Wednesday, November 13, 2019

ပြည်သူများ လူမှုစီးပွားဘဝတိုးတက်ရေး

အယ်ဒီတာ့အာဘော်
----------------------

ပြည်သူ့အစိုးရ၏ အဓိကရည်မှန်းချက်များတွင် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးဟူသော အချက်လည်းပါသည်။ ပြည်သူဟုဆိုရာ၌ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၊ နိုင်ငံသားများ အားလုံးပါဝင်ပြီး ပြည်သူအားလုံး တစ်ပြေးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်များကို ဦးလည်မသုန်ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အများစုသော ပြည်သူလူထုမှာ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်နေပြည်သူများဖြစ်သည်။ နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ် သည်။ ပြည်သူအများစု၏လူမှုဘဝကို မြှင့်တင်လိုလျှင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို မြင့်မားတိုးတက်လာအောင် မြှင့်တင်ရမည်ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလိုလျှင် စိုက်ပျိုးရေးကဏ္ဍ၏အဓိကလိုအပ်ချက်ဖြစ်သည့် လယ်ယာမြေပိုင်ဆိုင်မှုနှင့် အငြင်းပွားမှုပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့အစိုးရက လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများစိစစ်ရေး ကော်မတီများအပြင် ခရိုင်နှင့် မြို့နယ်ကော်မတီများတွင်လည်း သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီတို့ကိုထပ်မံဖြည့်စွက်တာဝန်ပေးခြင်းဖြင့် ပြည်သူလူထုအကျိုးစီးပွားကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးနေသည်။
နိုင်ငံတော်အဆင့် ဗဟိုကော်မတီဝင်များသည် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကော်မတီများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ တစ်ပတ်တစ်ကြိမ် အစည်းအဝေးများကျင်းပပြုလုပ်ကာ အထောက်အကူ ပေးလျက်ရှိသည်။ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံထားရသူများ၏ နစ်နာမှုကို မူဝါဒ၊ လုပ်ငန်းစဉ် ၅၂ ချက်နှင့်အညီ စိစစ်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ နစ်နာသူကာယကံရှင်(တိုင်ကြားသူ)၏ ဖြစ်စဉ်တင်ပြချက်များ မှန်ကန်မှု ရှိ/မရှိ၊ တင်ပြချက်မှန်ကန်ပါက အကျိုးစီးပွားနစ်နာမှုအတွက် ငွေကြေး သို့မဟုတ် မြေလျော်ကြေးပေးလျော်မှုများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးခြင်း ရှိ/မရှိ တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် ဝန်ကြီးဌာနများနှင့် တပ်မတော်က အသုံးပြုရန်မလိုအပ် သည့်မြေများကို ပြန်လည်စွန့်လွှတ်ပေးလျက်ရှိသည်။ စွန့်လွှတ်သည့် ရည်ရွယ်ချက်မှာ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန်၊ ပိုလျှံ၍စွန့်လွှတ်သည့် မြေများကို နိုင်ငံတော်ပိုင်မြေ (နိုင်ငံတော်အရန်မြေ) အဖြစ်ထားရှိရန်နှင့် ဝန်ကြီးဌာနအချင်းချင်းသို့ လွှဲပြောင်းပေးရန်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ရာ တစ်ချိန်သောကာလက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသော မြေများသည် ယခုအခါ မူလပိုင်ရှင်များနှင့် နိုင်ငံတော်၏လက်ဝယ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်၍ မြေမှန်၊ နေရာမှန်ရောက်ရှိလာပြီဟု ဆိုရမည် ဖြစ်သည်။
သို့သော် လွှဲပြောင်းပေးရမည့်မြေများနှင့်ပတ်သက်၍ အချိန်ကြန့်ကြာ နေမှုများနှင့် အခက်အခဲပြဿနာများလည်း ရှိနေသေးသည်။ ပိုလျှံအပ်နှံသော နိုင်ငံတော်ပိုင်မြေများကို အများပြည်သူအကျိုးရှိအောင် အသုံးပြုရန်နှင့် အသုံးမပြုပါက သေချာစွာစာရင်းရေးသွင်း ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အသိပေးထားသည်။ မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းထားသည့်မြေများတွင် အချို့မှာသက်ဆိုင်ရာဝန်ကြီးဌာန က စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကာယကံရှင်လက်ဝယ်သို့ရောက်ရှိရန် အချိန်ကြန့်ကြာမှုများ၊ ကာယကံရှင်လက်ဝယ်သို့ရောက်ရှိခြင်းမရှိဘဲ အခြား သူများထံသို့ပေးထားခြင်းများနှင့် မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ် အငြင်းပွားနေမှုများကြောင့် အမှုတွဲများပြီးပြတ်မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ နေသေးသည်။
သို့ဖြစ်ရာ နိုင်ငံတော်က အလေးထားဆောင်ရွက်နေသော စွန့်လွှတ် လယ်ယာမြေနှင့် အခြားမြေများအရေးသည် တိုင်းပြည်၏လူအများစုဖြစ်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများနှင့်သက်ဆိုင်နေသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘ၀မြင့်မားတိုးတက်ရေးကို မြှင့်တင်အားပေးဆောင်ရွက်ရာ၌ မြေပိုင်သူများ မြေပိုင်ခွင့်ရရှိရေး၊ နိုင်ငံပိုင်မြေများ နိုင်ငံတော်လက်ဝယ်တွင် ရောက်ရှိရေးအတွက် ပြည်သူ့အစိုးရ၏လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment