Wednesday, November 20, 2019

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ




Image may contain: 15 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၁၉



နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပသည်။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ အားလုံးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှ အခွင့်အရေးရရှိခြင်း များကို ဦးတည်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် လိုက်လျော ညီထွေရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး ဦးတည်ချက် (၃)ရပ် ချမှတ်ပြီး ပေါက်မြောက် အောင်မြင်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း အသီးသီးက ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများ နှင့် လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။
စခန်းအချို့ ပိတ်သိမ်းနိုင်ခဲ့
ထို့ကြောင့် ယခု အမျိုးသား အဆင့် မဟာဗျူဟာကို အားလုံး ပူးပေါင်းပါဝင်မှုများဖြင့် ဝန်ကြီးဌာန က ဦးဆောင်ပြီး ရေးဆွဲနိုင်ခဲ့ပါ ကြောင်း၊ မဟာဗျူဟာသည် နိုင်ငံ အတွက် အရေးပါသော မဟာဗျူဟာ တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူမှု ပဋိပက္ခများကြောင့် ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ စာရင်းများ အရ IDP စခန်းအရေအတွက် ၁၂၈ ခု ရှိပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းခြောက်သောင်းကျော် ရှိပါ ကြောင်း၊ ကိန်းဂဏန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါ ကြောင်း၊ IDP စခန်းများတွင် စီမံ ခန့်ခွဲမှုများကို ပိုမိုစနစ်ကျကောင်းမွန် လာစေရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အစိုးရသစ် တာဝန်စတင် ယူစဉ်ကပင် ရခိုင်ပြည်နယ်အတွင်း IDP စခန်းများ ပိတ်သိမ်းရေးနှင့် စခန်းစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန် လာစေရေးအတွက် ဗဟိုကော်မတီ အောက်တွင် ဖွဲ့စည်းထားသော ဒေသ တွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက တာဝန်ယူ ဆောင်ရွက်ခဲ့ရာတွင် စခန်းအချို့ကို ပိတ်သိမ်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
အကြံပြုချက်များရယူ
မစ္စတာကိုဖီအာနန် ဦးဆောင် သော အကြံပေးကော်မရှင်၏ အကြံ ပေးချက်များတွင် IDP စခန်းများ ပိတ်သိမ်းခြင်းနှင့် ပြန်လည်နေရာချ ထားခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အကြံပေးချက် ပါဝင်ပါကြောင်း၊ အစိုးရအနေဖြင့် IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင် ရေးအတွက် အမျိုးသားအဆင့် မဟာ ဗျူဟာကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ရေးဆွဲ ဆောင်ရွက်ခဲ့ရာတွင် အားလုံးနှင့်ပူးပေါင်းလျက် ဆွေးနွေး အကြံပြုချက်များ ရယူပါကြောင်း၊ ပညာရှင် Prof. Walter Kaelin ၏ ကျွမ်းကျင်မှုအကူအညီဖြင့် စခန်းများ သို့ ကွင်းဆင်းပြီး မြေပြင်အခြေအနေ နှင့် ကိုက်ညီသော မဟာဗျူဟာ ဖြစ် စေရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းစီမံချက်များကို ဆက်လက် ရေးဆွဲကြရာတွင် သက်ဆိုင်ရာ ပြည်နယ်အလိုက် မတူညီကွဲပြားမှု များ ရှိမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ အပေါ် အခြေခံကာ ဒေသနှင့် ကိုက်ညီ ပြီး လက်တွေ့ကျသည့် လုပ်ငန်းစီမံ ချက် များရေးဆွဲကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တရားဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီး ကြောင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရာတွင် ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် မဟာ ဗျူဟာ ပေါ်ပေါက်ရေးအတွက် ပါဝင်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
မဟာဗျူဟာကို အသေးစိတ်ရှင်းလင်း
ထို့နောက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့် မဟာဗျူဟာကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ကချင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့ အစည်းများနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment