Friday, November 1, 2019

ဒီမိုကရေစီနှင့် ပြည်သူ့အချုပ်အခြာ



ဒီမိုကရေစီစနစ်၏ အလေးနက်ဆုံးအချက်မှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်သူလူထုလက်ထဲမှာ ထည့်ထား ရခြင်း ဖြစ်ပါသည်။ ပြည်သူလူထုက ရွေးချယ်သော လူထု ကိုယ်စားလှယ်များက အစိုးရအဖြစ် အုပ်ချုပ်ရေးတာဝန်၊ လွှတ်တော်များအဖြစ် ဥပဒေပြုရေးတာဝန်နှင့် တရားရေး မဏ္ဍိုင်က တရားစီရင်ရေးတာဝန်များကို ခွဲဝေယူကာ အထက်ပါ မဏ္ဍိုင်များကို အချင်းချင်းထိန်းညှိကွပ်ကဲသည့်စနစ် ဖြစ်ပါ သည်။
ထို့ကြောင့် ဒီမိုကရေစီစနစ် အခြေခံဖြင့် နိုင်ငံထူထောင်ရေး လုပ်ရာတွင် အထွေထွေရွေးကောက်ပွဲများသည် အရေးကြီးဆုံး သော လုပ်ငန်းအဆင့်တစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အနာဂတ်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်သူတို့ကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ဆုံးဖြတ်ကာ တာဝန် ပေးရသည့် အနှစ်သာရအပြည့် ရှိပါသည်။ ပြည်သူတို့က ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရှိသည့် အခွင့်အရေး ဖြစ်ပါသည်။
ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တာဝန်ပေးခံ ရသူများအဖို့တွင်လည်း လူထုကို အမှန်တကယ် တာဝန်ခံရ သည့် လေးလံသော ဝန်ထုပ်ဝန်ပိုးများရှိပါသည်။ လူထုကို တာဝန်ခံနိုင်သည့် အရည်အချင်း၊ လူထုအကျိုးကို ဦးထိပ် ပန်ဆင်သည့် ဆုံးဖြတ်ချက်၊ နိုင်ငံ၏အနာဂတ်ကို တိုးတက် အောင် လုပ်ဆောင်သွားနိုင်မည့် မူဝါဒလမ်းစဉ်များအပေါ် ယုံကြည်ချက်တို့ဖြင့် အလုပ်လုပ်ရသူများဖြစ်ပါသည်။ ပြည်သူ့ ကိုယ်စားလှယ်များဟူသည် ပြည်သူ့ထောက်ခံမှုရရှိရန် လိုအပ်သကဲ့သို့ ကိုယ်ကျိုးမရှာသည့် သီလနှင့် ကျွမ်းကျင် ပါးနပ် အမြော်အမြင်ကြီးသည့် အရည်အချင်းလည်း ရှိရန် လိုပါသည်။
ဒီမိုကရေစီစနစ်၏ အခြေခံမူအရ နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များက တာဝန်ယူရပါသည်။
ထို့ကြောင့်ပင် ဒီမိုကရေစီစနစ်နှင့် အထွေထွေရွေးကောက် ပွဲတို့သည် ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့် ပန်းသဖွယ် ယှဉ်လျက် ရှိနေခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲများသည် ဥပဒေဘောင် အတွင်းမှ ယှဉ်ပြိုင်ကာ လူထုမျက်စိအောက်တွင် မျှတစွာ လုပ်ဆောင်ရခြင်းဖြစ်ပြီး လူထု၏ အဆုံးအဖြတ်ကို နာခံရ လေသည်။
မည်မျှပင် ကောင်းမွန်သည်ဟု မိမိယုံကြည်သော မူဝါဒနှင့် လုပ်ငန်းစဉ်ဖြစ်စေကာမူ လူထု၏သဘောတူညီမှု၊ လူထု၏ အားပေးထောက်ခံမှုဖြင့်သာ ဆောင်ရွက်၍ရသည်ဆိုသည့် အနှစ်သာရမှာ ဒီမိုကရေစီ၏ အလေးအမြတ်ပြုစရာ အကောင်းဆုံးအချက် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အောက် တွင် နိုင်ငံ၏ အနာဂတ်ရေးကို ဦးဆောင်တာဝန်ယူမည် ဆိုပါက ပြည်သူ့အဆုံးအဖြတ်ကို ယူရသည်ဟူသည့် စည်းမျဉ်း က အရေးပါဆုံးဖြစ်ချေသည်။
နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် ပြည်သူက တာဝန်ပေးပါမှ လုပ်ပိုင်ခွင့်များကို ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဒီမိုကရေစီစနစ် အခြေခံဥပဒေများတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထု၏ လက်ထဲတွင် ရှိသည်ဟူသည့်အချက်ကို ထိပ်ဆုံးကထားကာ ရေးဆွဲရလေ့ ရှိ၏။
ထိုအခြေခံဥပဒေ၏ အရင်းခံမူသည် နိုင်ငံအမှန်တကယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံသားမှန်သမျှ အလေးအမြတ် ပြုကြရမည့်မူ ဖြစ်ပါသည်။ ထို့ကြောင့်ပင် နိုင်ငံရေးပါတီများ၊ နိုင်ငံကို ဦးဆောင်မှုပေးကာ တာဝန်ယူဆောင်ရွက်လိုသူများ သည် ပြည်သူလူထု၏ ရှေ့မှောက်တွင် တရားမျှတလွတ်လပ် သည့် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ရင်း ပြည်သူလူထု၏ အဆုံးအဖြတ်ကို ရဲရဲရင့်ရင့် ခံယူကြဖို့လိုမည်ဟု တင်ပြ လိုက်ရပါသည်။ ။

No comments:

Post a Comment