Thursday, November 14, 2019

သဘာ၀တရားနှင့် လူ့ကမ္ဘာ

အယ်ဒီတာအာဘော်
 
 
ယခုနှစ်များအတွင်း ပြင်းထန်သောသဘာ၀ဘေးတို့ ကမ္ဘာ့နေရာ အတော်များများတွင် ဖြစ်ပေါ်လာသည်ကို သတိပြုမိသည်။ လွန်ခဲ့သော စက်တင်ဘာလက အယ်လ်ဘေးနီးယားနိုင်ငံတွင် ပြင်းထန်သောငလျင်လှုပ်ခတ်မှုတစ်ခု ဖြစ်ခဲ့ရာ အဆောက် အအုံများစွာထိခိုက်ဆုံးရှုံးခဲ့ပြီး လူသုံးဆယ်ကျော်၊ လေးဆယ် နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။
သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်မှာ ကျန်ခဲ့သော ဩဂုတ်လ အထိ မကုန်စင်သေး။ သီရိလင်္ကာတွင် လူခြောက်သောင်းခန့် (အချို့သော သတင်းများတွင် တစ်သိန်းခန့်အထိ) ဖြစ်ပွားပြီး လူ ခုနစ်ဆယ်မှ တစ်ရာခန့်အထိ သေဆုံးခဲ့ကြကြောင်း၊ ဘင်္ဂလား ဒေ့ရှ်တွင် လူပေါင်း ၂၅၀၀ ခန့် ဖြစ်ပွားသည်မှာ ယနေ့အထိ ဖြစ်ပွားနေကြဆဲဖြစ်သည်ဟု ဆိုသည်။
လွန်စွာ ပူပြင်းခြောက်သွေ့ရာမှ အမေဇုန်သစ်တော မီးလောင် မှုကြီး လွန်ခဲ့သော အောက်တိုဘာလက ဖြစ်ပွားမှုကြောင့် တောနေသတ္တဝါ နှစ်သန်းခန့် သေကျေကြ၊ ခိုကိုးရာမဲ့ ဖြစ်ကြရသည်။
လောလောဆယ်အားဖြင့်လည်း ယမန်နေ့က ရန်ကုန်မြို့ တွင် သိသိသာသာ ယမ်းခါသွားသော ငလျင်တစ်ခု ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် မြို့သူမြို့သားများအကြား လှုပ်လှုပ်ရှားရှား ပြောဆိုနေ ကြသည်ဟုလည်း သိရပါသည်။
မကြာမတင်ကဖြစ်ခဲ့သော ဂျပန်နိုင်ငံ တိုကျိုတွင် ကျရောက် သည့် လေမုန်တိုင်းကြောင့် နေရာဒေသအများအပြား ရေလွှမ်း သွားခဲ့ပြီး လူ ၈၀ခန့် သေဆုံးပျက်စီးခဲ့ရသည်။
ယခုအခါတွင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကြီးမား ကျယ်ပြန့်သော တောမီးကြီးလောင်နေသည်ကို အစိုးရက အရေး ပေါ်အခြေအနေ ကြေညာထားရသလို အမေရိကန်နိုင်ငံက ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်မှု၊ အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုတို့မှာလည်း သဘာ၀ဘေးဒဏ်များကို တိုက်ရိုက်ခံစားနေရသည့်သတင်းများ ဖြစ်ပါသည်။ ဤသည် တို့မှာ ထင်ရှားသောအဖြစ်အပျက်တို့ကို ကောက်ယူဖော်ပြခြင်း သာဖြစ်ပြီး များစွာသော သဘာ၀ဘေးဒဏ်ဖြစ်ပွားမှုတို့ ရှိနေပါ သည်။
သဘာ၀ဘေးဒဏ်များမှာ ကြိုတင်ကာကွယ်မှု မည်မျှပင် လုပ်ထားသည်ဖြစ်စေ၊ အချိန်မရွေး ပေါ်ပေါက်လာနိုင်သော အန္တရာယ်များ ဖြစ်ပါသည်။ သည်လို အန္တရာယ်များဖြစ်ပေါ်လာ သည့်အခါ သဘာ၀ဘေးကြောင့် လူတို့ ထိခိုက်ခံစားကြရသည် သာမက ထိတ်လန့်ပူပင်မှုကြောင့် အသက်ဘေးကလွတ်အောင် ပြေးကြ၊ ရှောင်ကြရာက ထိခိုက်ရမှုတို့ကလည်း များပြားသည်ဟု စာရင်းများအရ သိရပါသည်။
ထို့ပြင် ဘေးအန္တရာယ်များ ပြီးဆုံးသွားပြီးနောက် နောက် ဆက်တွဲကျန်ရစ်သော အကျိုးဆက်များကြောင့်လည်း ထိခိုက် နာကျင်ရမှုများက များပြားလှပါသည်။
ဖွံ့ဖြိုးတိုးတက်ကာ ချမ်းသာကြွယ်၀ကြသော နိုင်ငံများတွင်မူ သည်လို သဘာ၀ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ရာတွင် ကယ်ဆယ် ရေးအဖွဲ့အစည်းများက မည်သို့ကာကွယ်မည်၊ ပြည်သူလူထုက မည်သို့နေထိုင်ရင်ဆိုင်ရမည်ဆိုသည်တို့ကို ပြင်ဆင်ထားကြလေ့ ရှိသည့်အတွက် ဘေးနှင့်ကြုံလျှင်ပင် ထိခိုက်ဆုံးရှုံးမှု သက်သာ အောင် စီမံနိုင်ကြပါသည်။
သဘာ၀ဘေးဒဏ်များကို ရင်ဆိုင်ကြရမည့် အရေးများက ကမ္ဘာသူ၊ ကမ္ဘာသားတို့အတွက် အချိန်မရွေးပေါ်ပေါက်နိုင်သည်ဟု မှတ်ယူရမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာပါကလည်း မည်သို့မည်ပုံ တုံ့ပြန်ရမည်၊ မည်သို့ ကယ်ဆယ်ရေးစနစ်များကို ပြင်ဆင်ထားသင့်သည်၊ နောက်ဆက်တွဲ ပေါ်လာတတ်သည့် အန္တရာယ်များကို မည်သို့မည်ပုံ ရင်ဆိုင်ရမည် အစရှိသော အရေးပေါ်အခြေအနေတွင် ပြဿနာအား ရင်ဆိုင်ပုံ၊ ရင်ဆိုင်နည်း တို့ကို ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြရန် လိုအပ်ပြီဟု တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment