Thursday, November 14, 2019

အယ်ဒီတာ့ အာဘော်
=============
ဆင်းရဲမှုမှလွတ်ကင်း ဖွံ့ဖြိုးရေးကြိုးပမ်း
Image may contain: text
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုနိမ့်ကျမှုကြောင့် ဆင်းရဲမှုနှုန်းအစဉ်အဆက်မြင့်မားလျက်ရှိသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံကာ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ် ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကျေးလက်ဒေသများ၏ အဓိကလိုအပ်ချက်များအတွက် ဖြန့်ခွဲဆောင်ရွက် ပေးနေသည်ကို တွေ့ရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာရှိသည့် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရန်မှာ မလွယ်ကူသော်လည်း ဖြန့်ခွဲဆောင်ရွက်လျက်ရှိသဖြင့် ယခင်ထက်စာလျှင် ပိုမိုဖွံ့ဖြိုးလာသည်ဟု ဆိုနိုင်သည်။ ထိုအရေးကို အလေးပေး သည့် ပြည်သူ့အစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)ကို အကောင်အထည်ဖော်နေသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုနှေးကွေးနေရခြင်းသည် အစဉ်အဆက် အစိုးရ တစ်ရပ်တည်းကသာ ဆောင်ရွက်နေရသောကြောင့်ဖြစ်သည်။ တစ်နည်းဆို လျှင် ပြည်သူမပါ၊ မိတ်ဖက်မပါသောကြောင့်လည်းဖြစ်သည်။
ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူအများစုသည် မြန်မာ နိုင်ငံကဲ့သို့ပင် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ဆင်းရဲမှုနှုန်းမြင့်မား ကြသည်။ ထို့ကြောင့် လူမှုဘဝမြင့်မားရေးနှင့် ဆင်းရဲမှုပပျောက်ရေးကို အာဆီယံနိုင်ငံအစိုးရများက ဦးစားပေးဆောင်ရွက်နေချိန်၌ ပေါ်ထွက်လာ မည့်ရလဒ်များသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
ဒေသတွင်းနိုင်ငံများရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုပပျောက် ရေးနှင့်သက်ဆိုင်သည့် ပြဿနာများဖြေရှင်းခြင်း၊ ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းရေး ဆောင်ရွက်ခြင်းများတွင် အဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် အာဆီယံက အာဆီယံကို ကူညီသည့်စိတ်ဓာတ်ဖြင့် အတူတကွအားထုတ် လုပ်ဆောင်ပေးနေကြသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အဖွဲ့ဝင်နိုင်ငံ အသီးသီးက တွေ့ကြုံရသည့်စိန်ခေါ်မှုများနှင့် အကောင်းဆုံး ဆောင်ရွက် နိုင်မှုများကို မျှဝေကြမည်ဖြစ်သည်။
လူမှုဘဝမြင့်မားသည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသာမက ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပါဝင်ဖြည့်ဆည်းပေးခြင်းသည် အထောက်အပံ့ကောင်းများ ဖြစ်စေသည်။ ယခင်နှစ်များက အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ထိုနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာအောင် ဆွဲဆောင်စည်းရုံး လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိက နှင့် ကျေးလက်လူ့အဖွဲ့အစည်းများ အတူတကွပူးပေါင်းဆောင်ရွက်ကြပြီး အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်နိုင်သည်နှင့်အမျှ အာဆီယံဒေသရှိ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်သည်ထက်မြင့်လာမည် ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးကဏ္ဍကို အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအောက်တွင် စတင်ဆောင်ရွက်စဉ် ကတည်းက ကုလသမဂ္ဂက ချမှတ်ပေးထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေး ပန်းတိုင်များ ပြည့်မီရေးအတွက် အာဆီယံ၏ အားထုတ်မှုကို အားဖြည့်ပေးရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရမည့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ပြည့်မီစေရန် ထပ်မံအားထုတ် သည့်နေရာတွင် ယခုအစီအစဉ်များသည် ခွန်အားများပင်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးလာရန်ဆောင်ရွက်စဉ် ပြည်သူ့အစိုးရက အကောင်အထည်ဖော်ဆောင်နေသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) အောင်မြင်အောင် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ခြင်းဖြင့် အာဆီယံနိုင်ငံများရှိ ကျေးရွာများနှင့်အတူ ဆင်းရဲမှုမှလွတ်ကင်း ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment