Wednesday, November 20, 2019

ရာသီဥတုပြောင်းလဲမှု သတိပြုကာကွယ်

အယ်ဒီတာ့အာဘော်
------------------------

အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံးသောရေကြီးရေလျှံမှုဖြစ်ပွားသော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုသတင်း နှင့်ဆက်စပ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အီတလီနိုင်ငံ ဗင်းနစ်မြို့နှင့် ပင်လယ်ကမ်းခြေမြို့များမှာ ဆိုးရွားသော ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့နေရသဖြင့် ရာသီဥတုပြောင်းလဲမှုအကြောင်းကို ကျောင်းသင်ခန်း စာများတွင် ထည့်သွင်းသွားမည်ဆိုသည့် သတင်းတစ်ပုဒ်လည်း ဖတ်လိုက် ရသည်။ ဗင်းနစ်မြို့ဆိုသည်မှာ ရေပေါ်တွင် တည်ဆောက်ထားသောမြို့ဟု လူအများသိကြပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ထင်ရှားသော မြို့တစ်မြို့ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းက ဂျပန်နိုင်ငံတွင် ဆက်တိုက်ဆိုသလို မုန်တိုင်းများ ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို နိုင်ငံတကာသတင်း စာမျက်နှာများတွင် တွေ့မြင်ဖတ်ရှုခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင်လည်း လေထု ညစ်ညမ်းမှုကြောင့် ကျောင်းများပိတ်ထားရပြီး မော်တော်ယာဉ်မောင်းနှင်မှု များကို ကန့်သတ်ထားသည့်အကြောင်း ဖတ်ရှုရသည်။
အထက်ပါ သတင်းအကြောင်းအရာများသည် လတ်တလောဖြစ်ပွား ခဲ့သော အကြောင်းအရာများဟု ဆိုနိုင်သော်လည်း ထိုကဲ့သို့သော ဖြစ်စဉ်များ နိုင်ငံအလိုက် မကြာမကြာဖြစ်ပွားလာခြင်းသည် ရာသီဥတုပြောင်းလဲ လာခြင်း၏ အကြောင်းရင်းခံများပင် ဖြစ်သည်။
ထို့အတူပင် မိမိတို့နိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် တစ်နှစ်ထက်တစ်နှစ် အပူချိန်များမြင့်မားလာခြင်း၊ နှစ်စဉ်ရေကြီးမှုများ ပိုမိုဖြစ်ပွားလာခြင်း၊ နွေရာသီရေရှားပါးမှု ပိုတိုးလာခြင်းစသဖြင့် မသိသာ သည့် အခြေအနေများမှ သိသာသည့်အခြေအနေများသို့ ရောက်ရှိလာသဖြင့် ဂရုပြုဆောင်ရွက်နေရသည်ကို သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုကဲ့သို့သော အခြေအနေတွင် ၂၀၁၅ ခုနှစ် ပါရီရာသီဥတုဆိုင်ရာ သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်တော့မည်ဆိုသည့် သတင်း ကိုလည်း စိတ်မကောင်းဖွယ် ဖတ်ရှုရသည်။ အဆိုပါစာချုပ်တွင် ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ် မှုကို နိုင်ငံအလိုက် မည်သည့်ပမာဏအထိ လျှော့ချထုတ်လွှတ်မည်ကို ကာလသတ်မှတ်ချက်များနှင့်အတူ နိုင်ငံပေါင်း ၂၀၀ နီးပါးက လက်မှတ် ရေးထိုး ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။
ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ မိုးခေါင်ရေရှားမှု၊ နှစ်စဉ် ဆက်တိုက် ဆိုးရွားသော ရေကြီးရေလျှံမှု၊ နှစ်စဉ်အပူချိန်မြင့်တက်လာမှု စသည့်အခြေအနေများသည် ဆယ်စုနှစ်တစ်စုမက ဖြစ်ပေါ်နေပါက အဆိုပါဖြစ်စဉ်များကို ရာသီဥတုပြောင်းလဲမှုဟု သတ်မှတ်သည်။ လက်ရှိ ကမ္ဘာတွင် ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ နေရပြီဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်ပေါင်း ၁၁၀၀၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က မကြာသေးမီက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါကြေညာချက်တွင် လက်ရှိအချိန်တွင် ကမ္ဘာကြီးပူနွေးလာနေ မှုကို တားဆီးရန် အရေးပေါ်လုပ်ဆောင်ချက်များ လုပ်ရန်လိုအပ်နေပြီ ဖြစ်ကြောင်း၊ သို့မဟုတ်ပါက လူသားတို့အပေါ် ကြီးမားကျယ်ပြန့်သော ထိခိုက်မှုများ ဖြစ်လာနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။
ကမ္ဘာကြီးပူနွေးလာမှု၏ အကြောင်းတရားများစွာအနက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များ အကန့်အသတ်မရှိ ထုတ်လွှတ်နေခြင်းနှင့် သစ်တောများပြုန်းတီးလာနေမှုတို့သည် အဓိကအကြောင်းတရားများ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် မိမိတို့တစ်ဦးတစ်ယောက်တိုင်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်သော စက်တပ်ယာဉ်များ အသုံးပြုမှုလျှော့ချခြင်း၊ သစ်တောသစ်ပင်များကို ရှင်သန်အောင်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment