မီနည်းပညာများ တိုးတက်လာမှု များမှာ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည်။ ယင်းကိုအမီလိုက်နိုင် ရန်အတွက် မိမိတို့အနေဖြင့်လည်း နေ့စဉ်နှင့်အမျှ ကြိုးပမ်းအားထုတ်နေရန် လိုအပ်သည်။ ပြည်သူများခေတ်မီနည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများကို ကြံဆအားထုတ်ကြရာတွင် သင့်တင့်လျောက်ပတ်သည့် ဖြည့်ဆည်းမှုများကို အထိုက်အလျောက်ရရှိနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ဓန အင်အား၊ ဘဏ္ဍာငွေအခြေအနေအပေါ်မူတည်၍ တတ်နိုင်သမျှ ဖြည့်ဆည်း ပေးနေသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မင်းဓမ္မပညာ့ ရိပ်သာဝင်းအတွင်း၌ သိပ္ပံပစ္စည်းစက်ရုံသစ်ကို ဖွင့်လှစ်ပေးခဲ့ရာ ခေတ်မီ တိုးတက်သော သိပ္ပံနည်းပညာဆိုင်ရာတို့ကို ကျောင်းသား ကျောင်းသူများ လက်တွေ့ကျကျ သင်ကြားလုပ်ကိုင်ခွင့် ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ပညာရပ် များကို လက်တွေ့သင်ယူရာ၌ သင်ကြားမှုအထောက်အကူပြုပစ္စည်းများသည် အဓိကကျသည့်ပစ္စည်းများ ဖြစ်သည်။ ယခင်က အဆင့်မြင့်ပညာကဏ္ဍ တွင်သာမက အခြေခံပညာကဏ္ဍတွင်ပါ သိပ္ပံလက်တွေ့ခန်းများ၌ သင်ကြားမှု အထောက်အကူပြုပစ္စည်းများနှင့် လက်တွေ့သင်ယူခဲ့ကြသည်။
လက်တွေ့ခန်းတွင် အထောက်အကူပြုပစ္စည်းများဖြင့် လက်တွေ့ သင်ယူရခြင်းသည် ပညာရပ်များကို ထိထိရောက်ရောက် တတ်မြောက်စေနိုင် သည်။ သင်ထောက်ကူပစ္စည်းများသည် နိုင်ငံ၏ဓနဥစ္စာနှင့် ဘဏ္ဍာငွေ အထောက်အပံ့အပေါ်မူတည်သဖြင့် ထောက်ပံ့နိုင်မှုရှိလျှင်ရှိသလောက် တိုးတက်မှုလည်းရှိလာမည်ဖြစ်သည်။ ဤနေရာတွင် ရုပ်ဝတ္ထုပစ္စည်းပိုင်း ဆိုင်ရာ ပြည့်စုံမှုဖြင့်မလုံလောက်ဘဲ ထိရောက်သည့် သင်ကြားပြသနိုင်စွမ်း ရှိသော ဆရာ ဆရာမများ၏ အခန်းကဏ္ဍမှာ အရေးပါသည်။
အနာဂတ်ကိုပုံဖော်ထုဆစ်နိုင်မည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်များ ထူထောင်နိုင်ရန်မှာ ပညာရေးကဏ္ဍသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေး စနစ်များ၊ ခေတ်မီသောသင်ထောက်ကူပစ္စည်းများ၊ ကျောင်းပရဝဏ်များ သာယာလှပရေး၊ ဆရာ ဆရာမများသင်ကြားမှု ခေတ်မီတိုးတက်မြင့်မား လာရေး၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ လူမှုဘဝမြင့်မားရေး တို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးကဏ္ဍကို မြှင့်တင် ပေးခြင်းသည် နိုင်ငံအနာဂတ်အတွက် အရေးပါသောရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။ ပညာရေးကဏ္ဍမြင့်မားတိုးတက်မှ အရည် အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် ဆရာကောင်း၊ ဆရာမွန်များလည်း ပေါ်ထွက်လာမည်ဖြစ်သည်။
မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်း အိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ခေတ်မီပြီးအဆင့်အတန်းမြင့်မားတဲ့ အခြေခံအဆောက်အဦတွေဟာ လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေကို ပိုမို မြှင့်တင်ပေးစေပါတယ်။ နိုင်ငံတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေကို လေ့လာ ကြည့်ရင် လူ့စွမ်းအားအရင်းအမြစ်တွေကိုအခြေခံတဲ့ ဉာဏထုတ်ကုန်တွေ သာလျှင် ရေရှည်တည်တံ့တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းသွားနိုင် မှာကို တွေ့ရပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။ ယနေ့မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ ခေတ်မီတိုးတက်နေသောနိုင်ငံများကို လေ့လာကြည့်လျှင် ဉာဏ ထုတ်ကုန်များကို အလျှံပယ်ထုတ်လုပ်နိုင်သောကြောင့် ချမ်းသာကြွယ်ဝ သည့်နိုင်ငံများဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာရေးအတွက် ဉာဏထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်သော တီထွင်ဖန်တီးနိုင်မှုစွမ်းအားမြင့်မားသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်း လာရန် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ဖြည့်ဆည်းပေးနေချိန်တွင် အရည် အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် ဆရာကောင်း၊ ဆရာမွန်များက အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

Friday, December 27, 2019

အယ်ဒီတာ့ အာဘော်
==============
စည်းကမ်းလိုက်နာခြင်းမှအစ
================
ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံသားတိုင်း ကိုယ်စီတာဝန်ကျေပွန်သောကြောင့် စည်းကမ်းပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်နေသော တိုင်းပြည်များရှိသည်။ နိုင်ငံသားများ စည်းကမ်းလိုက်နာမှုအားနည်းသောကြောင့် ဖွံ့ဖြိုးမှုနောက် ကျနေသောတိုင်းပြည်များလည်းရှိသည်။ စည်းကမ်းသည် နိုင်ငံတစ်နိုင်ငံ အတွက် အလွန်အရေးကြီးသဖြင့် နိုင်ငံသားတိုင်း စည်းကမ်းကို လေးစား လိုက်နာသင့်သည်။
မြန်မာနိုင်ငံကို စည်းကမ်းမရှိသောနိုင်ငံဟု ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သည့် သဘောမဟုတ်သော်လည်း စည်းကမ်းလိုက်နာမှုဘက်တွင် အားနည်း ချက်ရှိနေသည်မှာ မှန်သည်ဖြစ်၍ သတိပေး၊ အသိပေးပြောဆိုနေရခြင်း ဖြစ်ပါသည်။ စိတ်ရင်းအမှန်တွင် မြန်မာနိုင်ငံအနေဖြင့် အလားအလာကောင်း များရှိသောနိုင်ငံဖြစ်၍ အားမလိုအားမရလည်း ဖြစ်နိုင်ပါသည်။ နိုင်ငံသား တိုင်း စည်းကမ်းလိုက်နာခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်စေလိုသော ကရုဏာဆန္ဒ ဖြစ်ပါသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ (ပင်လယ်လေး) တံတားဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေ ဖြင့် ဒီမိုကရေစီနှင့်ထိုက်တန်သည့် စည်းကမ်းရှိရေး၊ စည်းကမ်းလိုက်နာရေး တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။ "ဒီမိုကရေစီလိုချင်တယ်ဆိုတာ ဘာဖြစ်လို့ လိုချင်သလဲလို့မေးရင် အများကတော့ အခွင့်အရေးတွေကို ပြောကြတာပဲ။ ကျွန်မအမြဲသတိပေးပါတယ်။ အခွင့်အရေးနဲ့ အတူတူပါလာ တာက တာဝန်ပဲ။ တာဝန်သိတဲ့စိတ်ဓာတ်မရှိရင် ဒီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်တဲ့ အခြေအနေရောက်သွားလိမ့်မယ်။ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီဆိုရင် ကိုယ့်အတွက်တင်မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင် အတွက်ပါ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မစည်းကမ်း ရှိဖို့ဆိုတာကို သတိပေးတာပါ" ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသော စည်းကမ်းရှိရေးသတိပေးချက်သည် များစွာအဓိပ္ပာယ်နက်နဲ ကျယ်ဝန်းလှပေသည်။ ပြည်သူတို့အခြေခံကျင့်သုံးအပ်သည့် အမှိုက်ပစ်သည့် ကိစ္စများမှအစ အရာရာတွင် အားလုံးစည်းကမ်းလိုက်နာကြရေးဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများအတွက် အခွင့်အရေးနှင့် ရပိုင်ခွင့်များ ပိုမို ပါရှိလာသည်။ အခွင့်အရေးနှင့်ရပိုင်ခွင့်နှင့်အတူ တာဝန်ယူမှု၊ တာဝန်သိမှု တို့လည်း ဒွန်တွဲပါလာသည်ကို သတိမူရမည်ဖြစ်သည်။ တာဝန်ယူမှု၊ တာဝန် သိမှုကိုသတိမမူဘဲ ရရှိလာမည့်အခွင့်အရေးများကို အလွဲသုံးစားပြုလုပ် လိုက်မည်ဆိုလျှင် မိမိနှင့်ပတ်ဝန်းကျင်တွင် ကြီးစွာထိခိုက်မှုရှိလာသည်ကိုဆင်ခြင်တွေးတောကြည့်ရမည် ဖြစ်သည်။
မိမိမှီတင်းနေထိုင်ရာနိုင်ငံသည် မိမိတို့ မှီခိုအားထားရာနေအိမ် ဖြစ်သည်။ ပိုမိုတင့်တယ်ကောင်းမြတ်သော မိသားစုနေအိမ်ဖြစ်စေရန်အတွက် မိမိတို့နေအိမ်တွင် သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာမည်၊ မိမိတို့နေအိမ်ကို တန်ဖိုးထားကြရမည်ဆိုသည့် သဘောထားများထားရှိကြရ မည်ဖြစ်သည်။ မိမိနေအိမ်၏ မိသားစုကိုတန်ဖိုးထားခြင်း၊ မိမိပတ်ဝန်းကျင်ကို လေးစားခြင်းမှသည် မိမိနိုင်ငံကို တန်ဖိုးထားသည့်စိတ်ထားများ မွေးမြူ ကြရန်ဖြစ်သည်။
မြန်မာပြည်သူပြည်သားများသည် ပင်ကိုအားဖြင့် စိတ်ရင်းစေတနာ ကောင်းမွန်ကြသူများဖြစ်သည်။ နွေးနွေးထွေးထွေးနှင့် ပျူပျူငှာငှာရှိကြ သူများဖြစ်သည်။ အရေးကြုံလျှင် စည်းလုံးညီညွတ်မည်ဟူသည့် ကောင်းမွန် သည့် စိတ်ထားများရှိကြသူများ ဖြစ်သည်။ ထိုအချက်များသည် မြန်မာနိုင်ငံ အတွက် ကောင်းမွန်သောအလားအလာကောင်းများပင် ဖြစ်သည်။ အလား အလာကောင်းများမှာ ရှိနေရုံသာရှိနေသေးပြီး လက်တွေ့အကောင်အထည် ဖော်ရန် လိုအပ်နေသေးသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယများရှိကြရမည် ဖြစ်သည်။
အဓိကကျသည့်အခြေခံလိုအပ်ချက်မှာ ပြည်သူပြည်သားများအနေဖြင့် အမှိုက်ပစ်သည်မှအစ အရာရာတွင် စည်းကမ်းလိုက်နာတတ်သည့် အလေ့အထကောင်းများ မွေးမြူကြရန်ဖြစ်သည်။ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့မိသားစုဘဝများအားလုံး ပိုပြီးသာယာလုံခြုံသော ဘဝတစ်ခုဖြစ်စေရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းလုပ်ကိုင်ကြမည်ဆိုသည့် စိတ်ထားများ ပွားများမွေးမြူ ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။