Sunday, December 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီး မစ္စစ် အခိအဲအာဘေး SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်




Image may contain: 1 person, standing and child
ရန်ကုန် ဒီဇင်ဘာ ၂၈



SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်(တောင်ပိုင်း)ရပ်ကွက် ရှိ စီမံကိန်းဝင်းအတွင်း ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဇနီး မစ္စစ် အခိအဲအာဘေးတို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ၊ SHIN RAI COMPANY LIMITED မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြား ရာတွင် “ဒီနေ့ ကျွန်မတို့ဟာ ကျောင်းတစ်ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတစ်ကျောင်း ပန္နက်ရိုက်တာတင်မကပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ပန္နက်ရိုက်တာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာဆိုရင် အသက် မွေးဝမ်းကျောင်းပညာ၊ နည်းပညာစနစ်တွေ အင်မတန်မှ လိုအပ်နေပါတယ်။ ကျွန်မတို့ နိုင်ငံတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာပါ။ တစ်ကမ္ဘာလုံးက အခု ဘယ်လိုမြင်လာ ကြသလဲဆိုတော့ ပညာသင်တယ်ဆိုတာ တက္ကသိုလ်ဘွဲ့ရရုံ အတွက် သက်သက်လုပ်တာမဟုတ်ဘူး။ တက္ကသိုလ်ဘွဲ့ တွေရပြီးတော့ အလုပ်မရတဲ့ ကျောင်းသူ ကျောင်းသားများ၊ လူငယ်များဟာ တစ်ကမ္ဘာလုံးမှာ ရှိနေကြပါတယ်။ ဒါကြောင့်မို့ သင်တဲ့ပညာနဲ့ ရှိနေတဲ့အလုပ်နဲ့ တိုက်ဆိုင် အောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲဆိုတာ အများကြီး စဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ကို အင်မတန်မှခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းပညာရေး ကျောင်းများ၊ ပညာသင်ဌာနများနဲ့ ဆောက်တည်သွားမယ် လို့ ကျွန်မတို့ ဒီလိုပဲ ဆုံးဖြတ်ပါတယ်။
ပညာရေးစနစ်လိုအပ်ချက်များနေ
ဒီလိုဆုံးဖြတ်တဲ့နေရာမှာ ကျွန်မတို့က အားသာချက် ဘာတစ်ခုရှိလဲဆိုတော့ တစ်နည်းအားဖြင့်ဆိုရင် ဖွံ့ဖြိုးရေး နောက်ကျနေတာ ကျွန်မတို့ရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအရှိန်ရှေ့မှာရောက်နေတဲ့ နိုင်ငံတွေဟာဆိုရင် တက္ကသိုလ်ပညာရေးစနစ်ကို သိပ်ပြီးအားပေးခဲ့တဲ့အခါ ကျတော့ အခုမှနည်းပညာအားပေးတဲ့စနစ်ကို ပြောင်းလဲ ဖို့ဟာ ဒီလောက်မလွယ်ပါဘူး။ ကျွန်မတို့ကတော့ ပညာရေး စနစ်မှာ အင်မတန်လိုအပ်ချက်တွေ များနေတဲ့အခါကျတော့ တစ်ခါတည်း မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးသွားလို့ ရပါတယ်။ နည်းပညာဆိုတာလည်းပညာပါပဲ။ အသက် မွေးဝမ်းကျောင်း ပညာဆိုတာလည်းပညာပါပဲ။ ကျွန်မ ခဏခဏပြောပါတယ်။ ပညာဆိုတာ ကျွန်မတို့ ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်း မြှင့်တင်ပေးတာ။ ဒါပညာပေးတာပါပဲ။
အင်မတန်မှအားပေးနေ
ဘဝမှာ ရင်ဆိုင်ရမယ့်အရည်အချင်းတွေ စိန်ခေါ်မှု တွေကို ရင်မဆိုင်နိုင်ခဲ့ဘူးဆိုရင် သင်ထားတဲ့ပညာတွေဟာ တကယ်တော့ စာအုပ်ထဲမှာပဲရှိပြီး ကိုယ့်ရဲ့ဘ၀အတွက် အကျိုးမဖြစ်ပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်လည်း အကျိုးမဖြစ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ကနေပြီးတော့ အသက်မွေးဝမ်းကျောင်းပညာစနစ်၊ နည်းပညာသင်ကြား တဲ့စနစ်တွေကို အင်မတန်မှအားပေးနေတာပါ။ ကမ္ဘာ ပေါ်မှာ အတိုးတက်ဆုံး အဖွံ့ဖြိုးဆုံးနိုင်ငံတွေတချို့မှာဆိုရင် တက္ကသိုလ်ပညာရေးစနစ်နဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်နှစ်ခုစလုံးမှာ ယှဉ်ပြိုင်ပြီးတော့သွားနေပါ တယ်။ ဘယ်ဟာက ပိုမြင့်သလဲ၊ ဘယ်ဟာကပိုနိမ့်သလဲ ပြောလို့မရပါဘူး။ နောက်ပြီးတော့ ပြည်သူ ပြည်သားများ၊ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသူ ကျောင်းသား မိဘများကပါ အသက်မွေးဝမ်းကျောင်းပညာရေး၊ နည်းပညာသင်ရေးစနစ်တွေကို အင်မတန်မှ လေးစားတယ်။ အားပေးတယ်။ နောက်ပြီးတော့ ယုံကြည်မှုရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ နောက်ဆုံးကျတော့ ဘဝမှာရပ်တည်ရေး အတွက် တက္ကသိုလ်ပညာရေးစနစ်နည်းတူ တန်ဖိုးရှိလို့ပဲ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့လူငယ်များနဲ့ လူငယ်များရဲ့ မိဘများကို လည်း အားပေးချင်ပါတယ်။ ဒီလိုခိုင်ခိုင်မာမာနဲ့ရတဲ့ပညာနဲ့ ရှိတဲ့အလုပ်နဲ့ စပ်ဟပ်စေမယ့်စနစ်တစ်ခု ထူထောင်နေ တဲ့အချိန်မှာ ဝိုင်းဝန်းပြီးအားပေးကြပါ။ အားပေးတာလည်း တွေ့ရပါတယ်။ အဲဒါအတွက်လည်း အင်မတန်မှ ဝမ်းသာ ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တော်တော်များများဟာ အခုဆိုရင် တက္ကသိုလ်ပညာရေးကိုသာ ဦးတည်တာမဟုတ် ဘဲနဲ့ အသက်မွေးဝမ်းကျောင်းပညာရေးဘက်ကို သွားချင် လာတာကိုမြင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာ သင်ပြီးတာနဲ့ အလုပ်လိုချင်ကြတယ်။ ဒါလည်း မှန်ကန်တဲ့ ရပ်တည်ချက်ပဲ။ ပညာသင်ပြီးတာနဲ့ ကိုယ့်ဟာကိုယ် ကိုယ့်ရဲ့အစွမ်းအစပေါ်မှာ ရပ်တည်ချင်ကြတယ်။ ကိုယ့်ရဲ့ မိဘတွေကို ပြန်ပြီးကျေးဇူးဆပ်ချင်ကြတယ်။ ကိုယ့်ရဲ့ မိသားစုကို ပြန်ပြီးကူညီချင်ကြတယ်။ ဒါကြောင့်မို့ ပညာ ရေးပြီးတာနဲ့ အလုပ်ရဖို့ဆိုတာ အင်မတန်မှ အရေးကြီး လာပါတယ်။ အဲဒါကိုလည်း အင်မတန်မှ အားထားလာကြ ပါတယ်။ ဒါကိုလည်း ကျွန်မတို့ သိပ်ပြီးဝမ်းသာတယ်။ ဒီဟာတွေကိုလည်းဆက်ပြီး ကျွန်မတို့ အားပေးချင် ပါတယ်။
အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်
ဒီနေ့မှာဆိုရင် ဒီပန္နက်တင်မင်္ဂလာအခမ်းအနားကို လာပြီးအားပေးတဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စစ် အခိ အဲအာဘေးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဂျပန်နိုင်ငံဟာလည်း နည်းပညာအသက် မွေးဝမ်းကျောင်းပညာစနစ်ကို အားပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်မတို့ အာရှ ဘက်မှာ ဂျပန်ဟာ အဖွံ့ဖြိုးဆုံးလို့ပြောရင် မမှားပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့က ဒီလိုပညာရေးစနစ်တွေကို လက်တွေ့ကျကျဝိုင်းဝန်းပြီး ကူညီအားပေးပံ့ပိုးတဲ့ မိတ်ဆွေ များအားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေကောင်း မိတ်ဆွေစစ်ပီသစွာနဲ့ ကျွန်မတို့ရဲ့လိုအပ်ချက်တွေကို သေသေချာချာလေ့လာပြီးတော့ ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာပဲဖြစ်ဖြစ် တခြားနိုင်ငံ မှာပဲဖြစ်ဖြစ် ဒီလိုဝိုင်းဝန်းပြီးတော့ ပြင်ပကနေ ကူညီတဲ့ အလှူရှင်တွေ ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့ ကူညီတဲ့နေရာမှာ ကိုယ့်အမြင်နဲ့ကိုယ် ကူညီသွားတာကို တွေ့ရပါတယ်။ တချို့ကျတော့ ကိုယ့်အမြင်မဟုတ်ဘဲနဲ့ တကယ့်ကို ကူညီချင်တဲ့နိုင်ငံရဲ့ လိုအပ်ချက်တွေကို လေ့လာတာကိုတွေ့ရပါတယ်။ အဲဒါကသာ တကယ့် တန်ဖိုးရှိတာပါ။ နှစ်ခုစလုံးကတော့ စေတနာပေါ့။ ဒါပေမယ့် စေတနာရဲ့ တန်ဖိုးချင်းတောင်မတူပါဘူး။ လိုအပ်တဲ့နေရာ ကို ဖြည့်ဆည်းပေးတဲ့စေတနာဟာ မလိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့ စေတနာနဲ့ယှဉ်လို့မရပါဘူး။ ဒါကြောင့်မို့ အခု ကျွန်မတို့ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်မတို့ ပြောတာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အခု လက်ရှိ လိုအပ်ချက်တင်မဟုတ်ဘူး။ အနာဂတ် ကိုပါ ဝိုင်းဝန်းပြီး ကူညီဆောက်တည်ပေးရာ ရောက်ပါ တယ်။
သင်ခန်းစာယူရတယ်
ကျွန်မတို့နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် ဆောက်တည်တယ်ဆိုရင် ကြိုပြီးတော့ မြင်တတ်မှ သာလျှင် ဒီလို အောင်အောင်မြင်မြင်နဲ့ ဆောက်တည်နိုင် မှာပါ။ ကျွန်မကတော့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ တွေကို လေ့လာရတယ်။ အဲဒီကနေ သင်ခန်းစာယူရ တယ်။ ဒါပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြဲထပ်တူထပ်မျှ တော့ မရှိပါဘူး။ ကွာခြားချက်လေးတွေတော့ရှိပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေကို ကျွန်မ တို့ဟာ ကျွန်မတို့ လေ့လာရမယ်။ စဉ်းစားရမယ်။ ဆုံးဖြတ် ရမယ်။ သတ္တိရှိရှိနဲ့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးရမယ်။
လိုအပ်ချက်တစ်ခုဖြစ်
ကျွန်မစောစောကပြောသလို ကျွန်မတို့က ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးတွေလည်း ခံစား ရတယ်။ ဆိုးကျိုးလည်းရှိတာပဲ။ ကျွန်မတို့က ဘာကို ဆောင်ရမယ်။ ဘာကိုရှောင်ရမယ်ဆိုတာ ပိုပြီးတော့ သိနိုင် ပါတယ်။ ကျွန်မတို့အစိုးရဟာဆိုရင် မူအရကို အသက် မွေးဝမ်းကျောင်းပညာရေးစနစ်ကို အားပေးနေပါတယ်။ ဒီတော့ အသက်မွေးဝမ်းကျောင်းပညာရေးစနစ်ကို အားပေး တဲ့အခါမှာ အစိုးရဘက်ကတင် မဟုတ်ဘူး။ ပုဂ္ဂလိကဘက်နဲ့ တခြား ပြင်ပအလှူရှင်တွေဘက်ကလည်း ဝိုင်းဝန်းပြီး တော့ ကူညီမစပေးတာဟာ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အစိုးရဘက်ကချည်းပဲ ဖြည့်ဆည်းပေးမယ်ဆိုရင် လိုအပ်တဲ့ဖြည့်ဆည်းပေးမှု တွေကို အချိန်ယူပြီး အကောင်အထည်ဖော်ရမှာပါ။ အချိန် ဆိုတာလည်း သိပ်စောင့်လို့မဖြစ်ပါဘူး။ တခြားနိုင်ငံ တွေက ရှေ့ရောက်နေတဲ့အခါမှာ ကျွန်မတို့က နောက်ကနေ လိုက်မီဖို့ဆိုတာ ပိုပြီးတော့ကြိုးစားရမယ်။ ပိုပြီးတော့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်သွားရမှာ ဖြစ်ပါ တယ်။
လူငယ်ပိုင်းကများနေ
အခုလို အခမ်းအနားတစ်ခုမှာဆိုရင် ပြည်သူပြည်သား တွေဟာ တညီတညွတ်တည်း တက်တက်ကြွကြွနဲ့ အားပေး တာကို တွေ့ရတဲ့အတွက် ကျွန်မအင်မတန်မှ ဝမ်းသာ ပါတယ်။ နောက်တစ်ခု သတိထားမိတာက ကျွန်မတို့ ခရီးသွားတဲ့အခါမှာ ကြိုဆိုနေတဲ့ ပြည်သူပြည်သားတွေ ထဲမှာ ကျောင်းသားလူငယ်တွေအများကြီးကို တွေ့ရပါ တယ်။ ကျောင်းသားလူငယ်တွေ အများကြီးတွေ့ရတဲ့ အတွက် တစ်ခုကတော့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရ ဆိုရင် လူငယ်ပိုင်းကများနေတယ်။ လူငယ်ပိုင်းရာခိုင်နှုန်း များတာလည်းပါပါတယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေက ပညာလိုလားတယ်။ ပညာကို တန်ဖိုးထားတယ်ဆိုတာ ပြနေတာပါ။ အဲဒါကို ကျွန်မ သိပ်ပြီးသဘောကျတယ်။ ပညာကို လိုလားတန်ဖိုးထားတဲ့နိုင်ငံတစ်ခုက မုချမသွေတိုးတက်မှာပါ။ ကျွန်မတို့ အခက် အခဲတွေရင်ဆိုင်ရမယ်။ ဒီအခက်အခဲတွေကို ကျော်လွှား ဖို့အတွက် ကျွန်မတို့ ကြိုးစားရမယ်။ အပင်ပန်းခံရမယ်။ ဒါပေမယ့် ပညာကို မြတ်နိုးတယ်။ တန်ဖိုးထားတယ် ဆိုကတည်းကိုက ကျွန်မတို့ဟာ အားသာချက်ကြီးတစ်ခု ရှိနေပါပြီ။
ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက ပညာကို လေးစား တာ တန်ဖိုးထားတာဟာ ကျွန်မတို့ရဲ့ အစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းကကို ပညာတတ်ဖို့၊ ပညာ ကို လေးစားဖို့ အနန္တောအနန္တငါးပါးထဲမှာ မိဘဆရာဆိုပြီး ဆရာသမားများဟာပါတယ်။ ဆရာသမားများကို ကျွန်မ တို့က အနန္တောအနန္တငါးပါး ဆပ်လို့မကုန်တဲ့ ကျေးဇူးရှင် တွေလို့ သတ်မှတ်ရတဲ့အကြောင်းရင်းကတော့ ကျွန်မ တို့ကို ပညာပေးတဲ့ ပုဂ္ဂိုလ်တွေမို့ပါ။ မေတ္တာကမ္မဋ္ဌာန်း ထိုင်မယ်ဆိုရင် စစချင်း ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးတဲ့ အခါမှာ ကျေးဇူးရှင်များကို မေတ္တာပို့ရပါတယ်။ ကျေးဇူး ရှင်တွေကို မေတ္တာပို့တယ်ဆိုတာ ဆရာသမားတွေ ပါပါ တယ်။ ဒီဟာကို ဘာကြောင့်ရှင်းပြရလဲဆိုရင် ဒီလို မေတ္တာဘာဝနာပွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို မေတ္တာ ပို့ရတယ်ဆိုတာ အားလုံးနားလည်ပါတယ်။ ကိုယ်စိတ်ချမ်း သာချင်သလို သူများတွေလည်း စိတ်ချမ်းသာချင်မှာပဲဆိုတာ နားလည်အောင်လို့ ပထမဆုံး ကိုယ့်ကိုယ်ကိုမေတ္တာပို့ပြီး ဒုတိယဘာဖြစ်လို့ ကျေးဇူးရှင်များ ဆရာသမားများ အပါအဝင် မေတ္တာပို့သလဲလို့မေးရရင် ကျွန်မတို့ရဲ့ ဆရာသမားတွေကို တန်ဖိုးထားတယ်။ ကျွန်မတို့ ဆရာ သမားတွေရဲ့ ကျေးဇူးတွေကို ဘယ်လောက်အသိအမှတ်ပြု လဲဆိုတာကို ပြသတာပါပဲ။ ကိုယ့်ကျေးဇူးရှင်တွေကို မေတ္တာပို့ရတာ အင်မတန်လွယ်ပါတယ်။ တစ်ခါတလေ နှလုံးသွင်းလိုက်ရင် ကိုယ်ဘယ်လို ကျေးဇူးပြုခဲ့တာလဲ။ ကိုယ့်ဆရာသမားတွေဟာ ကိုယ့်ကိုဘယ်လို ကျေးဇူးပြုခဲ့ သလဲဆိုတာ စဉ်းစားလို့ကို မကုန်နိုင်ပါဘူး။ စဉ်းစားလို့ကို မဆုံးနိုင်ပါဘူး။
ယဉ်ကျေးမှုတစ်ခုဖြစ်
အခုထက်ထိ ကျွန်မတို့နိုင်ငံရဲ့ အင်မတန်မှ ချစ်စရာ ကောင်းတဲ့ အလေ့အထလေးတစ်ခုက ဆရာကန်တော့ပွဲ လုပ်တာပါ။ ဆရာကန်တော့ပွဲတွေကို နှစ်တိုင်းနှစ်တိုင်း လုပ်တာဟာ ကျွန်မတို့ရဲ့ အင်မတန်မှကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ ပညာကိုပူဇော်တာပါ။ ဆရာတွေကို ကန်တော့တယ်ဆိုတာ ပညာကိုပူဇော်တာပဲ။ ကျွန်မတို့ကို ပညာသင်ပေးခဲ့တဲ့ ဆရာသမားတွေကို ပူဇော်တာပဲဖြစ်ပါတယ်။ အခုဆိုရင် ကျွန်မတို့ကို ပညာ ပေးတဲ့အထဲမှာ ဆရာသမားတွေအပြင် ကျွန်မတို့ရဲ့ ပညာ ဌာနများ၊ ပညာရေးနဲ့ပတ်သက်တဲ့ကျောင်းများ၊ အဆောက် အအုံများကို ဆောက်နိုင်ဖို့အတွက် ရှင်သန်အောင် တည်ဆောက်ပေးကြတဲ့ ပုဂ္ဂိုလ်များအားလုံးဟာလည်း ကျွန်မတို့ရဲ့ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ အားလုံးဟာ ကျွန်မတို့ကို ပညာပေးတာပါ။ ပညာပေးတဲ့ နေရာမှာ ဝိုင်းဝန်းပြီးကူညီသူတွေဖြစ်ပါတယ်။ အခု ပန္နက်ရိုက်ပွဲကို ကျွန်မတို့လာပြီးဖွင့်ရတာ ပါဝင်ရတဲ့ဟာ တစ်နည်းအားဖြင့် နောင်လာမယ့်မျိုးဆက်တွေကို ကျေးဇူး ပြုမယ့်သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ လာတာဖြစ်ပါ တယ်။ အဲဒီအတွက်လည်း ကျွန်မအင်မတန်မှ ဝမ်းသာ ဂုဏ်ယူပါတယ်။
ကျွန်မ အခုစီးပွားရေးနဲ့ ပညာရေးစနစ်ဆက်စပ်မှု လေးကိုတော့ ပြောချင်ပါတယ်။ အဲဒီဟာက အထူးသဖြင့် နည်းပညာ အသက်မွေးဝမ်းကျောင်းပညာစနစ်နဲ့ဆိုရင် အင်မတန်မှ နီးစပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး စနစ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ချိတ်ဆက်ပြီး တော့လုပ်မှ အောင်မြင်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးအရ လိုအပ်တဲ့ပညာတွေကို ပညာရေးစနစ် ဘက်ကနေ ဖွံ့ဖြိုးအောင်ပံ့ပိုးပေးမှ စီးပွားရေးလုပ်ငန်း တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အောင်မြင်နိုင် မှာ ဖြစ်ပါတယ်။
နည်းပညာတွေ အများကြီးလိုအပ်
ကျွန်မတို့နိုင်ငံဟာဆိုရင် အခုထက်ထိ လယ်ယာ စိုက်ပျိုးခြင်းကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သို့သော်ငြားလည်း လယ်ယာစိုက်ပျိုးခြင်းက ဟိုးအရင်က တည်းက နှစ်ရာထောင်နဲ့ချီတဲ့ အချိန်အခါကတည်းက စပြီးတော့ ကျွန်မတို့နိုင်ငံမှာ ထွန်းကားခဲ့တဲ့စနစ်ပါ။ ဒါပေ မယ့် ဒီစနစ်ကို ခုခေတ်နဲ့ကိုက်ညီအောင် အခုခေတ် စီးပွား ရေးစနစ်နဲ့ကိုက်ညီအောင် လုပ်ဖို့ဆိုရင် နည်းပညာတွေ အများကြီး လိုအပ်ပါတယ်။ နည်းပညာတွေနဲ့ ပံ့ပိုးပြီးတော့ ကျွန်မတို့ အရင်တုန်းကတည်းကသုံးခဲ့တဲ့ အားကိုးခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးနည်းစနစ်တွေ ပိုပြီးတော့ ထွန်းကား အောင်၊ ပိုပြီးတော့ ဖွံ့ဖြိုးအောင် ကျွန်မတို့လုပ်နိုင်ပါ တယ်။ ဒါကြောင့်မို့ အခုနည်းပညာ တက္ကသိုလ်မှာ၊ SHIN RAI ကနေဖွင့်မယ် ကျောင်းမှာဆိုရင် နည်းပညာတွေ သင်ပေးပါမယ်ဆိုလို့ ကျွန်မဝမ်းသာပါတယ်။
နောက်ပြီး နိုင်ငံခြားဘာသာစကားတွေ သင်ပေးမယ် ဆိုတာကလည်း ကျွန်မတို့ရဲ့ကမ္ဘာကြီးကို အင်မတန်မှ ကျယ်ပြန့်သွားစေပါတယ်။ ကျွန်မတို့နိုင်ငံတစ်ခုလုံးတင် မဟုတ်ဘဲနဲ့ ကမ္ဘာကြီးနဲ့ဆက်သွယ်နိုင်မယ့် အခြေအနေ ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ နည်းပညာခေတ်နဲ့
ကိုက်ညီတဲ့ နည်းပညာတွေကို သင်ပေးမယ်ဆိုလို့ ကျွန်မ တို့ အင်မတန်မှဝမ်းသာတယ်။ ဒါကျွန်မတို့ လိုအပ်ချက် တွေပဲ။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေး ကျွန်မခန့်မှန်း ရတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေ များနဲ့ အခုချိန်မှာ မိတ်ဆွေမဖြစ်သေးပေမယ့် နောင် မိတ်ဆွေဖြစ်မယ့်ပုဂ္ဂိုလ်များနဲ့ ပေါင်းသင်းဆက်ဆံရေး တွေကိုလည်း သင်ပေးတယ်ဆိုတာလည်း ကျွန်မ ဝမ်းသာ ပါတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးဆိုတာ ကျောင်းကပဲသင်ပေးလို့ မရပါဘူး။ တကယ်တော့ မိဘ တွေကနေစပြီး သင်ပေးရမှာပါ။ ဒါကိုယ့်ရဲ့ မိဘအသိုင်း ဝိုင်းကနေပြီးတော့ စတင်ပြီးတက်လာမှ ကျောင်းကနေ ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ဖွံ့ဖြိုးရေး
ကျွန်မကို မိတ်ဆွေတစ်ယောက်က ပြောပါတယ်။ ကျောင်းတွေမှာ စိတ်ဓာတ်ရေးရာနဲ့ဆိုင်တဲ့ ဘာသာရပ် တွေပိုပြီးသင်ပေးပါ။ စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက်ကို ပိုပြီး တော့ အဓိကထားပြီး လုပ်ဆောင်ပေးပါလို့ပြောတော့ ကျွန်မတို့လည်း ကြိုးစားနေပါတယ်လို့ ပြောခဲ့ပါတယ်။ ဥပမာဆိုရင် အခုပြည်သူ့နီတိကို ပြန်ပြီးသင်ပါပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းက အားလုံးပြည်သူ့နီတိသင်ရတယ်။ နောက်နှစ်ပေါင်းများစွာ ပြည်သူ့နီတိမသင်တော့ဘူး။ တစ်ခါတလေ ကျွန်မစဉ်းစားတယ်။ သင်ဖို့မလိုလို့ မသင် တာလား။ ပြည်သူတွေ သိပ်တတ်သွားမှာစိုးလို့ မသင်တာ လား။ ပြည်သူ့နီတိကိုမသင်တာ တော်တော်ကြာသွား တယ်။ အခုကျတော့ ပြန်ပြီးပြည်သူ့နီတိကိုသင်ပါပြီ။ ပြည်သူ့နီတိသင်ရတဲ့အကြောင်းရင်းကတော့ ပြည်သူတိုင်း ပြည်သူတိုင်းမှာ ကိုယ်ရဲ့ရပိုင်ခွင့်တွေရှိသလို တာဝန်တွေ လည်းရှိတယ်ဆိုတာ အခြေခံအားဖြင့် ဒါကိုသင်ပေးတာ ပါပဲ။
တာဝန်နဲ့ အခွင့်အရေး အမြဲဒွန်တွဲနေ
ဥပမာဆိုရင် ကျောင်းကောင်းတွေက ကလေးတွေမှာအခွင့်အရေးတွေရှိပါတယ်။ ဒီလိုကျောင်းကောင်းကြီးမှာ ပညာသင်နိုင်ဖို့အခွင့်အရေးတွေအများကြီးရှိသလို ဒီလို ကျောင်းမျိုးကို သန့်သန့်ပြန့်ပြန့်နဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းသွားဖို့လည်း တာဝန်ရှိပါတယ်။ ဒီလိုကျောင်း တွေမှာ တက်ရတဲ့အခွင့်အရေးကိုသုံးပြီးတော့ ပညာ ရအောင် ကြိုးစားဖို့လည်းတာဝန်ရှိပါတယ်။ တာဝန်နဲ့ အခွင့်အရေးအမြဲ ဒွန်တွဲနေတယ်ဆိုတာကို အခြေခံ အားဖြင့် ပြည်သူ့နီတိကနေ တိုင်းပြည်တစ်ပြည်လုံးအတွက် သင်ပေးလိုက်တာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးဆိုတာ နောက်ဆုံးတော့ ဒါပါပဲ။ အပေးအယူအပေါ်မှာ အခြေခံပါ တယ်။ အပေးအယူမျှတမှ မှန်ကန်တဲ့လူမှု ဆက်ဆံရေးလို့ ကျွန်မတို့ပြောလို့ရမှာပါ။ ဒါကြောင့်မို့ ဒီကျောင်းကနေ ပြီးတော့ ပေါင်းသင်းဆက်ဆံရေးတွေပါ သင်ပေးမယ်ဆိုလို့ ကျွန်မအင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ ပြည်တွင်း တွင်မဟုတ်ဘူး။ ပြည်ပနိုင်ငံတွေနဲ့လည်း မှန်ကန်တဲ့ အပေးအယူတွေလုပ်နိုင်ဖို့ သင်ပေးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီမျှော်လင့်တဲ့အတိုင်းလည်း ဖြစ်ပေါ် လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။
တစ်နိုင်ငံလုံးရဲ့ တိုးတက်ရေး
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် အခုအခမ်းအနားကို တက်ရောက်လာတဲ့အခါမှာ ပညာရေးဝန်ကြီးဌာနတင် မဟုတ်ဘူး။ ကျန်းမာရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ပညာရေးဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာ ပြတာ ပါ။ ပညာရေးဆိုတာ ကျန်းမာရေးရော ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါ ဆက်စပ်နေတယ်။ ဒီဟာတွေအားလုံး စုပေါင်းရင် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးရဲ့ တိုးတက်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်လာတဲ့ မိတ်ဆွေတွေ အားလုံးကို၊ ဧည့်သည်တော်တွေအားလုံးကို ထပ်လောင်းပြီး ကျေးဇူးတင်တယ်လို့ ပြောကြားရင်း ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်မတို့နိုင်ငံရဲ့ ပညာထွန်းကား ရေးအတွက် ဝိုင်းဝန်းပြီး ဆက်လက်ကူညီကြပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ”ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ဆောက်လုပ်မည့်မြေနေရာတွင် ပန္နက်တင်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဂျပန်သံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာ သူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အမှတ်တရသစ်ပင်စိုက်ပျိုး
ဆက်လက်၍ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း အခမ်း အနားကို ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သရက်ပင်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဇနီးက ချယ်ရီပင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကံ့ကော်ပင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကံ့ကော်ပင်နှင့် SHIN RAI ကုမ္ပဏီမှ Mr. Yoshie က ချယ်ရီပင်တို့ကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးကြသည်။
သီးခြားတွေ့ဆုံဆွေးနွေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီးတို့သည်နားနေဆောင်၌ သီးခြားတွေ့ဆုံဆွေးနွေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ SHIN RAI INTERNATIONAL VOCATIONAL INSTITUTE စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် လေးဒေါင့်ကန် (တောင်ပိုင်း)ရပ်ကွက်ရှိ ကွင်းအမှတ်(၁၁၀၂ A)၊ တော်ခရားကွင်း-ဦးပိုင်အမှတ် (၃၃/၃၉+၄၀) မြေဧရိယာ (၂၃ဒသမ၅)ဧကပေါ်တွင် Phase -1 ၊ Phase-2 ၊ Phase -3 အပိုင်း သုံးပိုင်းခွဲကာ အကောင်အထည်ဖော်တည်ဆောက်သွား မည်ဖြစ်ပြီး စီမံကိန်း ကနဦးအနေဖြင့် Phase -1 ကို ၂၀၂၀ ပြည့်နှစ်အစပိုင်းမှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပညာသင်စေလွှတ်သွားမည်
သင်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆရာဆရာမ များအား ဖင်လန်နိုင်ငံသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကျောင်းတွင် တက်ရောက်သင်ယူကြမည့် ကျောင်းသားများကိုလည်း ဖင်လန်နိုင်ငံမှ Certificate ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကျောင်းသို့ တက်ရောက်ရန် ကျောင်းသားများလက်ခံရာတွင် တိုင်းရင်း သားဒေသများမှ ကျောင်းသားများကို ဦးစားပေးခေါ်ယူ သွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသားများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment