Friday, November 15, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏အကြံပြုဆွေးနွေးဝိုင်းသို့ တက်ရောက်မိန့်ခွန်းပြောကြား
Image may contain: 1 person, standing
နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အကြံပြုဆွေးနွေးဝိုင်းသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာနှင့်
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီး များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ခွန်းဆက်
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန် ရည်ရွယ်သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာကြသူအားလုံးကို ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါကြောင်း။
ယနေ့ကျင်းပသော ဆွေးနွေးဝိုင်းကို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ) က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်သည့် ငြိမ်းချမ်းရေး အတွက် ကိုးကွယ်ရာဘာသာများ Religions for Peace– International (RfP)အဖွဲ့ကြီးနှင့်အတူ ပူးပေါင်းလျက် စီစဉ် ကျင်းပခြင်းဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာကြီးများ အဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အကြား တံတားတစ်စင်း သဖွယ် ပေါင်းကူးပေးလိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ အဆိုပါအဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည် လူသားဖွံ့ဖြိုး ရေးကို မြှင့်တင်ပေးရန်လည်းကောင်း၊ ကမ္ဘာကြီးအား ကာကွယ်စောင့်ရှောက်ပေးရန်လည်းကောင်း၊ တရားမျှတ ပြီး သဟဇာတရှိသော လူ့အဖွဲ့အစည်းများအဖြစ်သို့ မြှင့်တင် ပေးရန်ဖြစ်ပါကြောင်း။
တရားမျှတမှုနှင့် သဟဇာတဖြစ်မှု
မိမိတို့ မျှော်မှန်းတောင့်တလျက်ရှိကြသော စည်ပင် ၀ပြောမှုရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ထူထောင်ရေးတွင် ငြိမ်းချမ်းရေးအရေးပါပုံကို မြန်မာနိုင်ငံရှိ မိမိတို့အားလုံး သံသယအလျဉ်းမရှိကြပါ ကြောင်း၊ ငြိမ်းချမ်းရေးထွန်းကားခြင်းမရှိပါက ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သကဲ့သို့ သဟဇာတ ဖြစ်မှုနှင့် တရားမျှတမှုတို့လည်း ရှိနိုင်မည်မဟုတ်ပါကြောင်း၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုတို့သည် ဘာသာတရား အများအပြား၏ အဆုံးအမဩဝါဒများအနက် အခြေခံအကျ ဆုံး သဘောတရားများပင် ဖြစ်ပါကြောင်း၊ အဆုံးအမဩဝါဒ များအတိုင်း နာခံကျင့်ကြံကြခြင်းဖြင့် မိမိတို့ မြန်မာနိုင်ငံ၌ အဆုံးတစ်နေ့တွင် တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့ ထွန်းကားလာမည်မှာ သေချာပါကြောင်း။
ဘာသာရေးအဆုံးအမ သွန်သင်ချက်များသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကောင်းကျိုး စီးပွားတို့အတွက် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များ ပင်ဖြစ်ပါကြောင်း၊ ယင်းသို့သော အဆုံးအမများသည် လူသားတို့ကို စိတ်ကောင်းနှလုံးကောင်းရှိသူများအဖြစ်သို့ ရောက်ရှိစေပြီး စိတ်၏ငြိမ်းချမ်းခြင်းကို ပေးစွမ်းပါကြောင်း။
မိမိတို့၏ စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာနှင့် နိုင်ငံ ရေးရာတို့ကို မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာများအဖြစ် ပုံသွင်းပေးနိုင်စဉ်မှာပင် ဘာသာရေး ခေါင်းဆောင်များက သဟဇာတရှိသော လူ့ဘောင်ကို တည်ထောင်ရေး၊ ငြိမ်းချမ်းလုံခြုံသော ကမ္ဘာကြီးအဖြစ် ထူထောင်ရေးတို့အတွက် သက်ဆိုင်ရာဘာသာတရား အသီး သီး၏ အဆုံးအမဩဝါဒများအတိုင်း လူတို့ကျင့်ကြံအားထုတ် လာကြစေရန် ဦးဆောင်လမ်းပြလျက်ရှိကြပါကြောင်း၊ အထူးအားဖြင့် မတူကွဲပြားသော ဘာသာတရား ကိုးကွယ် ယုံကြည်မှုတို့အကြား အပြန်အလှန်လေးစားမှုနှင့် အပြန် အလှန်နားလည်မှုတို့ ရှိကြခြင်းဖြင့် လူသားမျိုးနွယ်တစ်ရပ် လုံး ငြိမ်းချမ်းလုံခြုံမှုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါ ကြောင်း။
ပြုလုပ်ခဲ့ပြီးဖြစ်
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ၏ ပထမအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် လည်း ကောင်း၊ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို RfP အဖွဲ့ နှင့် ပူးပေါင်းလျက် ၂၀၁၉ ခုနှစ် မေ ၇ ရက်မှ ၈ ရက်အထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်လည်းကောင်း ပြုလုပ် ခဲ့ပြီးဖြစ်ပါကြောင်း။
အာရှတိုက်ဒေသလုံးဆိုင်ရာ ဘာသာပေါင်းစုံညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ် ၅ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ စိန့်မေရီကာသိဒြယ် ဘုရားကျောင်း၌ ပြုလုပ် ခဲ့ပါကြောင်း၊ ၎င်းအပြင် မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သည် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ ဂျာမနီ နိုင်ငံ လင်ဒေါမြို့၌ ကျင်းပသော ဒသမအကြိမ် ငြိမ်းချမ်းရေး ဆိုင်ရာ ဘာသာကြီးများ၏ ကမ္ဘာ့ညီလာခံသို့ တက်ရောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် ဆွေးနွေးဝိုင်းနှစ်ခု၏ ရလဒ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနိုင်ခဲ့ပါကြောင်း။
ယင်းဆွေးနွေးဝိုင်းများသည် မြန်မာနိုင်ငံရှိ မတူ ကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက်ဖြစ်ပေါ် လာခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေလိမ့်မည် ဖြစ်ပါ ကြောင်း၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများကို တားဆီး ကာကွယ်ကြရမည်ဖြစ်ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများအတွင်း ဒုက္ခရောက်ရသူများကို ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရ မည် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး အစီအစဉ်များ ကို သွက်သွက်လက်လက် ထိထိရောက်ရောက် အကောင် အထည်ဖော်ပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကိုးကွယ်ရာဘာသာကြီးများသည် တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်မှုနှင့်အတူ လက်တွဲလုပ်ဆောင်ကြခြင်းဖြင့် မိမိတို့ ၏ နိုင်ငံတော်ထူထောင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြစေရန် သွန်သင်ဆုံးမပေးနိုင်မည် ဖြစ်ပါ ကြောင်း။
မိမိတို့၏ လောကီလူ့ဘောင်အတွင်း အဖျက်သဘော ဆောင်သော အင်အားစုများအပေါ် မိမိတို့ကျော်လွှား လွန်မြောက်ရေးတွင် လူသားတို့၏ စွမ်းပကားအပေါ် မိမိတို့ ယုံကြည်ရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့မျှော်မှန်းသော ငြိမ်းချမ်း ရေးတည်ဆောက်မှုလုပ်ငန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ယုံကြည်မှု ခိုင်မာလာစေရေးအတွက် ပါဝင်ကူညီနိုင် ကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ကျေးဇူးတင်ဝမ်းမြောက်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ်မြောက် အကြံပြု စကားဆွေးနွေးဝိုင်းတွင် ယခုလို ပထမဆုံးအကြိမ် အမှာ စကားပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက် ဝမ်းသာဖြစ်ရပါသည်ဟု ပြောကြားလိုပါကြောင်း။
ယခုတစ်ကြိမ်ကျင်းပသည့် ဆွေးနွေးဝိုင်းတွင် ဆွေးနွေးကြမည့် အကြောင်းအရာများသည် မိမိတို့နိုင်ငံ တော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားစေ ရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ကောင်းစွာထင်ဟပ် အထောက်အကူဖြစ်စေ နိုင်မည်ဟု မိမိသတိပြုမိပါကြောင်း။
မိမိတို့အနေဖြင့် လောကပါလတရားများ ထွန်းကား ရန် နိုင်ငံတွင်း၌သာမက နိုင်ငံတကာဆက်ဆံရေးမှာလည်း “နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံ ရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားတာဖြစ်ပါ ကြောင်း။
တည်ငြိမ်အေးချမ်း
ကမ္ဘာ့လူသားအားလုံးအတွက် အခြေခံလိုအပ်ချက် သည် စား၊ ဝတ်၊ နေရေး ဖူလုံရန်ပင်ဖြစ်ပါကြောင်း၊ အေးချမ်း စွာ လုပ်ကိုင်စားသောက်ခွင့်ရရှိရန်ပင် ဖြစ်ပါကြောင်း၊ ထိုအခြေခံလိုအပ်ချက်အတွက် အရေးအကြီးဆုံးမှာ ငြိမ်းချမ်းရေး၊ တစ်နည်းအားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေးပင် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုအတွက် တရား မျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် လောက ပါလတရားများ ထွန်းကားရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ဘာသာတရားအသီးသီး၏ တူညီသော လမ်းညွှန်မှုအဆုံးအမများမှာ မေတ္တာနှင့်ယှဉ်ပြီး နေထိုင်ကြ ရန်၊ မကောင်းမှု (အကုသိုလ်)ကို ရှောင်ကြဉ်ပြီး ကောင်းမှု (ကုသိုလ်)ကိုသာ လုပ်ဆောင်ကြရန်၊ မေတ္တာ၊ ကောင်းမှု၊ မကောင်းမှုတို့ကို ခွဲခြားသိမြင်နိုင်သော အသိပညာ (Wisdom)များကို ရှာမှီးကြရန်၊ ကောင်းမှုကိုသာပြုပြီး မကောင်းမှုကိုမပြုသည့် ကိုယ်ကျင့်သီလ (Character)ကို စောင့်ထိန်းကြရန် စသည်တို့ ဖြစ်ပါကြောင်း။
ဤနေရာတွင် လောကပါလတရားဖြစ်သည့် တရားမျှတခြင်းနှင့် ပတ်သက်၍ “နိုင်ငံတော်သည် မည်သူ့ ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေ ရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟု ပြောဆိုထားပါကြောင်း၊ ထို့အတူ တန်းတူညီမျှခြင်းနှင့် ပတ်သက်ပြီး “နိုင်ငံတော် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုး သမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ”ဆိုပြီး ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါကြောင်း၊ လွတ်လပ် ခြင်းနှင့် ပတ်သက်၍လည်း လူတစ်ဦးချင်းစီ၏ ဥပဒေနှင့် အညီ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ပြဋ္ဌာန်းပေး ထားခြင်းလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဥပဒေအရ လေးစားလိုက်နာရေး အကောင်အထည်ဖော် ကျင့်သုံးခြင်းမှာ အဓိကကျပါသည်ဟု ပြောလိုပါကြောင်း။
အလေးအမြတ်ထား
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုးကွယ်ရာဘာသာဝင် မတူညီသည့် နိုင်ငံသားများ ရှိနေကြသော်လည်း နိုင်ငံသား အများစု ကိုးကွယ်ကြသည့်ဘာသာကို နိုင်ငံတိုင်းက အလေး အနက်ထားကြပါကြောင်း၊ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၇၃ ရာခိုင်နှုန်းခန့်၊ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာ ကိုးကွယ်သူ ၈၀ ရာခိုင်နှုန်းခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ် ဘာသာကိုးကွယ်သူ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြပြီး နိုင်ငံသားအများစု ကိုးကွယ်သည့်ဘာသာကို ယင်းနိုင်ငံများ က အလေးအမြတ်ထားကြသည်ကို သတိပြုကြရမည် ဖြစ်ပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံ၌ ရှေးအကျဆုံး ပျူခေတ်ကာလ ကတည်းက ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ ရှိနေပြီဆိုသည့် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ ကို တွေ့ရှိရပြီး ပထမမြန်မာနိုင်ငံတော်ဖြစ်သည့် အေဒီ ၁၁ ရာစု ပုဂံခေတ်မှစ၍ ထေရဝါဒဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ခဲ့ကြသည်ကို ပုဂံဘုရားများက သက်သေပြနေပါ ကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာကို ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားအများစုက စဉ်ဆက်မပြတ် ခိုင်ခိုင်မာမာ ကိုးကွယ်ခဲ့ကြသည်ဆိုသည့် သမိုင်းအထောက်အထားများ ကိုလည်း ထင်ရှားစွာ တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ကိုလိုနီခေတ်ရောက်သည့်အခါမှသာ ခရစ်ယာန်ဘာသာ နှင့် အခြားဘာသာကိုးကွယ်သူများ တိုးပွားလာသည်ကို တွေ့ရပါကြောင်း။
ဤယနေ့တိုင်အောင်လည်း မြန်မာနိုင်ငံလူဦးရေ၏ ၇၈ ရာခိုင်နှုန်းခန့်သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာများကိုလည်း နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများအဖြစ် အသိအမှတ်ပြုထားပါကြောင်း။
မြန်မာစာသည် ပြည်ထောင်စု၏ တရားဝင်ရုံးသုံးစာ ဖြစ်ပြီး ပညာသင် ကြားရေးကို တိုင်းရင်းသားပြည်သူအားလုံး တညီတညွတ်တည်းဆောင်ရွက်မှသာ မြန်မာ့ပညာရေး သည် မျှော်မှန်းထားသလို တိုးတက်လာစေရန် အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့ မျှော်မှန်းထားသည့် အတိုင်း နိုင်ငံသားတိုင်း အနိမ့်ဆုံးအလယ်တန်းအဆင့် ပညာတတ်မြောက်ရေးနှင့် ကောင်းမွန်သော အသိပညာ၊ အတတ်ပညာများရရှိအောင် မိမိတို့ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
သစ္စာစောင့်သိရိုသေ
မည်သည့်ဘာသာကို ကိုးကွယ်ကြသည်ဖြစ်စေ မိမိတို့ အားလုံးသည် မြန်မာနိုင်ငံသား “မြန်မာ”များသာဖြစ်သဖြင့် မြန်မာစိတ်မွေးပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေ ကြရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာ ရေးဓလေ့ထုံးစံများအပေါ် မှီငြမ်းဆောင်ရွက်ရခြင်းမျိုး ရှိကောင်းရှိမည်ဖြစ်သော်လည်း မိမိအယူအဆနှင့် မိမိ ဆောင်ရွက်ခြင်းများတွင် ဘာသာရေးကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်ပါကြောင်း၊ လှုံ့ဆော်မှုမျိုးကိုလည်း အားမပေးသင့်ဟု မိမိပြောလိုပါ ကြောင်း။
ယနေ့ မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ် ဆိုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကာလတွင် မိမိတို့နိုင်ငံ သည် ပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းနေခြင်းဖြစ်၍ မိမိတို့၏ လိုလားချက်များ ကို လက်နက်ကိုင်ပြီး တောင်းဆိုနေ၍ မဖြစ်ပါကြောင်း၊ လက်နက်များကို ဘေးချပြီး ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုချင်သည့် စိတ်ရှိမည်ဆိုလျှင် ငြိမ်းချမ်း ရေး မရစရာ အကြောင်းမရှိဘူးဟုလည်း ပြောလိုပါကြောင်း။
ငြိမ်းချမ်းရေးလမ်းကြောင်းမှန်
NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှုပြီး မှန်ကန်သော မေတ္တာ၊ စေတနာများနှင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ကြလိမ့်မည်ဟု ပြည်သူအများက မျှော်လင့်နေကြသကဲ့သို့ ပါဝင်လက်မှတ်ရေးထိုးရခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်ဥပဒေပြင်ပ လုပ်ရပ်များ၊ အကြမ်းဖက် လုပ်ရပ်များကို စွန့်လွှတ်၊ ပြည်သူ့မျက်နှာကိုသာ ထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြပါဟု ထပ်မံဖိတ်ကြားအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျင်းပ ပြုလုပ်သော ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း မှ ဆွေးနွေးမှုရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ပဋိပက္ခအားလုံး၏ အရင်းအမြစ် ဖြစ်သည့် အသိဉာဏ်ပညာ အားနည်းမှု၊ အကျင့်သီလ အားနည်းမှု၊ စာရိတ္တ၊ အတ္တ အကျိုးစီးပွား ရှေ့တန်းတင်မှု များကို လျှော့ချနိုင်ပြီး လူမျိုး၊ ဘာသာ မခွဲခြားဘဲ “တိုင်း ပြည်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် ခံယူချက် ဖြင့် မြန်မာနိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ငြိမ်းချမ်းအောင်၊ လောကပါလတရားများ ပိုမိုထွန်းကားအောင် ဆောင်ရွက်နိုင်ကြပါစေ၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာက ယခုကဲ့သို့ ဘာသာပေါင်းစုံ ခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးအတွက် ရည်စူး၍ ယခုကဲ့သို့ ဖိုရမ်ကို နှစ်စဉ် ခေါ်ယူကျင်းပခြင်းကို မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လှိုက်လှဲစွာ ကြိုဆိုထောက်ခံ ပါကြောင်း။
မငြိမ်းချမ်းခဲ့သည့် နှစ်များ
မငြိမ်းချမ်းခဲ့သည့် နှစ်များတွင် တစ်ပြည်လုံးအတိုင်း အတာဖြင့် အတိဒုက္ခ ရောက်ကြရသည်ဆိုသော်လည်း မိမိတို့ တိုင်းရင်းသားဒေသများတွင် ပိုမိုဆိုးရွားသည့် လူမှု ဘဝဒုက္ခများကို ကြုံတွေ့ကြရပါကြောင်း၊ မိမိကိုယ်တိုင် သုံးနှစ်သား အရွယ်ကပင် မွေးရပ် (ကဿပ)ရွာ ယခုသထုံ ခရိုင်တွင် ပြည်တွင်းပဋိပက္ခကြောင့် ရွာမီးလောင်ခဲ့ရပြီး စစ်ပြေးဖြစ်ခဲ့ရပါကြောင်း၊ နေ့စဉ်နှင့်အမျှ ညအမှောင်သန်း လာပြီဆိုလျှင်ပင် လူကြီးမိဘများမှအစ ကလေးသူငယ် များအားလုံး စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုများနှင့် ခက်ခဲကြမ်းတမ်း သည့်ဘဝကို ဖြတ်သန်းခဲ့ကြရပါကြောင်း။
ယခုလက်ရှိ IDP ဟု ခေါ်ဝေါ်ထားသည့် စစ်ဘေး ရှောင်များကို ဘဝအတွေ့အကြုံအရ မိမိနှင့် ထပ်တူခံစား၊ စာနာသနားမိသည်မှာ အမှန်ဖြစ်ပါကြောင်း။
မိမိတို့ တွေ့ကြုံနေကြရသည့် အကြမ်းဖက်ပဋိပက္ခ (သို့မဟုတ်) လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေး ကြောင့် ပေါ်ပေါက်လာရသည့် နိုင်ငံရေးပြဿနာများဟု အားလုံးက ခံယူထားကြပါကြောင်း၊ သို့သော် နိုင်ငံရေး ပြဿနာဆိုသော်လည်း ပဋိပက္ခတွင် ပါဝင်ကြသည့် ဘက်ပေါင်းစုံက နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက် အင်အားဖြင့်သာ ဗဟိုပြုဖြေရှင်းနေကြသည်ကို ဝမ်းနည်း ဖွယ်ရာ တွေ့မြင်နေရပါကြောင်း၊ အထူးသဖြင့် လက်နက်မဲ့/ အပြစ်မဲ့ ကြားခံပြည်သူများကို ပစ်မှတ်ထားပြီး စစ်ရေး အပြုအမူများ ဆောင်ရွက်နေကြသည်ကို တွေ့ရသည့် အတွက် အထူးကြေကွဲဝမ်းနည်းကြရပါကြောင်း။
လက်သည်းဆိတ် လက်ထိပ်နာ
သို့သော် ၁၉၄၈/ ၁၉၄၉ ခုနှစ်ကကဲ့သို့ တစ်နိုင်ငံလုံး အနှံ့အပြားမဖြစ်ဘဲ နိုင်ငံ၏ အစိတ်အပိုင်းအချို့မှာသာ ဖြစ်နေသည့်အတွက် အတော်အတန် သက်သာရာရစေပါ ကြောင်း၊ သို့သော်လည်း လက်သည်းဆိတ် လက်ထိပ်နာ ဆိုသကဲ့သို့ ပြည်ထောင်စုတစ်ခုလုံး၏ နိုင်ငံရေးတည်ငြိမ် အေးချမ်းမှုကို များစွာထိခိုက်စေပြီး အားလုံးက ကြိုးပမ်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးကြန့်ကြာစေပါကြောင်း။
ယခုကဲ့သို့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် "လူသားဝါဒ" ပြန်လည်ထွန်းကားရန် တစ်ဦးမေတ္တာတစ်ဦး မှာ ဆိုသကဲ့သို့ အပြန်အလှန် "မေတ္တာ" ထားနိုင်ကြမှသာ လျှင် ပုဂ္ဂိုလ်တစ်ဦးချင်း ငြိမ်းချမ်းသကဲ့သို့ လူမှုအဖွဲ့အစည်း လည်း ငြိမ်းချမ်းမည်ဖြစ်ပါကြောင်း၊ မေတ္တာ၏ ဆန့်ကျင် ဘက်မှာ ရန်လိုမှုဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်လိုမှုကို ဖြေလျှော့ရပ်စဲနိုင်ကြမှသာ မေတ္တာထားနိုင်မည် ဖြစ်ပါ ကြောင်း။
ရန်လိုမှု၏ ရေသောက်မြစ်မှာ အစွန်းရောက်ဝါဒဖြစ်ပြီး ယင်းအထဲတွင် အစွန်းရောက် အမျိုးသားရေးဝါဒ၊ စစ်ကြီး စိုးရေးဝါဒ၊ မုန်းတီးမှုဝါဒတို့ ပါဝင်ပါကြောင်း။
ရံဖန်ရံခါ ယင်းဝါဒ(၃)ရပ်ပေါင်း ကျင့်သုံးသည့်စနစ် ကို ဖက်ဆစ်စနစ်ဟုလည်း ခေါ်ကြပါကြောင်း၊ ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးကတည်းက ဖက်ဆစ်ဝါဒ ကျဆုံးပြီးပြီဟု ယူဆကြသော်လည်း ယင်းဝါဒ၏ လက်ကျန် အစွန်းရောက် ဝါဒများ တစ်မျိုးတစ်ဖုံ ထပ်မံပေါ်ပေါက်လာကြသည်ကို တွေ့ရပါကြောင်း၊ ဥပမာအားဖြင့် ISIS ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းသည် အစွန်းရောက်ဝါဒကို အခြေခံပြီး ပေါ်လာသဖြင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းသာယာမှုကို ခြိမ်းခြောက်လာ နိုင်သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။
ဗုဒ္ဓ၏ အဆိုအမိန့်
ကိုးကွယ်ရာ ဘာသာအားလုံးတွင် မေတ္တာထားရန်နှင့် အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ကြရန် သင်ကြားသည်ဟု အလေးအနက်ယုံကြည်ပါကြောင်း၊ ဘာသာတရားကို မှန်မှန်ကန်ကန် ယုံကြည်ကိုးကွယ်ကြသူများထံမှ ရန်လိုမှု ပေါ်ပေါက်လာစရာ အကြောင်းမရှိပါကြောင်း၊ ဤနေရာတွင် ဗုဒ္ဓ၏ အဆိုအမိန့် တစ်ခုကို ဖော်ပြခွင့်ပြုစေလိုပါကြောင်း။
ယမကဝဂ်(ဓမ္မပဒ-၅)တွင် ပါရှိသော "ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ထိုရန်တို့သည် မည်သည့်အခါမျှ မငြိမ်းကုန်၊ ရန်တုံ့မမူ သည်းခံခြင်းဖြင့်သာ ရန်တို့သည် ငြိမ်းကုန်၏။ လူ့ဘောင်လောက၌ ထာဝရမှန်ကန်နေသော ဓမ္မတာ သဘောတစ်ခုဖြစ်၍ ဘေးရန်မရှိနေလိုသူများ၊ ကြုံတွေ့နေရသည့်ရန်ကို ပြေငြိမ်း လိုသူများသည် ရန်မရှိအောင်နေခြင်းဖြင့် ငြိမ်းချမ်းစွာနေနိုင်အောင် အားထုတ် ကြရမည်"ဟု ဆိုပါကြောင်း။
ထို့ကြောင့် ရန်လိုမှုများအားလုံးရပ်စဲရေးသည် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မိမိသက်ဆိုင်ရာ ကိုးကွယ်ယုံကြည်သူများ အနေဖြင့် ရန်လိုမှုများကို ယခုချိန်မှစပြီး စတင်ရပ်စဲကြရန်၊ လုံးဝမရှိကြစေရေး စည်းရုံးလှုံ့ဆော်တိုက်တွန်းကြပါရန် တင်ပြရင်း မိမိတို့၏ ဆောင်ပုဒ်ဖြစ်သည့် ''Peace is not only our job but also our life." ဆိုသည့်အတိုင်း အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အကြံပြုဆွေးနွေးဝိုင်း၏ တွဲဖက်သဘာပတိများဖြစ်ကြသည့် မြန်မာနိုင်ငံငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းမေတ္တာအဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဘီရှော့ဂိုနာ စတောဆက်တို့က အကြံပြုဆွေးနွေးဝိုင်းကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိက နားလည်သင့်မြတ်ခြင်းအပေါ် အခြေခံသဘောတူညီမှု ကြေညာစာတမ်း အကြောင်းကို ရှင်းလင်းမိန့်ကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌတို့သည် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့၊ မြန်မာနိုင်ငံငြိမ်းချမ်း မေတ္တာအဖွဲ့တို့မှ အဖွဲ့ဝင်များနှင့်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် လည်းကောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းမေတ္တာအဖွဲ့မှ အလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အကြံပြုဆွေးနွေးဝိုင်း သို့ တက်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာဘာသာပေါင်းစုံ ငြိမ်းချမ်းမေတ္တာ အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၊ ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒနှင့် ဆရာတော်များကို ဖူးမြော်ကြည်ညိုပြီး တက်ရောက်လာကြသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ သတင်းစဉ်

No comments:

Post a Comment