Friday, November 15, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်းနှစ်(၈၀)ပြည့်
အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Image may contain: 4 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်းနှစ်(၈၀)ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနာယက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ၍ မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကော်မတီဝင်များ၊ ကော်မတီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လူမှုအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အမျိုးသားကြက်ခြေနီ နှင့် လခြမ်းနီအသင်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက် ကြသည်။
ဖွင့်လှစ်
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်း နှစ်(၈၀)ပြည့် အထိမ်း အမှတ်အခမ်းအနားကို လူငယ်ကြက်ခြေနီမောင်မယ်များ၏ တေးသရုပ်ဖော်အကဖြင့် ဖွင့်လှစ်သည်။
အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်း နှစ်(၈ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လူမှုအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ ညီလာခံကိုယ်စားလှယ်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်း များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေဟု ဦးစွာနှုတ်ခွန်း ဆက်သဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။
အသိအမှတ်ပြု
ယနေ့အခမ်းအနားသည် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေအရ ပထမသုံးနှစ်တာ ပြည့်မြောက်ပြီဖြစ်သည့်အတွက် နောင်လာမည့် သုံးနှစ်တာ သက်တမ်းအတွက် ညီလာခံခေါ်ယူ ရွေးချယ်တင်မြှောက် ခြင်းနှင့်အတူ အသင်း နှစ် (၈ဝ)ပြည့်မြောက်သည့် အထိမ်း အမှတ်အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကို ကမ္ဘာ့နိုင်ငံများနည်းတူ ၁၉၃၉ ခုနှစ်က စတင်ပြီး အမျိုးသားအဆင့်အသင်းအဖြစ် အသိအမှတ်ပြုခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၈၀) ပြည့်ခဲ့ပြီဖြစ်ပါကြောင်း။
အသင်းဝင်ဖြစ်လာ
မြန်မာနိုင်ငံကြက်ခြေနီ သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် မိမိတို့ နိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာအဖွဲ့ အစည်းဖြစ်ပြီး ဘေးအန္တရာယ်များ ကျရောက်ပါက ခုခံ နိုင်စွမ်းအားနည်းသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန် သော ဘဝများအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း ၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြား ရပ်တည်ခဲ့ပါကြောင်း၊ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့ ပါကြောင်း။
၁၉၅၂ ခုနှစ်တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိခင်ကြီး မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည်က ကြင်နာစိတ်များ ယိုဖိတ်စွာဖြင့် အမျိုးသမီးသူနာပြု တာဝန်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုနှစ်အတွင်းတွင် အသင်းကြီး၏ လုပ်ငန်းဆောင်တာများ လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ကိုက်ညီစေရေး၊ အသင်းကြီးကို အုပ်ချုပ်ရေးအတွက် အဖွဲ့ဝင်များ ရွေးကောက်ခွင့်ရရှိခဲ့ပါကြောင်း။
၁၉၅၉ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်း လူမှုကရုဏာအသင်း အဖြစ် ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ အဆိုပါအက်ဥပဒေ ကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံ ပြင်ဆင်ခဲ့ပါကြောင်း၊ အဆိုပါ အက်ဥပဒေအရ စိန့်ဂျွန်း သူနာပြုတပ်ဖွဲ့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာ နိုင်ငံ ကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကို ခေတ်စနစ်နှင့်လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါ ကြောင်း။
စွမ်းဆောင်ရည်ပြည့်ဝ
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ မျှော်မှန်းချက် မှာ “ပြည်တွင်း ပြည်ပရှိ ဘေးအန္တရာယ် ကျရောက်လွယ်သူ များအတွက် လူမှုကရုဏာ အကူအညီများပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်း ဖြစ်လာစေရန်” ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အစဉ် အမြဲ အသိအမှတ်ပြု အားပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဘက်ကလည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး အမျိုးသားအဆင့် လူမှုကရုဏာ အဖွဲ့အစည်းတစ်ခုအဖြစ် လူမှုကရုဏာလုပ်ငန်းများကို ဥပဒေနှင့်အညီ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းဆိုသည့် အခြေခံမူ (၇)ချက်အတိုင်း တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို အထူးပင်အားရမိပါကြောင်း။
ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်
ယခုလာမည့် ညီလာခံသက်တမ်းအတွက် မဲပေး ရွေးချယ်မှုအပိုင်းတွင်လည်း ပွင့်လင်းမြင်သာသည့် မဲစနစ် များနှင့် ရွေးချယ်သွားမည်ဆိုသည်ကိုလည်း သိရှိရသည့် အတွက် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ယင်းမှာ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားနေကြခြင်း ဖြစ်သည်ကို ဖော်ပြနေခြင်းလည်း ဖြစ်ပါကြောင်း။
မည်သည့်အဖွဲ့အစည်းမှ အမြဲတမ်းပြီးပြည့်စုံခြင်း မရှိပါကြောင်း၊ အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်ပြောင်းလဲမှု များ လုပ်ရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲသင့်သည်ကို ပြုပြင်ပြောင်းလဲရဲသည့် သတ္တိလည်းရှိရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲသင့်သည့်အရာများကို ပြောင်းလဲနိုင်သည့် စွမ်းရည်များ လိုအပ်သကဲ့သို့ ကြုံတွေ့လာရမည့် အခက်အခဲ များအတွက် ခံနိုင်ရည်လည်း ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မည်သည့်အရာကို ပြုပြင်ပြောင်းလဲသင့်ပြီး မည်သည့် အရာကို မပြောင်းလဲသင့်ကြောင်း ဝေဖန်ပိုင်းခြားနိုင်သည့်၊ ခွဲခြားသိနိုင်သည့် ဉာဏ်ပညာ အမြော်အမြင်ရှိရန်လည်း လိုအပ်ပါကြောင်း၊ ကြက်ခြေနီသမိုင်း မှတ်တမ်းကောင်းများ ထားရစ်ခဲ့နိုင်ရန်အတွက် ပြုပြင်သင့်ပြုပြင်ထိုက်သည်များ ကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ အများပြည်သူနှင့် တိုင်းပြည်အတွက် ကြက်ခြေနီ လူမှု ကရုဏာလုပ်ငန်းများကို ဆတက်ထမ်းပိုး ပိုမိုစွမ်းဆောင်ကြ ရန် တိုက်တွန်းလိုပါကြောင်း။
ကူညီဆောင်ရွက်
ကြက်ခြေနီအသင်းသည် မိမိတို့အသင်း၏ လုပ်ငန်း တာဝန်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုနယ်ပယ် တွင် နိုင်ငံတော်၏အရန်အင်အားတစ်ခုအဖြစ် ဖော်ဆောင် ပေးနေရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချမှတ်ထားသည့် အမျိုးသား စီမံကိန်း၊ စီမံချက်များ၊ မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ကြက်ခြေနီအသင်းက ပူးပေါင်းပါဝင်ခြင်းဖြင့် တစ်ဖက် တစ်လမ်းက အထောက်အကူပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်ကလည်း ကြက်ခြေနီအသင်းကို ဥပဒေနှင့် အညီ တာဝန်ပေးအပ်ထားပြီးဖြစ်သည့် အားလျော်စွာ အကူ အညီလိုအပ်သူ မည်သူကိုမဆို ခွဲခြားခြင်းအလျဉ်းမရှိစေဘဲ ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးကြရန် အထူး မှာကြားလိုပါကြောင်း။
ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများ၏ စွမ်းပကား၊ စေတနာ၊ မေတ္တာကရုဏာအပြည့်နှင့် အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ရန်သူမိတ်ဆွေမရွေးဘဲ ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာ ပါမကျန် နေရာဒေသမရွေး၊ အချိန်အခါမရွေး နှစ်ပေါင်း ၈၀ တိုင် ကူညီ စောင့်ရှောက်ပေးခဲ့မှုများသည် လူတိုင်း၏ စိတ်အစဉ်တွင် စွဲမြဲတည်ရှိနေကြမည် မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နှစ်ပေါင်း ၈၀ ကာလ အတွင်း ကြက်ခြေနီအသင်းကြီး၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းကိုလည်း အခါအခွင့်သင့်ခိုက် ပြောကြားလိုပါ ကြောင်း။
ခေါင်းဆောင်ကောင်းများ ထွက်ပေါ်
များမကြာမီအချိန်တွင်လည်း လာမည့်ညီလာခံသက်တမ်းအတွက် ကြက်ခြေနီ၏ မွန်မြတ်လှသော လူမှုကရုဏာလုပ်ငန်းများကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးကြမည့် အသင်းအဆင့်ဆင့်က ခေါင်းဆောင်ကောင်းများ ရရှိထွက်ပေါ်လာလိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ အဆိုပါခေါင်းဆောင်များ ၏ ခေါင်းဆောင်မှုများနှင့်အတူ အသင်း၏လုပ်ငန်းအဝဝကို ညီညာဖြဖြ လုပ်ကိုင် နိုင်ကြပါစေ။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဂုဏ်သိက္ခာ၊ အသင်း၏ ပုံရိပ်ကို ယခုထက် ပိုမိုထွန်းလင်းတောက်ပအောင် ဆောင်ရွက်နိုင်ကြပါစေ။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ နိုင်ငံတကာမိတ်ဖက် အမျိုးသားကြက်ခြေနီအသင်းများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်ကြ ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ မဟာဗျူဟာရည်မှန်းချက်များ ချမှတ်ထားသည့်အတိုင်း ပိုမိုကျန်းမာလုံခြုံစေပြီး ဘေးအန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေခြင်းဖြင့် ရပ်ရွာလူထုများ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေး နိုင်ကြပါစေ။ ကြက်ခြေနီအခြေခံမူများနှင့် အသင်းကြီး၏ရည်ရွယ်ချက်များ၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ တန်ဖိုးထားမှုများ၊ လူသားချင်းစာနာထောက်ထား မှုများအပေါ် ပိုမိုလေးစားတန်ဖိုးထားလာအောင် အကောင်အထည်ဖော်နိုင်ကြ ပါစေ။ ငြိမ်းချမ်းသော လူ့ဘောင်နှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်ထွန်း လာအောင် ဆောင်ရွက်နိုင်ကြပါစေ။ အသင်း၏ အဆင့်တိုင်းတွင် မြင့်မားသောစွမ်းဆောင်ရည်နှင့်ခိုင်မာသောအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်ကြ ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အကြိမ် ၁၂၀ နှင့်အထက် သွေးလှူခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသား သုံးဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ အစိုးရ အဆိုပြု ဗဟိုကောင်စီဝင်များ၊ အသင်းသား သွေးလှူရှင်များနှင့်လည်းကောင်း၊ မိတ်ဖက်ကြက်ခြေနီအသင်းများ၊ UN အဖွဲ့အစည်းများ၊ သံတမန်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ (၁၂)ကြိမ်မြောက် ညီလာခံဗဟိုကောင်စီဝင်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အကြိမ် ၁၀၀ နှင့်အထက် သွေးလှူခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသား ခြောက်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူတို့က လူမှုကရုဏာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
သတင်းစဉ်

No comments:

Post a Comment