Saturday, November 2, 2019

အန္တရာယ်အသစ်၏ ခေါင်းလောင်းသံ



လွန်ခဲ့သည့် ၁၃ နှစ်ကျော်ကာလ ၂၀၀၆ ခုနှစ် မေလဆန်းမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။ ဥပဒေ၏ရည်ရွယ်ချက်က ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းတို့က ကျန်းမာရေးထိခိုက်နိုင်စေသည်ကို သိရှိနားလည်ပြီး ပြည်သူများ ရှောင်ကြဉ်နိုင်ကြစေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီး၍ ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့် ရှောက်နိုင်ကြစေရန်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက် ကြီး ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေချိန်တွင် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ မှ ဆေးလိပ်စွဲနေသည့် ဆေးဝါးပညာရှင်တစ်ဦးက ၎င်းကိုယ်တိုင် ဆေးလိပ်ဖြတ်ရန် ရည်ရွယ်၍ ဆေးလိပ်အစားထိုး အီလက်ထရွန်နစ် စီးကရက်ကို တီထွင်လိုက်ရာမှ ကမ္ဘာသို့ လျင်လျင်မြန်မြန်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းချိန်နှင့် မရှေးမနှောင်းမှာပင် အီး-စီးကရက်က ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။


အီး-စီးကရက်ဈေးကွက်က ၁၀ နှစ်ကျော်ကာလအတွင်း ကမ္ဘာ တစ်ခွင် ကြီးမားသည့် ဈေးကွက်ကြီးတစ်ခုအဖြစ် ပျံ့နှံ့ လာခဲ့သလို အီး-စီးကရက်သုံးစွဲမှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်း၍လည်း ငြင်းကြခုံကြသံများလည်း တသဲသဲထွက်ပေါ်လာသည်။ အီး-စီးကရက်ကို ထောက်ခံသူများက အီး-စီးကရက်သည် ဆေးလိပ်ဖြတ် လိုသူများအတွက် အထောက်အကူဖြစ်ကြောင်း၊ ဆေးရွက်ကြီးထွက် ပစ္စည်းဖြစ်သည့် နီကိုတင်းပမာဏကို အများအပြားလျှော့ချထားသည့် အတွက် ကျန်းမာရေးကို မထိခိုက်နိုင်ကြောင်း အကြောင်းပြကြသည်။ အီး-စီးကရက် ဆန့်ကျင်သူများကလည်း နီကိုတင်း ပမာဏနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ အန္တရာယ်ရှိသည်သာဖြစ်ကြောင်း၊ အီး-စီးကရက်တွင် အသုံးပြုရသည့် အရည်ထဲတွင်ပါဝင်သော ဓာတုပစ္စည်း များကလည်း သောက်သုံးသူတို့အတွက် ရေရှည်တွင် အန္တရာယ်ဖြစ်စေ ကြောင်း စသည်ဖြင့် ထောက်ပြကန့်ကွက်ကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကမူ အီး-စီးကရက်ကို လုံးဝလက်မခံ။ အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို လုံးဝပိတ်ပင်ရန်နှင့် မပိတ်နိုင်သေးပါကလည်း ထိန်းချုပ်ကန့်သတ်ထားရန် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းခဲ့သည်။


အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းကို ကမ္ဘာ့နိုင်ငံ ၄၂ နိုင်ငံတွင် လုံးဝပိတ်ပင်တားမြစ်ထားပြီဖြစ်ပြီး ၅၆ နိုင်ငံတွင်မူ အကန့်အသတ်၊ အထိန်းအချုပ်များဖြင့်သာ ရောင်းချခွင့်ပေးထားသည်။ အာဆီယံနိုင်ငံများထဲမှ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်း တို့တွင် ရောင်းချခွင့်မပြုဘဲ လုံးဝပိတ်ပင်ထားပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က စည်းမျဉ်းစည်းကမ်း အကန့်အသတ်များဖြင့် ရောင်းချခွင့်ပြုထားသည်။ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ကလည်း ကန့်သတ်ထားရာ မြန်မာနိုင်ငံတွင်သာ မူဝါဒစည်းမျဉ်းစည်းကမ်းတို့ ချမှတ်ရန် ကျန်နေသည့် အနေအထား။ ရှိပြီးသား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေသည် မလုံလောက်တော့။ ဥပဒေ၏ ရည်ရွယ်ချက် များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လုပ်ငန်းတာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ ကို ပြန်လည်သုံးသပ်ရတော့မည်။ တိုးချဲ့ရတော့မည်။ ပြင်ဆင်ရတော့ မည်ဖြစ်သည်။


လတ်တလောအခြေအနေတွင်မူ အီး-စီးကရက်က မြို့ပြနှင့် လူငယ် လူရွယ် အလွှာတစ်ခုတွင် ထိုးဖောက်ဝင်ရောက်နေသည့် အနေအထား ဖြစ်သည်။ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်များနှင့် အမျိုးသမီးငယ်များအကြားတွင်လည်း အသစ်အဆန်းတစ်ခုအနေဖြင့် ကိုင်ဆောင်သုံးစွဲမှုတို့ ရှိလာနေသည်။ ပျော်ပွဲစားရုံများ၊ ကေတီဗွီ၊ ဘီယာ ဆိုင်များ၊ နိုက်ကလပ်နှင့် ကော်ဖီဘားတို့တွင်လည်း ရှီရှား၊ ဟွတ်ကတို့ကို ဆက်ရှင်အလိုက် ဝိုင်းဖွဲ့ရှူရှိုက်သုံးစွဲကြခြင်းကို ခေတ်မီသည်ဟူသော အမြင်များဖြင့် မိန်းကလေးများပါ သုံးစွဲနေကြသည်။ ယင်းတွင် သုံးစွဲသည့် ဆေးရွက်ကြီးမှာ တင်လဲရည်၊ သကြားချိုးတို့ဖြင့် ပြုပြင်စီမံထားပြီး သစ်သီးရနံ့ ၊ ပန်းရနံ့၊ ပူဒီနာ၊ ပရုတ်ရနံ့၊ နာမည်ကြီး စီးကရက်အနံ့ အရသာများဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရှီရှား တစ်နာရီရှူခြင်းက စီးကရက်လိပ်‌ရေ ၁၀၀ မှ ၂၀၀ အထိ သောက်ရှူသည့်ပမာဏနှင့် ညီမျှ သလို ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများ ရောနှောရှူရှိုက်မှုများ ရှိနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။


အီး-စီးကရက်နှင့် ရေပြောင်း(ရှီရှား၊ ဟွတ်က)တို့က ဆေးရွက်ကြီး ကို အငွေ့ရှူငုံဝါးသည့်ခေတ်ကို ကျော်လွန်ပေါ်ထွက်လာခြင်းဖြစ်သလို နီကိုတင်းသာမက အခြားသော အန္တရာယ်ရှိ ဓာတုပစ္စည်းများ ပေါင်းစပ် ပါဝင်လာသည်။ ယင်းတို့ကို သုံးစွဲခြင်းနှင့် ဆက်စပ်သည့် ရောဂါသည် များနှင့် သေဆုံးမှုများလည်း အခြားနိုင်ငံများတွင် ပေါ်ထွက်လာနေပြီ ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း တစ်ချိန်ချိန်တွင် ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်နှင့် နိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာဖွယ်ရာရှိသည်။ ဒေသတွင်းနိုင်ငံများတွင်ပင် ပိတ်ပင်တားဆီးထိန်းချုပ်မှုများ ပြုလုပ်ပြီး ဖြစ်ရာ ရေတိုရေရှည်ပြုဖွယ်ရာရာတို့ကို မြန်မြန်ဆန်ဆန် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။


No comments:

Post a Comment