Thursday, November 14, 2019

ဒုတိယအကြိမ် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ
Image may contain: 1 person, on stage and indoor
နေပြည်တော် နိုဝင်ဘာ ၁၃
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြု သင်တန်းကျောင်း နေပြည်တော်၏ ဒုတိယအကြိမ် သူနာပြု သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။
ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက သူနာပြုနှင့် သားဖွားများအနေဖြင့် သူနာပြု သစ္စာအဓိဋ္ဌာန်များနှင့်အညီ လူနာများကို မိမိတို့၏ မိဘ၊ သားသမီးနှင့် ဆွေမျိုးများသဖွယ် သဘောထားကာ စေတနာ ပြည့်ဝစွာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် လူနာများ ဝေဒနာသက်သာလျော့ပါးမှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ကျေနပ်မှုနှင့် လူနာများ၏ ယုံကြည်ကိုးစားမှုတို့ကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားများ၏ ပုံရိပ်မြင့်မားရေး၊ အရည်အသွေးမြင့်မားရေး၊ သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစား ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်သူနာပြုသိပ္ပံဘွဲ့နှင့် ပေါင်းကူးသူနာပြု သိပ္ပံဘွဲ့တို့အပြင် ဝန်ထမ်းသူနာပြုများ အတွက် သူနာပြုတက္ကသိုလ်၌ အချိန်ပိုင်းနှင့် အချိန်ပြည့် သူနာပြုသိပ္ပံဘွဲ့၊ အထူးပြုသူနာပြုဒီပလိုမာ ကိုးလသင်တန်း ကိုးမျိုး၊ သူနာပြုမဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အဆိုပါဘွဲ့များ ရရှိ အောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းကြရန် လိုအပ် ကြောင်း၊ သူနာပြု - သားဖွားသင်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များ၊ ပြည်တွင်း - ပြည်ပ ပညာရှင်များဖြင့် ပြုပြင်မွမ်းမံရေး ဆွဲ၍ အသုံးပြုသင်ကြားလျက်ရှိပြီး အခြားကျန်းမာရေးစောင့် ရှောက်မှု ပညာရှင်များနှင့် အတူတကွ ဆွေးနွေးသင်ကြား ခြင်းကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ကျင့်ဝတ်များကို လိုက်နာရန်လိုအပ်
ယခုတစ်နိုင်ငံလုံး၌ သူနာပြု - သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းတွင် ၆၁၀၁ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ ၁၈ လသင်တန်းတွင် ၁၆၆၁ ဦး တက်ရောက်လျက်ရှိပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် သူနာပြု ၃၇၆၉ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ ၃၇၆ ဦး တက်ရောက်ရန် ရွေးချယ် ထားပါကြောင်း၊ သူနာပြုသင်တန်းကျောင်းသစ်များကို ရွှေဘိုမြို့နှင့် မြောင်းမြမြို့၊ သားဖွားသင်တန်းကျောင်းကို ဟားခါးမြို့တို့တွင် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပုဂ္ဂလိကသူနာပြု သင်တန်းကျောင်း လေးကျောင်းကို မကြာမီဖွင့်လှစ်မည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ သူနာပြုသားဖွားများ ပါဝင်တက်ရောက်မည့် “သူနာပြု သားဖွားများ သင်ကြားလေ့ကျင့်မှု ပိုမိုကောင်းမွန်တိုးတက် ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ”ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလခန့်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနှီးနှောဖလှယ်ပွဲမှ ရရှိသောအကြံပြု ဆွေးနွေးချက် များဖြင့် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော သူနာပြုနှင့် သားဖွားဆရာမများ အတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မွမ်းမံသင်တန်းများကို အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အင်တာနက် ကွန်ရက်အသုံးပြု၍ စဉ်ဆက်မပြတ် သူနာပြုသားဖွားပညာ သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သူနာပြုသားဖွားများ၏ ပုံရိပ်မြင့်မားရန် ပညာရပ် ပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်ရုံဖြင့် မပြည့်စုံနိုင်ဘဲ ကျင့်ဝတ်များကို လေးစားလိုက်နာရန် အထူးလိုအပ် ကြောင်း ပြောကြားသည်။
အောင်လက်မှတ်များ အပ်နှင်း
ထို့နောက် သူနာပြုသင်တန်းကျောင်း နေပြည်တော်၏ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွား မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သူနာပြုသားဖွားဒီပလိုမာသင်တန်းအောင်မြင်ပြီးမြောက်ခဲ့သူ ၅၈ ဦးအား သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းသည်။
သူနာပြုသင်တန်းကျောင်း နေပြည်တော်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment