Sunday, December 29, 2019

(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



Image may contain: one or more people, crowd, table and indoor
ရန်ကုန် ဒီဇင်ဘာ ၂၈



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မ သဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်
ဆက်လက်၍ အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိ သူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းမောင်က ဓမ္မာသန ပလ္လင်တော်များနှင့် ကနက္ကဒဏ်ထီးဖြူတော်များကို အဘိသေကမန္တန်တော်ဖြင့် ဘိသိက်သွန်း၍ ပလ္လင်တော်များထက်သို့ သာသနာ့အာဇာနည်များအား ပင့်လျှောက်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နဝကမ္မ အလှူငွေများ ဆက်ကပ်
မွန်းလွဲပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော် ကြီး၌ (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ၊ အာဂုံပြန်ဆိုနေသည့် သာသနာ့အာဇာနည်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၉၄၈ ခုနှစ်က စတင်ပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၇၂)ကြိမ်အထိ ကျင်းပနိုင်ခဲ့ ပြီးဖြစ်ကြောင်း၊ သက်တမ်း (၇၂) ကြိမ်အတွင်း ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုခြင်း နှင့် သဘောရေးဖြေစာမေးပွဲ အပြည့်အစုံ ပြီးစီးအောင်မြင်သော သာသနာ့ အာဇာနည် အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးကို ယနေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်အထိ ၃၃ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး ယနေ့ အာဂုံပြန်စာမေးပွဲတွင် သာသနာ့ အာဇာနည် ၆၃ ပါး ကြွရောက် အာဂုံပြန်ဆိုကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment