Sunday, November 3, 2019

အကျိုးကြီးမည့် ဘက်စုံစီမံကိန်း

 
အယ်ဒီတာအာဘော်
 
 
 
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ထုတ်လုပ် မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ထိ စွမ်းဆောင် နိုင်မည့် ငါးမွေးမြူရေး ဘက်စုံစီမံကိန်းကြီး တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါစီမံကိန်းကြီး ပြည့်စုံပြီး မြောက်၍ အောင်အောင်မြင်မြင် လည်ပတ်ပြီဆိုပါက အရှေ့ တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေးစီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယင်းစီမံကိန်းတွင် ငါးမွေးမြူခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ငါးမွေးမြူရေး ကန်များ၊ ငါးသားပေါက်စခန်းများ၊ ပြုပြင်ထုတ်လုပ်မှုနှင့် အအေး ခန်းစက်ရုံများ၊ ငါးအစာစက်ရုံများ၊ ဓာတ်ခွဲခန်းများပါဝင်ပြီး စီမံ ကိန်းပြီးစီးချိန်တွင် အလုပ်အကိုင်အခွင့်အလမ်း ၆၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်လည်းဖြစ်ရာ မြန်မြန်ဆန်ဆန် ပြီးပြည့်စုံ၍ လုပ်ငန်းများ မြန်မြန်ဆန်ဆန် လည်ပတ်နိုင်သည်နှင့်အမျှ မြန်မြန်ဆန်ဆန် အကျိုးရှိမည့် စီမံကိန်းကြီးလည်း ဖြစ်သည်။
ပြည်ပပို့ကုန်များတွင် ရေထွက်ပစ္စည်း တင်ပို့ရောင်းချမှု သည် ဈေးကွက်အလားအလာ ကောင်းမွန်သည့်တိုင်အောင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို မယှဉ်နိုင်ပေ။ ရေထွက်ပစ္စည်းများအတွက် သဘာ၀အရင်းအမြစ်များဖြစ် သည့် ရေချိုမြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုများ ပြည့်စုံပါလျက်နှင့် ဘက်စုံအားနည်းချက်များ ကြောင့် ရေထွက်ကုန်ပစ္စည်း ယှဉ်ပြိုင်ထုတ်လုပ်နိုင်စွမ်းမရှိ ဖြစ်နေရသည့်အချက်များကို ဆန်းစစ်ပြီး ပြုပြင်ပြောင်းလဲသွား ကြရမည်ဖြစ်သည်။ ပြည်ပဈေးကွက်၏ သဘောသဘာဝ များကို သိနားလည်မှုအားနည်းခြင်းကြောင့် ဈေးကွက်က တောင်းဆိုသည့် ရေထွက်ကုန်ပစ္စည်းကို လိုအပ်ချိန်တွင် ထုတ်လုပ်ပေးနိုင်စွမ်းမရှိခြင်း၊ ထုတ်လုပ်မှုနည်းစဉ်များတွင် စံနှုန်း သတ်မှတ်ချက်များမီအောင် မပြုလုပ်နိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းမှု အာမခံချက်အတွက် ကောင်းမွန် သည့် မွေးမြူရေးဆိုင်ရာ ကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ် ရန် လိုအပ်ခြင်း စသည့် အားနည်းချက်များက နိုင်ငံတကာ ရေထွက်ကုန်ပစ္စည်းဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ကို နိမ့်ကျနေစေခြင်းဖြစ်သည်။
“မိမိတို့နိုင်ငံသည် ရေထွက်ပစ္စည်းသဘာဝအရင်းအမြစ် သယံဇာတများစွာရှိသော်လည်း ငါး၊ ပုစွန်များ ဖမ်းဆီးရေး လုပ်ငန်းတွင်သော်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းတွင်သော် လည်းကောင်း၊ တန်ဖိုးမြှင့် Value added ထုတ်လုပ်ရာတွင် သော်လည်းကောင်း နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ခေတ်မီ စနစ်၊ နည်းပညာ များစွာလိုအပ်လျက်ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း” ဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက Ayeyarwaddy Integrated Food Industry Complex ဘက်စုံ စီမံကိန်းကို လှည့်လည်ကြည့်ရှုစဉ် ပြောကြားခဲ့ရာ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရေး၏ ပစ္စက္ခအခြေအနေကို ထောက်ပြခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဒုတိယသမ္မတက “အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်ပြီး ရေထွက်ပစ္စည်းများ ထုတ်လုပ် တင်ပို့နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သင့်လျော်သည့်နေရာများရွေးချယ်ပြီး ရေသတ္တဝါမွေးမြူရေး ဇုန်များကို Master Plan များရေးဆွဲ၍ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း” လည်း ထည့်သွင်းပြောကြားခဲ့ရာ အခြေအနေပေးသည့် နေရာဒေသတိုင်းတွင် ထိထိရောက်ရောက် လျင်လျင်မြန်မြန် အကောင်အထည်ဖော်ကြခြင်းဖြင့် ဒေသတွင်း အကျိုးဖြစ်ထွန်း မည့်အပြင် နိုင်ငံအကျိုးစီးပွားကိုလည်း အထောက်အကူ ကြီးကြီးမားမား ဖြစ်ထွန်းစေမည်ဟု ရှုမြင်မိသည်။
ပြည်ပဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ ရောင်းချရာတွင် လိုအပ်သလောက်ပမာဏကို ထုတ်လုပ်နိုင် ရန်မှာ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖို့ လိုအပ်သည့်အပြင် ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့် ခေတ်မီနည်းစနစ်များ လိုအပ် သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် နိုင်ငံတော်တို့ပူးပေါင်း၍ ဟန်ချက်ညီညီ စွမ်းဆောင်နိုင်သည်နှင့်အမျှ ရေထွက်ကုန်စည်မှ အကျိုးစီးပွားရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည် ပါကြောင်း။ ။

No comments:

Post a Comment