Wednesday, November 20, 2019

ကျွန်မတို့နိုင်ငံ ရှေ့ကိုဆက်ပြီးတော့ တိုးတက်ဖို့ ရှေ့မှာဆက်ပြီးတော့ အောင်မြင်ဖို့ဆိုရင် နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ စိတ်ဓာတ်မှန်ကန်ဖို့ လိုပါတယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပြောကြား




Image may contain: 1 person, smiling, standing and flower
တောင်ကြီး နိုဝင်ဘာ ၁၉



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင်နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားသူကြီး ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများက ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဝင်း အတွင်း တည်ဆောက်ပြီးစီးသွားသည့် လေးထပ်ဆေး ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က လေးထပ် ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လေးထပ်ဆေးကုသဆောင်သစ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက် လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခွဲစိတ်ခန်းအတွင်း လိုက်လံကြည့်ရှုပြီး မီးယပ်ဆောင်နှင့် ကလေးကုသဆောင်တို့၌ ဆေးဝါးကုသမှု ခံယူနေကြ သည့် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စားသောက်ဖွယ်ရာများပေးအပ်သည်။
ယခုဖွင့်လှစ်သည့် လေးထပ်ဆေးကုသဆောင်သစ် မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အလျားပေ ၂၀၀၊ အနံ ၇၅ ပေရှိကြောင်း သိရသည်။
တွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်တောင်ကြီးမြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပွဲကို ကြွရောက်လာတဲ့ ပရိသတ်တွေအားလုံး ကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ နေရာတစ်နေ ရာကို လာတဲ့အချိန်မှာ ဒေသခံတွေနဲ့ ထိတွေ့ချင်တယ်။ ဒီအကြောင်းကြောင့်သာ ကျွန်မတို့က ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်တာပါ။ ပြည်သူတွေနဲ့ တွေ့ဆုံပွဲဆိုတော့ ပြည်သူတွေက မိမိတို့ရဲ့ဆန္ဒနဲ့ လာပိုင်ခွင့်ရှိရမယ်၊ စိစစ် ပြီးတော့ သွင်းတဲ့ဟာမျိုးကို ကျွန်မတို့ ဦးတည်တာမဟုတ် ပါဘူး။
ကိုယ့်မိဘသဖွယ်အားကိုးသင့်
နောင်ဆိုရင် ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်ရင် ပြည်သူတွေ လွတ်လွတ်လပ်လပ် လာပါစေ။ နောက်ပြီး တော့ မြို့မိမြို့ဖတွေအနေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ အရေအတွက်ထက် နည်းနေတယ်ဆိုတာ မဖြစ်ပါစေနဲ့။ ကျွန်မ မကြာခင်ကပဲ မြို့မိမြို့ဖတွေနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲတစ်ခုမှာ ပြောခဲ့တာရှိပါတယ်။ မြို့မိမြို့ဖဆိုတာ ဒေသခံပြည်သူတွေက မိဘသဖွယ် လေးစားအားကိုးတဲ့ ပုဂ္ဂိုလ်တွေ ကို ဆိုလိုတာပါ။ မိဘသဖွယ် လေးစားအားကိုး တဲ့ ပုဂ္ဂိုလ်တွေဆိုတာ လွယ်လွယ်ကူကူနဲ့ ဒီနေရာကို ရောက် လာတာ မဟုတ်ပါဘူး။ အစိုးရကခန့်တာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ ခန့်တာလည်းမဟုတ်ဘူး။ အများပြည်သူ ကနေပြီးတော့ ကိုယ့်မိဘသဖွယ် အားကိုးသင့်တယ်၊ လေးစားသင့်တယ်ဆိုပြီးတော့ လက်ခံထားတဲ့သူတွေပါ။ ဒီမှာ မြို့မိမြို့ဖသုံးယောက်ပဲဆိုတော့ တောင်ကြီးမှာ ပြည်သူ အားကိုးတဲ့ လေးစားတဲ့ လူကြီးတွေနည်းနေသလိုဖြစ်တာ ဘယ်ကောင်းပါ့မလဲ။
ကျွန်မတို့ ဒီလိုတွေ့တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ နီးစပ်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် နီးစပ်အောင်လုပ်ဖို့ဆိုတဲ့အခါမှာ ကျွန်မ တို့က နီးစပ်မှုရအောင်ဆိုပြီးတော့ မေးခွန်းတွေ မေးတဲ့၊ ဖြေတဲ့အစီအစဉ်ကို အမြဲတမ်းထည့်ပါတယ်။ ဒီလိုမေးခွန်း မေးတဲ့၊ ဖြေတဲ့အစီအစဉ်တွေ ထည့်တဲ့အခါမှာ မေးတဲ့ ပုဂ္ဂိုလ်တွေရော ဖြေတဲ့ပုဂ္ဂိုလ်တွေကရော အများဆုံးမေးနိုင် ဖြေနိုင်အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခပ်တိုတိုနဲ့ လိုရင်း ကို မေးစေချင်ပါတယ်။
တစ်ခါတလေ မေးခွန်းတွေက စာစီစာကုံးကြီး တစ်ခုလို၊ ဖြေတာလည်း ထိုနည်းလည်းကောင်းပဲ စာအုပ် တစ်အုပ်လို၊ အဲဒီလိုဆိုရင်တော့ မဖြစ်ပါဘူး။ ကျွန်မတို့က တိုတိုနဲ့လိုရင်း အများသိချင်တဲ့ ကိစ္စတွေကို အများသိနိုင် အောင်လို့ ဒါတွေကို စီစဉ်တာဖြစ်ပါတယ်။
နိုင်ငံရဲ့ဂုဏ်သိက္ခာ
တောင်ကြီးကိုလာတိုင်း ကျွန်မ စိတ်ချမ်းသာရတယ်၊ ဂုဏ်ယူရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီးက ကျွန်မတို့ပြည်ထောင်စုရဲ့ အောင်မြင်မှုတစ်ရပ်လို့ ကျွန်မ ဒီလိုပဲယူဆပါတယ်။ တောင်ကြီးမှာဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်သူဘာသာပေါင်းစုံဟာ ညီညီ ညွတ်ညွတ် အေးအေးချမ်းချမ်းနဲ့ နေကြတယ်။ အဲဒီလို နေနိုင်ခြင်းဟာ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများအကြားမှာ လူမျိုးမရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး၊ ပြောဆိုတဲ့ ဘာသာစကားမရွေး အားလုံး ညီညီညွတ်ညွတ်နေနိုင်တယ်၊ အေးအေးချမ်းချမ်းနေနိုင် တယ်ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ၊ ဒီလိုကျွန်မ တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆောင်တဲ့ဒေသတစ်ခုကို လာရ တယ်ဆိုတာဟာ ကျွန်မတို့အတွက် အများကြီးအင်အား ဖြစ်ပါတယ်။ အင်အားဖြစ်ပြီးတော့ ကျွန်မတို့ အနာဂတ် အတွက် မျှော်လင့်ချက်တွေ ဘယ်လောက်ရှိသလဲဆိုတာ ကို ကျွန်မတို့ မြင်တွေ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးစား နေတာဟာ ဆယ်စုနှစ်တွေနဲ့ ချီလာပါပြီ။ လွတ်လပ်ရေးရ တဲ့ အချိန်ကနေစပြီးတော့ အခုထိ ကျွန်မတို့နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်မီးငြိမ်းတယ်ရယ်လို့ မရှိသေးပါဘူး။ ပြည်တွင်း စစ်မီးငြိမ်းအောင်လို့ ကျွန်မတို့ရဲ့မျိုးဆက်မှာ လုပ်သွားချင် ပါတယ်။ နောင်မျိုးဆက်တွေ၊ နောင်မျိုးဆက်တွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ကျွန်မတို့ မချန်ခဲ့ချင်ပါဘူး။
ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် ဖြစ်ပါ့ မလား၊ အောင်မြင်ပါ့မလားဆိုပြီး တချို့က မေးခွန်းထုတ် ပါတယ်။ အရင်တုန်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ ဘူး။ အခုလည်း အထစ်အငေါ့တွေ အခက်အခဲတွေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အောင်မြင်နိုင်ပါ့မလားဆို ပြီးတော့ မေးခွန်းထုတ်တဲ့သူတွေ ရှိပါတယ်။ အောင်မြင် နိုင်ပါ့မလားလို့ မေးခွန်းထုတ်တဲ့သူတွေကို ကျွန်မကနေ ပြီးတော့ တောင်ကြီးလို နေရာမျိုးကို ကြည့်လိုက်ပါ။ တောင်ကြီးလိုနေရာမျိုးမှာ ကျွန်မတို့ရဲ့ ပြည်သူများဟာ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်နေနိုင်ရင် ကျွန်မတို့ တစ်တိုင်းပြည်လုံး က မနေနိုင်စရာအကြောင်း ဘာရှိသလဲ။ သို့သော်လည်း ကျွန်မတို့ ကြိုးစားမှဖြစ်မှာပါ။ အလုပ်တစ်ခု အောင်မြင်ဖို့ ဆိုတာဟာ ကျွန်မတို့ ထိုင်ပြီး ဆုတောင်းနေရင်းနဲ့တော့ မဖြစ်ပါဘူး။ ကျွန်မတို့ ကြိုးစားယူရမယ်။ ကျွန်မတို့ရဲ့ ဦးတည်ချက် ပန်းတိုင်ကို မရောက်မချင်း ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရပါ့မယ်။
သန္နိဋ္ဌာန်တစ်ခုဖြစ်
ဒါကြောင့် ကျွန်မပြောနေကြ စကားတစ်ခုကို ထပ်ပြီး တော့ပြောပါရစေ။ လုံ့လဆိုတာကတော့ အဆင့်ဆင့်ရှိ ပါတယ်။ အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်တဲ့လုံ့လ၊ အလုပ် တစ်ခုကို တကယ်စပြီးတော့ လုပ်တဲ့ လုံ့လ၊ အခက်အခဲ ကြားမှာ ဆက်ပြီးလုပ်တဲ့ လုံ့လ၊ ရှုံးနိမ့်တဲ့အခါတောင်မှ လက်မမြှောက်ဘဲနဲ့ အားမလျှော့ဘဲနဲ့ ထပ်ပြီးတော့ အစ ကနေ စရမယ်ဆိုရင်လည်း အစကနေစရဲတဲ့လုံ့လ၊ ပြန်ပြီး တော့ စရဲတဲ့ လုံ့လမျိုး။ ကျွန်မတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး လုံ့လဝီရိယနဲ့ အောင်မြင်တဲ့ အထိ လုပ်သွားဖို့ဟာ ကျွန်မတို့ ပြည်သူ ပြည်သားအားလုံး ပြည်ထောင်စုကို တကယ်အလေးထား၊ တန်ဖိုးထားသူ များ အားလုံးအတွက် သန္နိဋ္ဌာန်တစ်ခု ဖြစ်ရပါလိမ့်မယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ပြည်ထောင်စုကို လိုလားမှ ဒီပြည်ထောင်စုကြီးဟာ မြန်မြန်ဆန်ဆန်နဲ့ ပေါ်ထွန်းလာမှာပါ။ လူနည်းစုက လိုလားမှုနဲ့ မပေါ်ထွန်း လာနိုင်ဘူးလားဆိုရင် ပေါ်ထွန်းလာနိုင်ပါတယ်။ ကမ္ဘာ့ သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် တချို့ အင်မတန်မှ ထိရောက်တဲ့၊ အရေးပါတဲ့ လှုပ်ရှားမှုကြီးများကို ဦးဆောင် တဲ့ လူတွေက လူနည်းစုပါ။ ပါဝင်ပြီးတော့ တကယ်လှုပ်ရှား တဲ့ သူတွေကလည်း လူနည်းစုပါ။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ် တွေရဲ့ စိတ်အားထက်သန်မှုကြောင့် အောင်မြင်ပါတယ်။ သို့သော်ငြားလည်း ပံ့ပိုးမှုကတော့ ရှိရမယ်၊ ဥပမာဆိုရင် လွတ်လပ်ရေးတိုက်ပွဲတုန်းက တကယ်ထွက်ပြီးတော့ ရှေ့တန်းကနေ လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ ခေါင်းဆောင် ကြီးတွေဟာ လူနည်းစုပါ။
သို့သော်လည်းပဲ ဒီလူနည်းစုရဲ့ အလုပ်အောင်မြင်ဖို့ အတွက် ပံ့ပိုးနေတာဟာ အများပြည်သူဖြစ်ပါတယ်။ ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ အများပြည်သူရဲ့ ထောက်ခံမှု မရှိဘဲနဲ့ ဘယ်လုပ်ငန်းမှ ရေရှည်အောင်မြင်မှုရနိုင်မှာ မဟုတ်ပါဘူး၊ အများပြည်သူရဲ့ ထောက်ခံမှုမရှိဘဲနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေဆိုတာ ရေတိုမှာ တော့ အောင်မြင်ရင် အောင်မြင်မယ်။ ရေတိုမှာတော့ ထိရောက်ရင် ထိရောက်မယ်။ ရေရှည်မှာတော့ မရပ်တည် နိုင်ပါဘူး။ ပြည်သူအများစုကနေ ထောက်ခံမှ ထောက်ခံ တယ်ဆိုတာ ဘာကြောင့်ထောက်ခံတာလဲ၊ တကယ် နားလည်မှုနဲ့ ထောက်ခံတာဖြစ်ရမယ်။ အခြေအနေတစ်ခု ကို နားမလည်လို့၊ အပြောကောင်းတာကို ယုံပြီးတော့ ထောက်ခံတဲ့ ထောက်ခံမှုမျိုးဆိုတာဟာ ဒါက စစ်မှန်တဲ့ ထောက်ခံမှု မဟုတ်ပါဘူး။
ဦးနှောက်နဲ့တွက်ချက်
ထောက်ခံမှုဆိုတာဟာ အကောင်းအဆိုး၊ အကြောင်း အကျိုးအားလုံးကို ဆင်ခြင်ပြီးမှ ထောက်ခံသင့်တဲ့အရာ ထောက်ခံသင့်တဲ့ကိစ္စ၊ လုပ်ငန်းစဉ်မို့လို့ ထောက်ခံတယ် ဆိုတဲ့စိတ်နဲ့ ထောက်ခံမှ အဓိပ္ပာယ်ရှိမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတော်အစိုးရက ပြည်သူထုကို စည်းရုံး ပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ပြည်သူကို စည်းရုံးရမယ်၊ စည်းရုံးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ စည်းရုံးခြင်းဆိုတာ ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ဝိုင်းဝန်းပါဝင်အောင်လို့ ပါဝင်ချင်တဲ့စိတ်ဓာတ်ဖြစ်အောင်လို့ လုပ်ခြင်းဟာ တကယ့်စည်းရုံးမှု ပါ။ စည်းရုံးခြင်းဟာ ဦးနှောက်နဲ့ နှလုံးသား နှစ်ခုစလုံးကို ဆွဲဆောင်နိုင်ရပါတယ်။ ဘယ်အရာတွေက ဦးနှောက်ကို ဆွဲဆောင်သလဲ ဘယ်အရာတွေက နှလုံးသားကို ဆွဲဆောင် သလဲဆိုတာ တချို့ကမေးခွန်းထုတ်ရင် ထုတ်လိမ့်မယ်။ ဦးနှောက်ကို ဆွဲဆောင်တယ်ဆိုတာ အတွက်အချက် အရပါ။ ပြည်သူတွေက ဦးနှောက်နဲ့တွက်ပြီးတော့ ဒီလိုလှုပ်ရှားမှုထဲမှာ ပါဝင်ခြင်းအားဖြင့် ငါတို့အတွက် အကျိုးအမြတ်ရှိနိုင်မယ်။ ငါတို့ နိုင်ငံအတွက် ကောင်းကျိုး ဖြစ်နိုင်တယ်။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဆိုပြီး ဦးနှောက် နဲ့ တွက်ချက်တယ် ဒါကတစ်ပိုင်းပါ။
တန်ဖိုးထားမှုနဲ့ တွေးခေါ်မှု
နောက်တစ်ပိုင်းက နှလုံးသားနဲ့ ယုံကြည်မှုဟာ ဘာပေါ်မှာ အခြေခံသလဲဆိုတော့ တန်ဖိုးထားတဲ့အပေါ် မှာ အခြေခံပါတယ်။ တန်ဖိုးထားတဲ့တစ်ခုကို ယုံကြည်မှ လုပ်ငန်းတစ်ခုကို ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း ကိုလုပ်တဲ့ ရည်ရွယ်ချက်ဟာ ဘယ်လိုတန်ဖိုးထားမှု တွေ၊ ဘယ်လိုအတွေးအခေါ်တွေနဲ့ လုပ်သလဲ။ အဲဒါကို ယုံကြည်နိုင်မှ နှလုံးသားကိုပါ စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။ နှစ်ခုစလုံးကို စည်းရုံးနိုင်မှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စည်းရုံးရေးဖြစ်မှာပါ။ နှစ်ခုစလုံးကို စည်းရုံးနိုင်မှ ကျွန်မတို့ နိုင်ငံဟာ သွားသင့်သွားထိုက်တဲ့လမ်းပေါ်မှာ အားလုံး ညီညီညွတ်ညွတ်နဲ့ လျှောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်ကစရမလဲလို့ တချို့ကမေးပါတယ်။ နှလုံးသားက စရမလား၊ ဦးနှောက်ကစရမလား၊ ခွဲလို့ မရပါဘူး။ တစ်ပြိုင်နက်ထဲ လုပ်သွားရမှာ ဖြစ်ပါတယ်။ စက်ဘီးစီးသလိုပေါ့။ စက်ဘီးစီးတယ်ဆိုတာ ဘီးတစ်လုံး နဲ့စီးလို့ မရပါဘူး။ ဘီးနှစ်လုံးနဲ့စီးမှ ချောချောမွေ့မွေ့နဲ့ ကိုယ်ရည်ရွယ်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နှစ်ခုစလုံးကိုရယူဖို့ဟာ အင်မတန်မှ အရေး ကြီးပါတယ်။ ကျွန်မတို့ဟာ ပြည်သူနဲ့ဆွေးနွေးတယ်၊ တိုင်ပင်တယ်၊ ညှိနှိုင်းတယ်၊ ပြည်သူနဲ့နီးကပ်အောင် နေတယ်ဆိုတာ ဒီဘီးနှစ်ဘီးစလုံး လည်နေအောင်လို့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်
မေးခွန်းတွေထဲမှာဆိုရင် အများအားဖြင့်ကတော့ ဦးနှောက်နဲ့ဆိုင်တဲ့ မေးခွန်းတွေပါ။ ဘာဖြစ်လို့ ဒီကိစ္စက ကြန့်ကြာနေသလဲ။ ဒီလိုလုပ်စရာရှိတဲ့ ကိစ္စတွေကို ဘယ်တော့လုပ်ပေးမလဲ။ ဘယ်လိုပုံစံနဲ့လုပ်ပေးမလဲဆိုတာ အဲဒါတွေကတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာဟာ ဘယ်နိုင်ငံမှာမဆို၊ ဘယ်အသိုင်းအဝိုင်းမှာမဆို လိုအပ် ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်တာလည်း မမှား ပါဘူး။ အများပြည်သူကလည်း ဖွံ့ဖြိုးတိုးတက် စေချင်တာ အင်မတန်မှ မှန်ကန်တဲ့ကိစ္စဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ရေးဖြစ်ဖို့က စိတ်ဓာတ်က အင်မတန်လိုပါတယ်။ ဒီခန်းမထဲမှာဆိုရင် ဒုတိယကမ္ဘာ့စစ်ကို မီခဲ့တဲ့ပုဂ္ဂိုလ်များ အင်မတန်မှ နည်းသွားပါပြီ။ ကျွန်မဆိုရင် ဒုတိယကမ္ဘာ့စစ် ပြီးတဲ့နှစ်မှာ မွေးတာပါ။ ကျွန်မတို့က ဒုတိယကမ္ဘာ့စစ်ကြီး ကို မမီလိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့ဟာ ဒုတိယ ကမ္ဘာ့စစ် အဖြစ်အပျက်တွေနဲ့ ယဉ်ပါးနေတယ်။ ကျွန်မတို့ကြီးလာတဲ့ အချိန်မှာ လူကြီးတွေက စစ်ကာလအကြောင်းကို ပြောလို့ မပြီးသေးဘူး။ ဒုတိယကမ္ဘာ့စစ်အတွင်းမှာ အင်မတန်မှ အထိနာခဲ့တဲ့ နိုင်ငံတွေကြားထဲမှာ စစ်ပြီးကာလမှာ တိုးတက်ပုံခြင်း မတူဘူး။ တိုးတက်တဲ့နှုန်းက မတူဘူး။ တိုးတက်တဲ့နှုန်းများ နိုင်ငံတွေကြည့်လိုက်ရင် အဓိက အားဖြင့် ပြည်သူ၊ ပြည်သားတွေရဲ့စိတ်ဓာတ်ပဲ။ ပြည်သူ ပြည်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ လုံ့လဝီရိယကြီးမားမှု၊ အပင်ပန်းခံနိုင်စွမ်းမြင့်မားမှု ဒါတွေပေါ်မှာ အခြေခံ ပြီးတော့ တချို့နိုင်ငံတွေက မြန်မြန်နဲ့ ထိထိရောက်ရောက် နာလန်ထူလာပါတယ်။
စိတ်ဓာတ်မှန်ကန်ဖို့လို
ကျွန်မတို့နိုင်ငံ ရှေ့ကိုဆက်ပြီးတော့ တိုးတက်ဖို့ ရှေ့မှာဆက်ပြီးတော့ အောင်မြင်ဖို့ဆိုရင် နိုင်ငံသူနိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်းဟာ စိတ်ဓာတ်မှန်ကန်ဖို့ လိုပါတယ်။ စိတ်ဓာတ်ချည်းပဲမကဘဲ တကယ့်ထိရောက်တဲ့အလုပ်နဲ့ ပံ့ပိုးပေးဖို့လိုပါတယ်။ မျှော်လင့်ချက်ဆိုတာ အလုပ်နဲ့ မပံ့ပိုး ပေးရင် အိပ်မက်တစ်ခုလိုပဲ ပျောက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်တကယ်မျှော်လင့်တဲ့ကိစ္စကို ဖြစ်စေချင်ရင် အလုပ် လုပ်ရမယ်။ တခြားလူ လုပ်တာကို မစောင့်ပါနဲ့။ တခြားလူ ကို အားမကိုးပါနဲ့။ ကိုယ့်ဘာသာကိုယ် လုပ်မှဖြစ်မှာပါ။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးစနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံဟာ အခက်အခဲတွေ အများကြီးရင်ဆိုင်ရတယ်။ ဒီလို အခက်အခဲတွေအများကြီး ရင်ဆိုင်ရတဲ့ကြားထဲကနေ အခု ဒီနှစ်အတွင်းမှာဆိုရင် သိသိသာသာတိုးတက်မှုတွေ အများ ကြီး တွေ့ရတယ်။ ဒီတိုးတက်မှုတွေရဲ့ အကြောင်းရင်းက ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ဝန်ထမ်းတွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကလေးလူငယ် တွေအားလုံးက ဒီနိုင်ငံကိုတိုးတက်စေချင်တဲ့ စိတ်ဓာတ် တစ်ခုရှိလို့ပါ။ သို့သော်လည်း အားလုံးက ဒီစိတ်ဓာတ်နဲ့ ကိုက်ညီအောင်လို့ အလုပ်လုပ်ခဲ့ကြသလားဆိုတော့ အဲဒီလို လည်း မဟုတ်ပါဘူး။ အဲဒီလိုလုပ်ဖို့တော့ လိုပါသေးတယ်။ ပိုပြီးတော့ လုပ်တဲ့သူရှိတယ်။ သိပ်ပြီး မလုပ်တဲ့သူရှိတယ်။ သူများလုပ်တာကိုပဲ ကြည့်နေတဲ့သူရှိတယ်။ အလုပ်တစ်ခု လုပ်ရင် ငါ့တာဝန်လို့စိတ်ထဲမှာမထားဘဲ သူ့တာဝန်လို့ စိတ်ထဲမှာထားတဲ့ သူရှိတယ်။ ဖြစ်မြောက်ဖို့ လိုတဲ့အလုပ် တစ်ခုဆိုရင် ဖြစ်မြောက်နိုင်ဖို့ ငါ့တာဝန်လို့ စိတ်ထဲမှာ နှလုံးသွင်းဖို့ လိုပါတယ်။
ဥပမာဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုရင် ဘယ်သူ့ တာဝန်လဲ၊ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်း တစ်ဦးချင်းဟာ ငါ့တာဝန်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။ ဒီနိုင်ငံငြိမ်းချမ်းမှ ဒီနိုင်ငံတိုးတက်မယ်။ ဒီနိုင်ငံတိုးတက်မှ ဒီနိုင်ငံထဲက နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်း တစ်ဦးချင်းစီ ရေရှည်မှာ တိုးတက်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက အင်မတန်မှ ဆင်းရဲ နေပြီးတော့ ကိုယ်တစ်ယောက်ထဲချမ်းသာတာ ဂုဏ်ယူ စရာအကြောင်း မဟုတ်ပါဘူး။ တကယ်တော့ ရှက်စရာ တောင် ဖြစ်ပါသေးတယ်။ အေးအတူ ပူအမျှဆိုတာ ဒါပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာမှုတိုးတက်မှုရဲ့ အသီးအပွင့် တွေကို အားလုံးအတူတူ စားကြမယ်။ အားလုံးအတူတူ မျှဝေကြမယ်။ ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ရမယ်။ အတူတူကျော်လွှားရမယ်။ အဲဒီလို စိတ်ဓာတ် တွေနဲ့သွားမှ ဒီနိုင်ငံဟာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြခြေရှိတယ်လို့ ယုံကြည်ရခြင်းအကြောင်းအရင်းတစ်ခုက တောင်ကြီးလိုဒေသ တစ်ခုဖြစ်ပါတယ်။
ငြိမ်းချမ်းရေး အမြစ်တွယ်တာလိုချင်
တောင်ကြီးလို တိုင်းရင်းသားပေါင်းမြောက်မြားစွာ၊ ပြောတဲ့ ဘာသာစကားများစွာ၊ ကိုးကွယ်တဲ့ဘာသာတွေအမျိုးမျိုးမှာ အားလုံးက အတူတကွ အေးအေးချမ်းချမ်း နေနိုင်တဲ့နေရာမျိုးတွေ ကျွန်မတို့နိုင်ငံမှာရှိတယ်။ ဒီလို နေရာမျိုးတွေရှိနေတာ တစ်တိုင်းပြည်လုံး ဘာလို့ဒီလို မဖြစ်နိုင်ရမှာလဲလို့ စဉ်းစားလိုက်ရင် နိုင်ငံရဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလား အလာဟာ ကောင်းတယ်လို့ ကျွန်မတို့ ပြောရပါလိမ့်မယ်။ သို့သော်လည်း ကြိုးစားမှ အောင်မြင်မှာ ဖြစ်ပါတယ်။ ကြိုးစားမှ မြန်မြန်ဆန်ဆန်ပြီးမှာပါ။ ကျွန်မတို့ မျက်စိမှိတ် မသွားခင်မှာ ဒီငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ အမြစ်တွယ် တာကို လိုချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူ၊ ပြည်သားများဟာ ဒီလို စိတ်ထားရပါမယ်။ ငါတို့သက်တမ်း မှာ ငါတို့နိုင်ငံ ငြိမ်းချမ်းရမယ်။ ငါတို့သက်တမ်းအတွင်းမှာ ငါတို့ရဲ့ ကြိုးစားမှုတွေကြောင့် နိုင်ငံဖွံ့ဖြိုးရမယ်၊ တိုးတက် ရမယ်၊ တည်ငြိမ်ရမယ်၊ ညီညွတ်ရမယ်။ ဒီလိုစိတ်ထား တွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်စေချင်ပါတယ်။
ယင်းနောက် ကြိုတင်မေးမြန်းထားသည့် ဟိုပုံးမြို့နယ် မြောက်ဘက်ခြမ်းဒေသ ကျေးရွာအုပ်စုများ လျှပ်စစ် မီးလင်းရေး၊ တောင်ရိုးလူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး (၁) နေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီပါက ဆောင်ရွက်ပေးနိုင်ရေး၊ ရပ်စောက် မြို့ ကန်တော်မင်ဒေသမှ သိမ်းဆည်းမြေများအား ထပ်မံ စွန့်လွှတ်ပေးရေး၊ ရပ်စောက်မြို့ ယာဉ်ရပ်နားစခန်း ဆောင်ရွက်ပေးရေးနှင့် မြို့မြေတိုးချဲ့ပေးရေး၊ ကျွဲ၊ နွားများ တရားဝင်သယ်ယူနိုင်ရေးအတွက် အမိန့်ထုတ်ပြန်ပေးရေး၊ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြည်ရေး အတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရေး၊ တောင်ကြီး မြို့ ရေစီးရေလာကောင်းမွန်စေရေးအတွက် နိုင်ငံတော် အဆင့် Master Plan ရေးဆွဲ ဆောင်ရွက်ပေးရေး၊ တောင်ကြီးမြို့ မြို့ရှောင်လမ်း အမြန်ဖောက်လုပ်ပေးရေး နှင့် နိုင်ငံတော်အဆင့် ကူညီဆောင်ရွက်ပေးရေး၊ ညောင်ရွှေ-လွိုင်ကော်ဆက်သွယ်ထားသည့် တုံဟုံး-စကား-လွိုင်ကော် လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများရှိ မြေသားလမ်းများအား ကျောက်ချောလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြကြသည်။
တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဟိုပုံးဒေသ မြောက်ခြမ်းဒေသများ လျှပ်စစ်မီးလင်းရေး အတွက် ၂၀၁၄-၂၀၂၄ ခုနှစ်တွင် ပြည်နယ် အစိုးရရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်ရိုး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခန့်အပ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်မှသာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန် စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင်ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ ရရှိမှုအပေါ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်စောက်မြို့ ကန်တော်မင်ဒေသမှ သိမ်းဆည်းမြေများ အနက် စွန့်လွှတ်ပြီးမြေများအား လယ်ယာမြေဥပဒေ နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်စောက်မြို့ မြို့မြေတိုးချဲ့ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အမည်ဖြင့် မြေလွှဲရရှိ ရေး ဆောင်ရွက်ရန် အကောင်အထည်ဖော်နိုင်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျွဲ၊ နွားများ တရာမဝင်သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ တရားမဝင် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများ တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တောင်ကြီးမြို့ မြို့ရှောင်လမ်း အမြန်ဖောက်လုပ် ပေးရေး၊ ညောင်ရွှေ- လွိုင်ကော် ဆက်သွယ်ထားသည့် တုံဟုံး- စကား-လွိုင်ကော် လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေးနှင့် ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသရှိ ကျေးရွာများရှိ မြေသားလမ်းများအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေးတို့အတွက် ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည် တည်တံ့ရေး နှင့် စိမ်းလန်းစိုပြည်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်းကြသည်။
မေးခွန်းများနှင့်စပ်လျဉ်း၍ တင်ပြ
ထို့နောက် ခန်းမအတွင်းမှ ဒေသခံ(၅)ဦးက ရွှေညောင်မြို့ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်စောက် မြို့နယ် ပါမဲကျေးရွာအပါအဝင် ကျေးရွာ(၃)ရွာ လျှပ်စစ်မီး ရရှိရေး၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး၊ နိုင်ငံတော် အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများ၌ ကျောင်း များ၊ အားကစားကွင်းများ တည်ဆောက်ရန်ခွင့်ပြုပေးရေး၊ ရပ်စောက်မြို့နယ်အတွင်းမှ ထွက်ရှိသည့်ပြောင်းများ အတွက် ဈေးကွက်ရှာဖွေပေးရေး၊ ခန်းမအပြင်မှ ဒေသခံ (၅)ဦးက အေးသာယာမြို့၌ စက်ရုံအလုပ်ရုံများ တည်ဆောက်ပေးရန်နှင့် အလုပ်အကိုင်ဖန်တီးပေးရေး၊ နမ့်စန်မြို့နေပြည်သူများထံမှ သိမ်းဆည်မြေများအား ပြန်လည်စွန့်လွှတ်ပေးနိုင်ရေးအတွက် သီးခြားစုံစမ်းရေး အဖွဲ့ဖြင့် ဆောင်ရွက်ပေးရေး၊ အေးသာယာမြို့၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ နစ်နာခဲ့မှုအား ဖြေရှင်းပေး ရေး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် သွေးလှူဒါန်းမှု များ အဆင်ပြေချောမွေ့စေရေး၊ ပြည်တွင်းစစ်အမြန် ချုပ်ငြိမ်းရေးအတွက် ပညာရေးကဏ္ဍမှာအရေးကြီးသည့် အတွက် ပညာရေးဘတ်ဂျက် ပိုမိုခွင့်ပြုပေးရေး မေးခွန်းများ နှင့်စပ်လျဉ်း၍ တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေညောင်မြို့ ရေစီး ရေလာ ကောင်းမွန်ရေးအတွက် တိုင်းတာရေးလုပ်ငန်း များ စတင်ဆောင်ရွက်နေပြီဖြစ်ရာ တိုင်းတာခြင်း လုပ်ငန်းပြီးစီးပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရပ်စောက်မြို့နယ်အတွင်းမှ ကျေးရွာများ မီးလင်းရေးအတွက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းမြေ ကိစ္စကိုလည်း ပြည်နယ်အစိုးရအနေဖြင့် အမြန်စုံစမ်း စစ်ဆေးပြီး ပြည်ထောင်စုအစိုးရသို့ အစီအရင် ခံစာတင်ပြ သွားရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေရသည့် အတွက် ဒေသအားလုံး မျှမျှတတဖြစ်အောင် ဆောင်ရွက် ပေးနေပါကြောင်း၊ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပြောင်းဈေးကွက် ပိုမိုရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဈေးကွက် ပိုမိုကောင်းမွန်လာနိုင်သည်ဟု သိရပါကြောင်း၊ အေးသာယာမြို့မှ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ ရေးအတွက် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း၊ နမ့်စန်မြို့ နေ ပြည်သူများထံမှ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့မှ စုံစမ်းရေးအဖွဲ့ စေလွှတ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်လည်ရှင်းလင်းပြောကြားကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး တိုင်းရင်းသား၊ တိုင်းရင်းသူ ကလေးငယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီးမြို့ စူဠာမုနိစေတီတော်သို့ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။ သတင်းစဉ်

No comments:

Post a Comment