Wednesday, November 13, 2019

စာပေပွဲတော်မှသည်...

အယ်ဒီတာအာဘော်
 


 
မြန်မာနိုင်ငံသည် ရာသီဥတု သာသာယာယာရှိမည်ဆိုလျှင် စာပေဟောပြောပွဲများ၊ စာပေပွဲတော်များကို နိုင်ငံအနှံ့မှာ ကျင်းပပြုလုပ်လေ့ရှိသည့် နိုင်ငံဖြစ်သည်။
ဒီမိုကရေစီ မှောင်ကြီးကျသည့် ကာလများတွင်ပင် မရရသည့် နည်းဖြင့် ကျင်းပနိုင်ရန် ကြိုးစားကြသေးသည်။ လူစုလူဝေးနှင့် ပြည်သူတို့ စုစည်းစုရုံးကြ၊ စကားတွေပြောကြ၊ အတွေးတွေ ဖလှယ်ကြ၊ ငြင်းကြခုံကြ အဖြေရှာကြ စသည့် ဒီမိုကရေစီ အခြေခံအလေ့အကျင့်များ လုပ်မည်ကို အစိုးရိမ်ကြီးနေသည့် အစိုးရများက သည်လိုပွဲလမ်းမျိုးကို ပြုလုပ်ခွင့်မပေးခဲ့သည့် အတွက် စာပေဟောပြောပွဲဆိုသည်ပင် မကျင်းပဖြစ်နိုင်ခဲ့ကြ သည်မှာ ကြာမြင့်သွားခဲ့သည်။
ဒီမိုကရေစီ စတင်ပွင့်လင်းလာချိန် လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အတင်းအကျပ်ပိတ်ပင်ဖို့ ခက်လာသည့် အခါကျမှသာ စာပေပွဲတော်များ၊ စာပေဟောပြောပွဲများ နိုင်ငံအနှံ့ ကျင်းပခွင့်ရလာကြလေသည်။
ထုတ်ဖော်ပြောဆိုခွင့်တည်းဟူသည့် ဒီမိုကရေစီ အခြေခံအခွင့် အရေးဆိုင်ရာ လှိုင်းလုံးကြီးက ရေကာတာကျိုးပေါက်သလို အင်နှင့်အားနှင့်၊ အလုံးအရင်းနှင့် စီးကျလာသည့်အခါ မူလက နတ်တော်လ စာဆိုတော်နေ့နှင့် ထိုကာလပတ်ဝန်းကျင်တွင် ပြုလုပ်လေ့ရှိသည့် စာပေဟောပြောပွဲများသည် တစ်နှစ်လုံးလိုလို နိုင်ငံအနှံ့မှာ ထွန်းကားလာခဲ့သည်။
ထို့ပြင် ဧရာ၀တီစာပေပွဲတော်၊ နိုဘယ်မြန်မာစာပေပွဲတော် အစရှိသည့် စာပေပွဲတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ တွင် ပေါ်ထွန်းလာသော ကလေးစာပေပွဲတော် စသည်တို့က အပြိုင်းအရိုင်း ဖြစ်လာလေသည်။
ပြည်သူလူထုကလည်း အားပေးပါဝင်ကြသည်မှာ စာပေ ပွဲတော်ကျင်းပရာနေရာတိုင်းတွင် တိုးမပေါက်အောင်ဖြစ်ပါသည်။ စာပေပွဲတော်များတွင် ဖွင့်လှစ်သည့် စာအုပ်အရောင်းဆိုင်များ သည်ပင် ပုံမှန်ဆိုင်ဖွင့်ရောင်းချသည်ထက် များစွာထိရောက် သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စာဖတ်သူ အရေအတွက်နည်းလာသည်၊ စာအုပ်များရောင်းချရသည့်အရေအတွက်မှာ နည်းပါးလွန်းသည် ဆိုသည့် အဆိုတို့မှာ အသေအချာ စာရင်းကောက်ကြည့်၊ စစ်တမ်း ထုတ်ကြည့်ရန် လိုပေလိမ့်မည်ဟု ထင်မိသည်။ ဖြန့်ချိရေးစနစ်က မြို့အနှံ့ နယ်အနှံ့ မရောက်သည့်အခါ စာပေပွဲတော်များ ကျင်းပခြင်းဖြင့် ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းမျိုးဟု မြင်ပါသည်။ ထိုသို့ ပျံ့နှံ့ရန် အခွင့်အလမ်းပိုလာသည်နှင့်အမျှ စာဖတ်သူဦးရေ ထင်တာထက် များပြားစွာရှိသည်ကို သတိပြုမိနိုင်မည် ဖြစ်ပါသည်။
သည်ကနေ့ ကမ္ဘာကြီးက ပညာခေတ်ဟု အမည်တွင်နေသည် ဖြစ်ရာ ပညာ၏အခြေခံဖြစ်သော စာအုပ်စာပေများ မည်မျှ တိုးတက်သည်၊ မည်မျှဖွံ့ဖြိုးသည် ဆိုခြင်းက အရေးပါပေသည်။ နိုင်ငံကြီးများ၏ စာအုပ်ထွက်ရှိမှု စာရင်းဇယားများက မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းဝင် နိုင်ငံများ အဖို့ မျက်လုံးပြူးလောက်စရာပင် ဖြစ်ချေသည်။ သို့သော်လည်း ယခုလို စာပေပွဲတော်များ ပေါ်ထွန်းလာခြင်းနှင့်အတူ ပြည်သူတို့၏ စိတ်ပါဝင်စားမှုကို တွေ့ရသည့်အခါ မြန်မာနိုင်ငံ၏ အနာဂတ်သည် လင်းလက်လာနေပြီဖြစ်ချေသည်။
ယခုကဲ့သို့ ဒီမိုကရေစီ ပွင့်လင်းလာသည့် မြန်မာနိုင်ငံတွင် ယခုလို စာပေပွဲတော်များ ပေါ်ထွန်းလာခြင်းမှာ တိုင်းပြည်၏ အနာဂတ်အတွက် ရောင်ခြည်သစ်များ၊ အလင်းတန်းများ ပေါ်ထွက်လာဘိသကဲ့သို့ အားရကျေနပ်ခြင်းများ ဖြစ်ရပါသည်။ ခေတ်သစ်တစ်ခု အပြောင်းအလဲ စစ်စစ်မှန်မှန်ဖြစ်ရေးတွင် သည်လို စာပေပွဲတော်မျိုးကို အခြေပြုကာ ပြည်သူတို့၏ အသိပညာတိုးတက်ရေး၊ ဒီမိုကရေစီ အလေ့အကျင့်များ တစ်စတစ်စပိုမိုတိုးပွားလာရေး၊ ထွန်းတောက်လာမည့် လူငယ် များ၊ ကလေးသူငယ်များကို မြှင့်တင်နိုင်မည့် အခွင့်အရေးများ တိုးတက်လာရေး စသည်တို့ကို မျှော်လင့်လာနိုင်ပြီဖြစ်လေသည်။
ရှိသမျှအင်အားဖြင့် နိုင်ငံတကာကို ရင်ပေါင်တန်းရန် အပြေး အလွှား ချီတက်နေရသည့် မြန်မာနိုင်ငံအဖို့ သည်လိုစာပေပွဲတော် များ ထွန်းကားများပြားလာခြင်းဖြင့် အသိဉာဏ်ပညာ ပြည့်၀သော နိုင်ငံသားများ၊ ရင့်ကျက်စိတ်သဘောထားမှန်ကန် သော နိုင်ငံသားများ၊ ရေရှည်ကြည့်တတ်သော အမြော်အမြင်ကြီး သည့် နိုင်ငံသားများ ပေါ်ပေါက်တိုးပွားလာမည်ဟု ယုံကြည် ပါကြောင်း။ ။

No comments:

Post a Comment