Monday, November 25, 2019

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု


အယ်ဒီတာအာဘော်



မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က ရှင်းလင်းတင်ပြခြင်းအား နိုဝင်ဘာလ ၂၃ ရက် နံနက်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
ယခုအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်မားသည်ဆိုသည်ထက် မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူများက စိတ်ဝင်စားမှု ပိုမိုထက်သန်နေသည် ဟုပြောရမည်ဖြစ်သည်။ အကြောင်းမှာ အလွန်ဝေးလံသည့်နေရာ မှ အရေးထက် အိမ်နီးချင်းအရေး၊ အိမ်နီးချင်းအရေးထက် မိသားစုအရေးတို့မှာ ပိုပြီးအရေးကြီးသည်ဖြစ်၍ အရေးကြီးလျှင် သွေးစည်းမည်၊ အရေးကြုံလျှင် သွေးဆုံကြရမည်ဖြစ်ရာ မိမိတို့ အရေးအတွက် ဝိုင်းဝန်းပြင်ဆင် အကောင်းဆုံးအဖြေရှာကြမည် ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ်တွင် ဖိနှိပ် ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ထိုလူမျိုးစု၏ တရားဝင်ရပိုင်ခွင့်များကိုပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အားဆန့်ကျင်သည့် အမုန်းတရားများကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစုများကို အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထား၍ အစု လိုက်၊ အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်း၊ ထိုလူမျိုးစုအား လူမျိုးတုံး သတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း စသည်တို့ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု၊ ရာဇဝတ်မှုကာကွယ်ခြင်းနှင့် ပြစ်ဒဏ် ချမှတ်ခြင်းဆိုင်ရာကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်း ၁၉၄၈)၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဟူ၍ ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်တွင် မြန်မာနိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ)အရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င) အား ချိုးဖောက်၍ လူမျိုးတုံး သတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံး သတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့အရ လူမျိုးတုံးသတ်ဖြတ်မှုအား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် သူများ သို့မဟုတ် ပုဒ်မ(၃)တွင် ပြဋ္ဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်သောပြဋ္ဌာန်းမှုမရှိခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ ထားသည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်၍ တရားစွဲဆိုထားခြင်း ဖြစ်ရာ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်တရား၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှု၊ ကုလသမဂ္ဂ၏ပဋိညာဉ် စာချုပ်ကို လိုက်နာမှုတို့ဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိစွာ တုံ့ပြန်ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment