Thursday, November 14, 2019

ဆီးရီးယား၊ အီရန်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ပြင်သစ်သမ္မတ ဆက်သွယ်ဆွေးနွေး
Image may contain: 2 people, people smiling
ဝါရှင်တန် နိုဝင်ဘာ ၁၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်လ်မက်ခရွန်တို့သည် ဆီးရီးယား၊ အီရန် အရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြ ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဆက်သွယ်ဆွေးနွေးစဉ် ဆီးရီးယားအရေးနှင့်ပတ်သက်၍ နှစ်ဖက်အကြား ညှိနှိုင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ် ပြုခဲ့ကြပြီး အီရန်က ၎င်း၏ နျူကလီးယားအစီအစဉ် တိုးမြှင့် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် လန်ဒန်မြို့တွင် လာမည့် ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပမည့် နေတိုးအဖွဲ့ခေါင်းဆောင် များ၏ အစည်းအဝေးသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် ထရန့်က ဥရောပအဖွဲ့ဝင်နိုင်ငံများအား ထပ်တလဲလဲ ဖိအားပေးမှု သည် ပြင်သစ်သမ္မတ မက်ခရွန် အပါအဝင် ဥရောပ ခေါင်းဆောင်များအတွက် စိတ်တိုစရာ ဖြစ်လာခဲ့သည်။
မီဒီယာများက နေတိုးအဖွဲ့၏အခြေအနေနှင့်ပတ်သက် ၍ ပြင်သစ်သမ္မတ မက်ခရွန်အား မကြာသေးမီက တွေ့ဆုံ မေးမြန်းခဲ့ရာ ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးအဖွဲ့နိုင်ငံ များအကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အားနည်း ခြင်းနှင့် အမေရိကန်ပြည်ထောင်စုမှ ခေါင်းဆောင်မှု အားနည်းခြင်းတို့ကြောင့် နေတိုးအဖွဲ့သည် ဦးနှောက်အကြီး အကျယ်ပျက်စီးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်ရာ မိမိတို့အနေဖြင့် နေတိုးအဖွဲ့ထဲတွင် ပြဿနာ တစ်ခုရှိနေသည်ကို သိရှိပြီး လက်ခံထားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထရန့်သည် နေတိုးအတွင်းရေးမှူးချုပ် ဂျင်းစ်စတိုလ် တင်ဘာ့ခ်အား နိုဝင်ဘာ ၁၄ ရက်တွင် ဝါရှင်တန်ဒီစီမြို့၌ လက်ခံတွေ့ဆုံမည်ဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထုပ်ဝန်ပိုး မျှဝေတာဝန်ယူရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတ

No comments:

Post a Comment