Sunday, December 29, 2019

မြန်မာဂန္ထဝင် အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ (၄၊ ၅၊ ၆)စာအုပ်များ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ




Image may contain: 17 people, people smiling, people standing and indoor
ရန်ကုန် ဒီဇင်ဘာ ၂၈



ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စီစဉ်ထုတ်ဝေမည့် မြန်မာဂန္ထဝင် အတွဲ(၁၀၀)စာစဉ်ဝတ္ထုရှည် အတွဲ (၄၊ ၅၊ ၆) စာအုပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာဂန္ထဝင် အတွဲ(၁၀၀) စာစဉ် ထုတ်ဝေရေးကော်မတီဝင်များ၊ စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သောပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင်သည့် စာရေးဆရာကြီးများ၏မိသားစုဝင်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကား ပြောကြားသည်။
မိတ်ဆက်စကားပြောကြား
ယင်းနောက် မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ်ထုတ်ဝေရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ဝတ္ထုရှည်အတွဲ(၄၊ ၅၊ ၆) နှင့်ပတ်သက်၍ စာစဉ်မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာအုပ်(၃)အုပ်တွင် စာစဉ်မိတ်ဆက်နိဒါန်းရေးပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေး ခဲ့ကြသည့် ပညာရှင်ကြီးများအတွက် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ရာ ပညာရှင် ကြီးများကိုယ်စား ဆရာဦးမော်လင်း(မိုးဇံ)က လက်ခံရယူသည်။
ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဝတ္ထုရှည် အတွဲ(၄) “တပင်ရွှေထီး” စာအုပ်ရေးသားသူဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မူပိုင်ခွင့်ဆက်ခံသူ တူဖြစ်သူ ဆရာဦးမြင့်ဦး(မောင်သင်းခိုင်-ပျဉ်းမနား)၊ ဝတ္ထုရှည် အတွဲ (၅)တွင် ပါဝင်သည့် “နားခံတော်”စာအုပ်ရေးသားသူ ဆရာကြီးရွှေစကြာ ဦးစိုးမြင့်၏ မူပိုင်ခွင့်ဆက်ခံသူကိုယ်စား ဆရာဦးကြည်ဝင်း(လောကအမွန်)နှင့် ဝတ္ထုရှည်အတွဲ(၅)တွင် ပါဝင် သည့် “ကောလိပ်ကျောင်းသား” စာအုပ်ရေးသားသူ ဆရာကြီးဇဝန၏ မူပိုင်ခွင့်ဆက်ခံသူများကိုယ်စား ဆရာကြီးဇဝန၏သမီးများ အား မူပိုင်ခွင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။
မူပိုင်ခွင့်ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝတ္ထုရှည်အတွဲ (၆)တွင် ပါဝင်သည့် “တို့မေမေ” စာအုပ်ရေးသားသူ ဆရာကြီးမဟာဆွေ၏ မူပိုင်ခွင့် ထိန်းသိမ်းရေးအဖွဲ့ဝင် ဆရာမ မဝိုင်း(ကံ့ကော်ဝတ်ရည်စာပေတိုက်)နှင့် ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “ပန်းသာမစာဥ” စာအုပ်ရေးသားသူ ဆရာကြီးသခင်ဘသောင်း၏ မူပိုင်ခွင့်ဆက်ခံသူ သမီးဖြစ်သူ ဒေါ်သစ်သစ် သောင်းအား မူပိုင်ခွင့်ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာဂန္ထဝင်အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ(၄)တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသည့် “တပင်ရွှေထီး”(၁၉၂၄)၊ စာစဉ်ဝတ္ထုရှည် အတွဲ (၅) တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး ရွှေစကြာ ဦးစိုးမြင့်ရေးသားသည့် “နားခံတော်” စာအုပ်(၁၉၃၂)နှင့် ဇဝန၏ “ကောလိပ်ကျောင်းသား” စာအုပ်(၁၉၃၇)၊ ဝတ္ထုရှည် အတွဲ(၆)တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး မဟာဆွေရေးသားသည့် “တို့မေမေ” (၁၉၃၆)နှင့် သခင်ဘသောင်း၏ “ပန်းသာမစာဥ” စာအုပ်(၁၉၃၆)တို့ ပါဝင် သည်။ သတင်းစဉ်

No comments:

Post a Comment